ပြည်ထောင်စုဝန်ကြီးဉီးခင်ရီ၊ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးရေး လုပ်ငန်းနှင့် ချိပ်ဆက်၍ e-ID စနစ် အကောင်အထည်ဖေါ်ရေးဆွေးနွေး၊ ပြည်သူများ ကျယ်ကျယ် ပြန့်ပြန့် သိရှိစေရေး မီဒီယာဆိုင်ရာ ဘက်ပေါင်းစုံ အသုံးပြု ဆောင်ရွက်ရန် မှာကြား။

ပြည်ထောင်စုဝန်ကြီးဉီးခင်ရီ၊ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးရေး လုပ်ငန်းနှင့် ချိပ်ဆက်၍ e-ID စနစ် အကောင်အထည်ဖေါ်ရေးဆွေးနွေး၊ ပြည်သူများ ကျယ်ကျယ် ပြန့်ပြန့် သိရှိစေရေး မီဒီယာဆိုင်ရာ ဘက်ပေါင်းစုံ အသုံးပြု ဆောင်ရွက်ရန် မှာကြား။

နေပြည်တော်၊ ဩဂုတ် ၁၄။

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ အကောင်အထည်ဖေါ်ဆောင်ရွက် လျှက်ရှိသည့် ပန်းခင်းစီးမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်းနှင့် ချိပ်ဆက်ဆောင်ရွက်နိုင်မည့် အီလက်ထရောနစ်စနစ်ဖြင့် လူဦးရေ မှတ်ပုံတင်ခြင်းစနစ် (e-IDစနစ်)လုပ်ငန်းဆိုင်ရာ ရှင်းလင်းဆွေးနွေးခြင်းကို ဩဂုတ်လ ၁၃ရက်၊ မွန်းလွဲ (၂)နာရီက နေပြည်တော်ရှှိ အဆိုပါ ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ အမြဲတမ်းအတွင်းဝန် ဦးအောင်ကျော်စိုးနှင့် ညွှန်ကြားရေးမှူးချုပ် များ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ အမျိုးသားမှတ်ပုံတင်နှင့်နိုင်ငံသားဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်မှုံရွှေရည်က အီလက်ထရောနစ်စနစ်ဖြင့် လူဦးရေမှတ်ပုံတင်စနစ် (e-IDစနစ်) သိကောင်းစရာများ၊ ကမ္ဘာ့နိုင်ငံ တစ်ချို့၌ ကျင့်သုံးနေသည့် e-IDစနစ်များ၊ e-IDစနစ်နှင့် ပတ်သက်၍ လေ့လာစမ်းစစ်တွေ့ရှိချက် များနှင့် လုပ်ငန်းဆိုင်ရာလိုအပ်ချက်များကို ရှင်းလင်းတင်ပြပြီး ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများ က အသီးသီးဖြည့်စွက်ရှင်းလင်းတင်ပြကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက e-IDလုပ်ငန်းစနစ်အားစနစ်တကျလေ့လာသုံးသပ်ကာ မိမိတို့ဌာနက ဆောင်ရွက်နေသည့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်းနှင့် ချိပ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် စဉ်းစား လေ့လာ သုံးသပ်ဆောင်ရွက်ကြမည်ဖြစ်ကြောင်း၊ e-ID လုပ်ငန်းစနစ်သည် e-Governmentစနစ်၏ အခြေခံအကျဆုံး လုပ်ငန်းဖြစ်ပြီး၊ နောက်ပိုင်းတွင် အခြားသော ဝန်ဆောင်မှုစနစ်များနှင့် ချိပ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် ကြိုတင်မျှော်တွေး ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ မိမိတို့ဌာနလုပ်ငန်းများသည် နိုင်ငံတော် လုံခြုံရေးနှင့် အမျိုးသားအကျိုးစီးပွားတို့နှင့် ဆက်စပ် သက်ဆိုင်နေသည့်အတွက် အားလုံးက အလေးထား ဂရုပြုဆောင်ရွက်ကြရန်နှင့် e-IDစနစ် လုပ်ငန်းစဉ်အကောင်အထည်ဖေါ်နိုင်ရေး အတွက် အသေးစိတ် ပြန်လည်ဆွေးနွေးဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်းဖြင့် မှာကြားသည်။

