ပြည်ထောင်စုဝန်ကြီးဉီးခင်ရီ၊ လူဦးရေ ကိန်းဂဏန်းအချက်အလက်များက ညွှန်းဆိုပြနေသည့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လူဦးရေမူဝါဒ (Population Policy) ရေးဆွဲချမှတ် နိုင်ရေး ညှိနှိုင်းဆွေးနွေး။

ပြည်ထောင်စုဝန်ကြီးဉီးခင်ရီ၊ လူဦးရေ ကိန်းဂဏန်းအချက်အလက်များက ညွှန်းဆိုပြနေသည့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လူဦးရေမူဝါဒ (Population Policy) ရေးဆွဲချမှတ် နိုင်ရေး ညှိနှိုင်းဆွေးနွေး။

နေပြည်တော်၊ ဩဂုတ် ၁၅။

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဆောင်ရွက်ခဲ့သည့် ၂၀၁၄ခုနှစ်၊ ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းနှင့် ၂၀၁၉ခုနှစ်၊ ကြားဖြတ် လူဦးရေသန်းခေါင်စာရင်းတို့၏ ရလဒ်များပေါ်အခြေခံ၍ နိုင်ငံတော်အတွက် ချမှတ်ဆောင်ရွက်နိုင် မည့် လူဦးရေမူဝါဒ(Population Policy)ဆိုင်ရာ လုပ်ငန်းရှင်းလင်းဆွေးနွေးခြင်းကို ဩဂုတ်လ (၁၄)ရက် မွန်းလွဲ(၂)နာရီက နေပြည်တော်ရှိ အဆိုပါ ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ အမြဲတမ်းအတွင်းဝန်ဦးအောင်ကျော်စိုးနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်သူ့အင်အားဦးစီးဌာနမှညွှန်ကြားရေးမှူး ဒေါက်တာခိုင်ခိုင်စိုးက မြန်မာနိုင်ငံ အတွင်း လူဦးရေသန်းခေါင်စာရင်းကောက်ယူခဲ့မှုနှင့် ၂၀၁၄ခုနှစ်၊ ပြည်လုံးကျွတ်လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းနှင့် ၂၀၁၉ခုနှစ်၊ ကြားဖြတ် လူဦးရေသန်းခေါင်စာရင်း ကောက်ယူခဲ့မှု အခြေအနေများ၊ ၂၀၁၄ခုနှစ်နှင့် ၂၀၁၉ခုနှစ်တို့တွင် ကောက်ယူခဲ့သည့် စာရင်း ရလဒ်များ ထုတ်ပြန်ဆောင်ရွက်ခဲ့မှု၊ ယင်းရလဒ်များအား နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေသည့် ဌာန၊အဖွဲ့အစည်းများမှ ရယူအသုံးပြုဆောင်ရွက်နေမှု၊ ကမ္ဘာ့နိုင်ငံအသီးသီး၌ သန်းခေါင်စာရင်း ရလဒ်များပေါ်အခြေခံ၍ လူဦးရေမူဝါဒများ ရေးဆွဲချမှတ်နေမှုနှင့် မိမိတို့ နိုင်ငံ တွင်လည်း လူဦးရေမူဝါဒ ရေးဆွဲ ချမှတ်ဆောင်ရွက်ရန် လိုအပ်မှုအခြေအနေများကို ရှင်းလင်း တင်ပြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက မိမိတို့ဌာနမှဆောင်ရွက်နေသည့် လူဦးရေ သန်းခေါင်စာရင်းရလဒ်များသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေး ဆိုင်ရာကိစ္စရပ်များအတွက် အခြေခံ တွက်ချက်အသုံးပြုရသည့် ကိန်းဂဏန်း အချက်အလက်များ ဖြစ်ပါကြောင်း၊ ကောက်ယူရရှိသည့် ကိန်းဂဏန်း အချက် အလက်များပေါ် အခြေခံကာ နိုင်ငံ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံချက်များ ရေးဆွဲကြရကြောင်း၊ ယင်းရလဒ်များနှင့် ဆက်စပ်၍ နိုင်ငံတကာ၌ လူဦးရေမူဝါဒများ ရေးဆွဲချမှတ်ဆောင်ရွက်လျက်ရှိရာ မိမိတို့နိုင်ငံတွင်လည်း နိုင်ငံနှင့်ကိုက်ညီသင့်တော်မည့် လူဦးရေမူဝါဒကို မဖြစ်မနေ ရေးဆွဲဆောင်ရွက်ကြရ မည်ဖြစ် ပါကြောင်း၊ ယင်းကဲ့သို့ လူဦးရေဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များက ညွှန်းဆိုပြနေသည့် လူမှု စီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လူဦးရေမူဝါဒ(Population Policy)ရေးဆွဲချမှတ်ရာတွင် ထည့်သွင်းစဉ်း စားရမည့်အချက်အလက်များ၊ တွေ့ကြုံလာနိုင်သည့် ပြဿနာအခက်အခဲများကို သေချာစွာလေ့လာသုံးသပ် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်းဖြင့် ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်း ရရှိသည်။ ( – )

Sorry, the comment form is closed at this time.