နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ၂၀၂၂ ခုနှစ်၊ ကမ္ဘာ့လူဦးရေနေ့အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်အမှာစကား ပြောကြား၊ မျိုးဆက်ပွားကျန်းမာရေးကို မည်သူမဆို ရယူအသုံးပြုစေနိုင်မှသာ မြန်မာနိုင်ငံ၏ အနာဂတ်ကို ကာကွယ်စောင့်ရှောက်ရာရောက်မည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ၂၀၂၂ ခုနှစ်၊ ကမ္ဘာ့လူဦးရေနေ့အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား၊ မျိုးဆက်ပွားကျန်းမာရေးကိုမည်သူမဆို ရယူအသုံးပြုစေနိုင်မှသာ မြန်မာနိုင်ငံ၏ အနာဂတ်ကို ကာကွယ်စောင့်ရှောက်ရာရောက်မည်။

နေပြည်တော်၊ ဇူလိုင် ၁၁။

          ၂၀၂၂ ခုနှစ်၊ ကမ္ဘာ့လူဦးရေနေ့အထိမ်းအမှတ်အခမ်းအနားကို ဇူလိုင်လ (၁၁) ရက်၊ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ကျင်းပရာ ဗဟိုသန်းခေါင် စာရင်းကော်မရှင်နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။

အခမ်းအနားသို့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ အခမ်းအနားကျင်းပရေးဗဟိုကော်မတီဝင်များ၊ ဆပ်ကော်မတီဝင်များ၊ NGO များ၊ သံတမန်များနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

ဦးစွာ ဗဟိုသန်းခေါင် စာရင်းကော်မရှင်နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် ကမ္ဘာ့လူဦးရေ သန်း ၅၀၀၀ ပြည့်ခဲ့သည့် ၁၉၈၇ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်ကို ကမ္ဘာ့လူဦးရေနေ့အဖြစ် ကုလသမဂ္ဂက သတ်မှတ် ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ကြောင်း၊ ကမ္ဘာ့နိုင်ငံအသီးသီးတွင် အရေးတကြီးဖြေရှင်းရမည့် လူဦးရေ ဆိုင်ရာပြဿနာများနှင့် လူသားအားလုံး ဘက်စုံဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အစီအစဉ်များကို အာရုံစိုက်မိလာစေရန် ရည်ရွယ်၍ ကမ္ဘာ့လူဦးရေနေ့ အထိမ်းအမှတ်အခမ်းအနားများကို နှစ်စဉ် ကျင်းပခဲ့ကြခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ ဖြစ်သည် နှင့်အညီ ကမ္ဘာ့လူဦးရေနေ့ အခမ်းအနားများကို ၁၉၉၀ ပြည့်နှစ်မှ စတင်ကျင်းပခဲ့ခြင်းဖြစ်၍ ယခုဆိုလျှင် (၃၃) ကြိမ်မြောက် ကျင်းပခြင်းဖြစ်ကြောင်း၊ ထိုသို့ကျင်းပခြင်းသည် ကုလသမဂ္ဂ အဖွဲ့အစည်း၏ ရည်မှန်းချက်၊ ဦးတည်ချက်နှင့် လုပ်ငန်းစဉ်များအပေါ် မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့မိသားစုဝင် နိုင်ငံတစ်နိုင်ငံပီပီ အလေးထားပါဝင်ဆောင်ရွက်နေမှုကို ပေါ်လွင်စေကြောင်း၊ ကုလသမဂ္ဂအနေဖြင့် နှစ်စဉ်ကမ္ဘာ့လူဦးရေနေ့ဆောင်ပုဒ်များကို ချမှတ်ဆောင်ရွက်ခဲ့ရာ ယခုနှစ် ၂၀၂၂ ခုနှစ်၊ ကမ္ဘာ့လူဦးရေနေ့ဆောင်ပုဒ်မှာ “A world of 8 billion: Towards a resilient future for all-Harnessing opportunities and ensuring rights and choices for all” “လူဦးရေ သန်း ၈၀၀၀ ရှိသောကမ္ဘာမြေ ခံနိုင်ရည်ရှိသော အနာဂတ်ဖြစ်တည်ဖို့ အားလုံးအတွက် အခွင့်အလမ်းများရယူလို့ ရပိုင်ခွင့်နှင့် ရွေးချယ်ပိုင်ခွင့်များ ပံ့ပိုးကြပါစို့” ဟူ၍ဖြစ်ကြောင်း၊ အဆိုပါ ဆောင်ပုဒ်မှ ပေးလိုသည့်အဓိကအချက်မှာ လူဦးရေ သန်း ၈၀၀၀ ခန့်ရှိသော ကမ္ဘာမြေကြီးတွင် တွေ့ကြုံရင်ဆိုင်နေရကြရသည့် လူဦးရေဆိုင်ရာပြဿနာများကို ကြံ့ကြံ့ခိုင်ရင်ဆိုင်ပြီး လိုက်လျောညီထွေ တုံ့ပြန်နိုင်သည့် ခံနိုင်ရည်စွမ်းရှိသော အနာဂတ်ကို ပိုင်ဆိုင်ကြရန်ဖြစ်ကြောင်း၊ ထိုသို့ တုံ့ပြန်နိုင်ရန် ရရှိလာသည့် အခွင့်အလမ်းများကို မိမိရရ ဖမ်းဆုပ်ပြီး အကျိုးရှိရှိ အသုံးချကြ ရမည်ဖြစ်သကဲ့သို့ လူသားအားလုံး၏ ရပိုင်ခွင့်နှင့် ရွေးချယ်ပိုင်ခွင့်များကိုလည်း အလေးထားကြရ မည်ဖြစ်ကြောင်း၊ ကမ္ဘာပေါ်တွင် ကြုံတွေ့နေရသည့် လူဦးရေဆိုင်ရာပြဿနာအချို့ကို မီးမောင်း ထိုးပြလိုကြောင်း၊ ယနေ့ကမ္ဘာပေါ်တွင် လူဦးရေသန်း‌ပေါင်း ၇၉၀၀ ကျော်ရှိရာမှ မကြာမီကာလ တွင် သန်း ၈၀၀၀ ပြည့်တော့မည်ဖြစ်ကြောင်း၊ လူဦးရေသန်း ၈၀၀၀ ပြည့်လာခြင်းသည် ကျန်းမာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာမှုများကြောင့် လူ့သက်တမ်း ပိုမိုရှည်လာခြင်း၊ ကိုယ်ဝန်ဆောင်မိခင် သေဆုံးမှုနှင့် ကလေးသေဆုံးမှုလျော့ကျလာခြင်း စသည့် ကမ္ဘာမြေကြီး အတွက်ရော လူသားများအတွက်ပါ အောင်မြင်မှုတစ်ရပ်ဖြစ်ကြောင်း၊ ကမ္ဘာ့လူဦးရေသည် အရှိန်အဟုန်ဖြင့် တိုးပွားနေ‌သော်လည်း နိုင်ငံတိုင်းတွင် တစ်သမတ်တည်း ညီညီမျှမျှ တိုးပွားနေ ခြင်းမဟုတ်သည်ကို တေွ့ရကြောင်း၊ ကမ္ဘာ့လူဦးရေသည် ၂၀၂၀ ပြည့်နှစ်မှ ၂၀၂၅ အထိ နှစ်စဉ် ပျမ်းမျှ ၁ ရာခိုင်နှုန်းဖြင့် တိုးပွားနေသော်လည်း ဖွံ့ဖြိုးပြီးနိုင်ငံများနှင့် ဖွံ့ဖြိုးမှုနည်းသည့်နိုင်ငံများ တွင် လူဦးရေတိုးပွားနှုန်း တူညီမှုမရှိသည်ကို တွေ့ရကြောင်း၊ တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံ အပါအဝင် အာရှနိုင်ငံအများစုတွင် လူဦးရေတိုးနှုန်း ၁ ရာခိုင်နှုန်းအောက် ရောက်ရှိနေပြီး