ယနေ့ ဩဂုတ်လ ၁၄ရက် နံနက်ပိုင်းတွင် အဆိုပါ ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ပင် ပန်းခင်းစီမံချက်အောင်မြင်စွာ အကောင်အထည်ဖေါ်ဆောင်ရွက်ရာတွင် ပြည်သူများ ကျယ်ကျယ် ပြန့်ပြန့် သိရှိနားလည်ကာ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် မီဒီယာကဏ္ဍ ဖေါ်ဆောင်ရေး ညှိနှိုင်း အစည်းအဝေးကို ကျင်းပရာ ရှေးဦးစွာ အမျိုးသားမှတ်ပုံတင်နှင့်နိုင်ငံသားဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးရဲထွန်းဦးက ပန်းခင်းစီမံချက်ဆောင်ရွက်ရာ၌ ပြည်သူလူထု အသိပေးခြင်း လုပ်ငန်းတွင် နိုင်ငံပိုင် ရုပ်မြင်သံကြား၊ ရေဒီယို၊ သတင်းစာ၊ ဂျာနယ်များအပြင် လူမှုကွန်ယက်များဖြင့် ဖေါ်ပြ ဆောင်ရွက်မည့်အစီအစဉ်၊ နိုင်ငံသားစိစစ်ရေးကတ်ပြား၏ အသုံး ဝင်ပုံနှင့် အကျိုးကျေးဇူးဆိုင်ရာ သိကောင်းစရာများကို ဆွေးနွေးခန်းများ၊ အမေးအဖြေကဏ္ဍများ ဖြင့် ဆောင်ရွက်သွားမည့် အခြေအနေ၊ ကြော်ငြာများ၊ လက်ကမ်းစာစောင်များ စီစဉ်ဆောင်ရွက် သွားမည့်အစီအစဉ်တို့ကိုရှင်းလင်းတင်ပြပြီးတာဝန်ရှိသူများကဖြည့်စွက်ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ပန်းခင်းစီမံချက်သည် နိုင်ငံသားများ၏ လူမှုဘဝ ပြည့်စုံနိုင်ရေးအတွက် မရှိမဖြစ် လိုအပ်သည့် နိုင်ငံသား အထောက်အထား တစ်ခုဖြစ်မှု၊ ယင်းလုပ်ငန်းစဉ်သည် ပြည်သူ့အကျိုးအတွက် ဆောင်ရွက်ပေးရသည့် လုပ်ငန်းဖြစ်သည်နှင့်အညီ ပြည်သူများသိရှိနားလည်ပြီး လိုက်ပါပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် နည်းလမ်းများ ရှာကြံ တွေးတော ဆောင်ရွက်နိုင်ရေး အခြေအနေများ၊ မီဒီယာကဏ္ဍတွင် Online၊ Offlineတို့ဖြင့် ဘက်ပေါင်းစုံ အသုံးပြု ဆောင်ရွက်သွားရေးနှင့် လူမှုကွန်ယက်တို့မှ ထပ်ဆင့် ဖေါ်ပြအသိပေးနိုင် ရေး အခြေအနေများ၊ တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှ ဒေသအာဏာပိုင်များ၊ တိုင်းရင်းသား အဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများသို့ ဆက်သွယ်၍ လုပ်ငန်းအခြေအနေများကို အသိပေး ရှင်းလင်း တင်ပြ ချပြနိုင်ရေးအခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းမှာကြားခဲ့ကြောင်း သတင်း ရရှိသည်။ ( – )

Sorry, the comment form is closed at this time.