ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ရှမ်းပြည်နယ်နှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ပြည်နယ်၊ ခရိုင်၊ မြို့နယ် မြေပြင် ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဝင်များနှင့် သန်းခေါင် စာရင်းကြီးကြပ်မှု ကော်မတီဝင်များအားတွေ့ဆုံ၊ အမျိုးသားရေးတာဝန်အဖြစ်ခံယူကာ လုပ်ငန်းများ အောင်မြင်ရေး အတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရန် တိုက်တွန်းပြောကြား။
နေပြည်တော်၊ နိုဝင်ဘာ ၆။
မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ၊ ဗဟိုသန်းခေါင် စာရင်းကော်မရှင်ဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ရှမ်းပြည်နယ် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် နှင့်အတူ နိုဝင်ဘာလ (၅) ရက်၊ ညနေ (၅) နာရီခွဲက ကျိုင်းတုံမြို့၊ မြို့တော်ခန်းမ၌ ရှမ်းပြည်နယ် အစိုးရအဖွဲ့ အဖွဲ့ဝင်ဝန်ကြီးများ၊ ရှမ်းပြည်နယ်နှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ပြည်နယ်၊ ခရိုင်၊ မြို့နယ် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဝင်များနှင့် သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီဝင် များအား တွေ့ဆုံသည်။
အစီအစဉ်အရ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က အမှာစကားပြောကြားရာတွင် လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပရာတွင် အဓိက ကျသည့် မဲစာရင်းမှန်ကန်စွာပြုစုနိုင်ရေးအတွက် အထောက်အကူဖြစ်စေရန်နှင့် တိကျသည့် လူဦးရေစာရင်းရရှိစေရန် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး အဖွဲ့ (Working Group) များဖြင့် ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလအတွင်းက မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းစာရင်းကောက်ယူခဲ့ပြီး ဖြစ်ပါကြောင်း၊ ကောက်ယူရရှိသည့် စာရင်းအချက်အချက်အလက် များကိုလည်း လဝကမြို့နယ် ဦးစီးမှူးရုံးများအလိုက် Online စနစ်ဖြင့် ရုံးချုပ်ရှိ e-ID Server အတွင်းရှိ အချက်အလက်များဖြင့် တိုက်ဆိုင်ပြင်ဆင် ဖြည့်စွက်အတည်ပြုဖြည့်သွင်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းသို့ ပြင်ဆင်ဖြည့်စွက် အတည်ပြုပြီးစာရင်းများမှ မဲစာရင်းပြုစု နိုင်ရေးအတွက် အထောက်အကူဖြစ်စေရန် အထက်အဆင့်ဆင့်သို့တင်ပြကာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးသို့လည်း ပေးပို့ထားပါကြောင်း၊ ထို့ပြင် ပြီးခဲ့သည့် အောက်တိုဘာလ အတွင်းကလည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြည်လုံးကျွတ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို အောင်မြင်စွာ ကောက်ယူဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ လမ်းပန်းဆက်သွယ်ရေးနှင့် လုံခြုံရေးအခြေအနေအရ ကောက်ယူရန်ကျန်ရှိသည့် နယ်မြေ ဒေသအချို့ကိုလည်း သက်ဆိုင်ရာဒေသအာဏာပိုင်များ၏ စီစဉ်ကြီးကြပ်မှုဖြင့် ဆက်လက် ကောက်ယူဆောင်ရွက်လျက်ရှိပါကြောင်း၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) အနေဖြင့် သတ်မှတ် ကောက်ကွက်များတွင် သန်းခေါင်စာရင်းကောက်ယူ ခြင်းလုပ်ငန်းကို အောင်မြင်စွာဆောင်ရွက်နိုင် ခဲ့ပြီး အထူးဒေသများတွင် ဆက်လက်ဆောင်ရွက်လျက်ရှိသဖြင့် ပါဝင်ဆောင်ရွက်ခဲ့ကြသူများနှင့် ဒေသခံပြည်သူများအား