အာဖရိကနိုင်ငံအများစုတွင် လူဦးရေတိုးနှုန်း ၂ ရာခိုင်နှုန်းမှ အချို့နိုင်ငံများတွင် ၃ ရာခိုင်နှုန်း နှင့်အထက် တိုးပွားနေသေးသည်ကို တွေ့ရကြောင်း၊ လူဦးရေတိုးနှုန်းကွာဟမှုနှင့်အတူ နိုင်ငံများ ၏ ပျမ်းမျှသက်တမ်းနှင့် ကလေးမွေးဖွားနှုန်းများ အလွန်အမင်း ကွာဟနေသည်ကို တွေ့မြင်ကြရ မည်ဖြစ်ကြောင်း၊ သာတူညီမျှမှုမရှိခြင်းနှင့်အတူ စိုးရိမ်စရာ စိန်ခေါ်မှုများ တည်ရှိနေဆဲဖြစ် ကြောင်း၊ လူဦးရေလျင်မြန်စွာတိုးပွားလာခြင်းသည် အမျိုးသမီးများ ကိုယ်ဝန်ဆောင်စဉ်နှင့် ကလေးမွေးဖွားစဉ် တွေ့ကြုံရသည့် ကျန်းမာရေးပြဿနာများရှိနေခြင်း၊ မိသားစုစီမံကိန်း အားနည်းခြင်း၊ သားဆက်ခြားနှင့် မျိုးဆက်ပွားကျန်းမာရေးဝန်ဆောင်မှုများ လိုအပ်နေခြင်း၊ ကျား/မ တန်းတူညီမျှမှုမရှိခြင်းတို့ကို မီးမောင်းထိုးပြနေခြင်းပင်ဖြစ်ကြောင်း၊ ကမ္ဘာပေါ်ရှိ ဆင်းရဲသည့်နိုင်ငံအများစုတွင် နေထိုင်ကြသည့် လူဦးရေသန်းပေါင်းများစွာသည် မျိုးဆက်ပွား ပညာရပ်များကို သိစေခြင်းငှာ သတင်းအချက်အလက်ရရှိမှုနှင့် လိုအပ်သည့်ဝန်ဆောင်မှုများ ရရှိမှု အားနည်းနေကြောင်း ကုလသမဂ္ဂက သုံးသပ်ထားသည်ကို လေ့လာတွေ့ရှိရကြောင်း၊ ထို့ကြောင့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများတွင် ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသည့် ဖွံ့ဖြိုးမှုပန်းတိုင်များ သို့ အရောက်လှမ်းနိုင်ရန် ကမ္ဘာတစ်ဝန်း ရင်ဆိုင်တွေ့ကြုံနေရသည့် စိန်ခေါ်မှုများကို ကိုင်တွယ် ဖြေရှင်းရာတွင် တစ်ဦးတစ်ယောက်ကိုမျှ ချန်လှပ်မထားဘဲ အတူတကွ ပူးပေါင်းအကောင် အထည်ဖော်ဆောင်ရွက်နေကြခြင်းဖြစ်ကြောင်း၊ အဆိုပါပန်းတိုင်းများထဲမှ လူဦးရေနှင့် ဖွံ့ဖြိုး တိုးတက်မှုနှင့် ဆက်နွှယ်နေသည့် ပန်းတိုင်များသို့ အရောက်လှမ်းနိုင်ရန် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ က ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့၌ ကျင်းပခဲ့သည့် ၂၅ နှစ်မြောက် လူဦးရေနှင့်ဖွံ့ဖြိုးမှုဆိုင်ရာ အပြည်ပြည်ဆိုင်ရာညီလာခံမှ အဓိကဆောင်ရွက်ရမည့် ကဏ္ဍများအဖြစ် မျိုးဆက်ပွား ကျန်းမာရေး၊ အမျိုးသမီး၏ စွမ်းဆောင်ရည်မြှင့်တင်ရေးနှင့် ကျား/မ တန်းတူညီမျှမှုရရှိရေးတို့ကို သတ်မှတ်ခဲ့ကြခြင်းဖြစ်ကြောင်း၊ လက်ရှိမြန်မာနိုင်ငံတွင် လူဦးရေ ၅၅ သန်းကျော်ရှိပြီး အမျိုးသမီး ဦးရေသည် အမျိုးသားဦးရေထက် နှစ်သန်းကျော်ပိုများနေသည်ကို တွေ့ရကြောင်း၊ အမျိုးသမီး တစ်ဦးသည် ယေဘုယျအားဖြင့် ကလေး ၂ ယောက်နှုန်းခန့်သာ မွေးဖွားနေခြင်းဖြစ်၍ မြန်မာနိုင်ငံ ၏ ကလေးမွေးနှုန်းသည် မိဘနှစ်ပါးကို ပြန်လည်အစားထိုးသည့် Replacement level fertility သို့ ရောက်ရှိနေပြီဟု ဆိုနိုင်ကြောင်း၊ ယခင် ဆယ်စုနှစ်များက ကလေးမွေးနှုန်းမြင့်မားခဲ့ခြင်း၏ အကျိုးဆက်အဖြစ် လက်ရှိအချိန်တွင် အလုပ်လုပ်နိုင်သည့် လူငယ်လူရွယ်အင်အား များပြားနေ ခြင်းကြောင့် လူဦးရေဆုလာဘ် ရရှိနေပြီဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းများတွင် လူငယ်များ၏အင်အားကို ထိထိမိမိအသုံးချနိုင်ရန် နယ်မြေဒေသအလိုက် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် စီမံကိန်းလုပ်ငန်းများတွင် အလုပ်လုပ်ကိုင်နိုင်သူ လူဦးရေကို ထည့်သွင်းစဉ်းစားရန်နှင့် ၎င်းတို့၏ ပညာအရည်အချင်းနှင့်ကိုက်ညီမည့် အလုပ် အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရန်လိုအပ်ကြောင်း၊ သိရှိနားလည်သည်နှင့်အညီ  နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် စီမံဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့နိုင်ငံအတွက် လူဦးရေ ဆုလာဘ်ရရှိချိန်သည် ၂၀၆၀ ပြည့်နှစ် ဝန်းကျင်အထိသာ ရရှိနိုင်မည်ဟု ခန့်မှန်းထားခြင်းကြောင့် ရေတို/ရေရှည် စီမံကိန်းများတွင် မှန်ကန်သည့်မူဝါဒများ၊ အစီအစဉ်များကို ကြိုတင်မျှော်တွေး စီမံဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ၂၀၆၀ ပြည့်နှစ်နောက်ပိုင်းတွင် သက်ကြီးရွယ်အိုများပြားပြီး လုပ်သားအင်အားရှားပါးသည့်ပြဿနာကို ရင်ဆိုင်ကြရမည့်အခြေအနေ ရှိလာမည်ဖြစ်သည့် အတွက် လူမှုကာကွယ်စောင့်ရှောက်ရေးစနစ် အားကောင်းလာစေရန် ကြိုတင်ပြင်ဆင်ထားကြရ မည်ဖြစ်ကြောင်း၊ နိုင်ငံတော်က စဉ်ဆက်မပြတ် လေ့လာသုံးသပ်ဆောင်ရွက်နေသကဲ့သို့ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မျိုးဆက်ပွားကျန်းမာရေးသည် အမျိုးသမီးများနှင့် သက်ဆိုင်ခြင်းမဟုတ်ဘဲ အမျိုးသားများ၊ လူငယ်များအားလုံး၏ အခွင့်အရေး၊ ကျန်းမာရေးတို့နှင့်လည်း သက်ဆိုင်နေကြောင်း၊ အလားတူ ရပ်ရွာပြည်သူလူထုတစ်ရပ်လုံးသာမက နိုင်ငံတော်နှင့်လည်း သက်ဆိုင်ပါကြောင်း၊ မျိုးဆက်ပွား ကျန်းမာရေးကို မြန်မာနိုင်ငံတစ်ဝန်း မည်သူမဆို ရယူအသုံးပြုစေနိုင်မှသာ မြန်မာနိုင်ငံ၏ အနာဂတ်ကို ကာကွယ်စောင့်ရှောက်ရာ ရောက်မည်ဖြစ်ကြောင်း၊ အမျိုးသမီးများ မိမိဆန္ဒ အလျောက် မျိုးဆက်ပွားကျန်းမာရေး ဝန်ဆောင်မှုများ အသုံးပြုခွင့်ရရှိနိုင်ခြင်းသည် နိုင်ငံ တစ်နိုင်ငံ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းသို့ ရောက်ရှိစေရန် အကောင်းဆုံး ရင်းနှီးမြှုပ်နှံ မှုတစ်ခုဖြစ်ကြောင်း၊ မိမိနိုင်ငံအတွက် လူဦးရေဆုလာဘ် ရရှိနေချိန်တွင် တိုးပွားလာသည့် လူငယ် လူရွယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရန် မြန်မာနိုင်ငံအတွင်း           ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ပျံ့နှံ့မှု လေျာ့ပါးသက်သာလာချိန်တွင် ပြန်လည်ကုစားရေးအစီအစဉ် များကို ဆောင်ရွက်ပြီး ရရှိလာသည့် အခွင့်အရေးကို မိမိရရဆုပ်ကိုင်နိုင်အောင် ကြိုးပမ်းကြရန် တိုက်တွန်းလိုကြောင်း၊ တစ်ဦးတစ်ယောက်ချင်းစီ၏ ရပိုင်ခွင့်နှင့် ရွေးချယ်ပိုင်ခွင့်များကို မထိပါး စေဘဲ ထိရောက်မှန်ကန်သည့် မူဝါဒများနှင့်အစီအစဉ်များကို ချမှတ်ဆောင်ရွက်ကြရမည်ဖြစ် ကြောင်း၊ ကမ္ဘာ့နိုင်ငံများတွင် လက်ရှိကြုံတွေ့နေရသည့် အခက်အခဲများကို လွတ်မြောက်အောင် နည်းလမ်းရှာဖွေရင်း အခွင့်အလမ်းများအဖြစ် ပြောင်းယူနိုင်ခဲ့သည်ကို တွေ့မြင်ကြရမည် ဖြစ်သကဲ့သို့ မြန်မာနိုင်ငံ၌လည်း လက်ရှိကြုံတွေ့နေရသည့် အခက်အခဲ အကျပ်အတည်း စိန်ခေါ်မှုများကို ကြံ့ကြံ့ခိုင်ရင်ဆိုင်ရင်း အခွင့်အလမ်းများအဖြစ် ပြောင်းလဲရယူပြီး စစ်မှန်၍ စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီဖြစ်ပေါ်လာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုဖြစ်ပေါ်လာစေရေး စသည့် ကောင်းမွန်သည့်အနာဂတ် တည်ဆောက် နိုင်ရန် ဦးတည်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်းပြောကြားသည်။

ထို့နောက် လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက မြန်မာနိုင်ငံ၌ လူဦးရေဆုလာဘ် ရရှိနေမှုနှင့် မူဝါဒဆိုင်ရာ သုံးသပ်ချက်များကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ၂၀၂၂ ခုနှစ်၊ ကမ္ဘာ့လူဦးရေနေ့နှင့် သက်ဆိုင်သည့် Animation Video Clip ကို ပြသသည်။

ထို့နောက် ဗဟိုသန်းခေါင်စာရင်းကော်မရှင်နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်သည် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ ၂၀၂၂ခုနှစ် ၊ ကမ္ဘာ့လူဦးရေနေ့အထိမ်းအမှတ် ပြခန်းငယ်များကို လှည့်လည်ကြည့်ရှုခဲ့ကြကြာင်း သတင်းရရှိသည်။ (-)

Sorry, the comment form is closed at this time.