အသိအမှတ်ပြု ဂုဏ်ပြုကြောင်းကို ပြောကြားလိုပါကြောင်း၊ သန်းခေါင် စာရင်းမှရရှိသော လူဦးရေကိန်းဂဏန်း အချက်အလက်များသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး အတွက် စီမံကိန်းများရေးဆွဲချမှတ်ရာတွင် အသုံးပြုဆောင်ရွက်နိုင်မည် ဖြစ်သကဲ့သို့ မဲစာရင်းပြုစု ရာတွင်လည်း အထောက်အကူပြု အသုံးပြုဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ယင်းအချက်အလက် များကို မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရရှိသည့် ကိန်းဂဏန်း အချက်အလက်များနှင့် တိုက်ဆိုင်စိစစ်ကာ တိကျမှန်ကန်သည့်မဲဆန္ဒရှင်စာရင်းကို ပြုစုဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ရာ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရရှိသည့် အချက်အလက်များ စိစစ်ပြင်ဆင် အတည်ပြုခြင်းလုပ်ငန်းစဉ်သည် အရေးကြီးသည့်လုပ်ငန်းစဉ်တစ်ခုဖြစ်ပြီး သတ်မှတ် ကာလအတွင်း တိုက်ဆိုင်စိစစ်ကာ အတည်ပြုစာရင်းပြုစုပေးပို့နိုင်ရေး ကော်မတီအဆင့်ဆင့်က အလေးထား ဆောင်ရွက်ပေးကြရန်လိုကြောင်း၊ ထို့ပြင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ နိုင်ငံသားတိုင်း ကိုင်ဆောင် မဲပေးနိုင်ရေးအတွက် ပန်းခင်းစီမံချက်များဖြင့် နိုင်ငံသားကတ်ပြားထုတ်ပေးခြင်းလုပ်ငန်း ကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်ပေးလျက်ရှိရာ အတည်ပြုမဲစာရင်းတွင် ပါဝင်သူ အားလုံး ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ရရှိကိုင်ဆောင်နိုင်ရေးအတွက် သက်ဆိုင်ရာ ကော်မတီ အဆင့်ဆင့်နှင့် ဆက်စပ်အဖွဲ့အစည်းအားလုံးက အလေးထားကြိုးပမ်း ဆောင်ရွက်ပေးကြစေလို ပါကြောင်း၊ ယင်းစာရင်းများ တိကျမှန်ကန်ရေးအတွက် e-ID စနစ်ဖြင့် Unique ID နံပါတ်ထုတ် ပေးခြင်းလုပ်ငန်းကိုလည်း ပြည်သူများ လာရောက်ဆောင်ရွက်နိုင်ရေးအတွက်လည်း ဝိုင်းဝန်း တိုက်တွန်းနှိုးဆော်ပေးကြစေလိုပါကြောင်း၊ ယခုလုပ်ငန်းစဉ်အားလုံးသည် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် သတ်မှတ်ကာလများအတွင်း ပြီးစီးအောင်ဆောင်ရွက်ရမည့် လုပ်ငန်းများဖြစ်သည်နှင့်အညီ အမျိုးသားရေးတာဝန်များအဖြစ် ခံယူကာ အားလုံးကဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြစေလိုပါကြောင်းဖြင့် တိုက်တွန်းပြောကြား သည်။
ယင်းနောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ရှမ်းပြည်နယ်အတွင်း မြေပြင် ကွင်းဆင်းစာရင်းကောက်ယူဆောင်ရွက်မှုနှင့် ကောက်ယူရရှိသည့် အချက်အလက်များအား e-ID Server အတွင်း စိစစ်ဖြည့်သွင်းဆောင်ရွက်မှု၊ ပန်းခင်းစီမံချက် ဆောင်ရွက်ပြီးစီးမှုနှင့် ပြည်လုံးကျွတ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူမှုနှင့် ကောက်ယူရန်ကျန်ရှိသည့် ဒေသ များ၌ ဆက်လက်ကောက်ယူဆောင်ရွက်နေမှု၊ မဲစာရင်းပြုစု နိုင်ရေးအတွက် အတည်ပြုမူကြမ်းများ ပြုစုပေးပို့မှုနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းအခြေအနေများကို ရှင်းလင်းပြောကြားပြီး တွေ့ဆုံပွဲကို ရုတ်သိမ်းလိုက်ပြီးနောက် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည် တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။ (-)
Sorry, the comment form is closed at this time.