ပြည်ထောင်စုဝန်ကြီးဦးခင်ရီ၊ မန္တလေးတိုင်းဒေသကြီး ပန်းခင်းစီမံချက် တိုင်းလုံးကျွတ် လျာထားချက် ရာနှုန်းပြည့်ပြီးမြောက်အောင်မြင်ပွဲ တက်ရောက်၊ ဝိုင်းဝန်းကူညီဆောင်ရွက်ပေး ကြသည့် အဖွဲ့အစည်းအားလုံးအား ကျေးဇူးတင်စကားပြောကြား။

ပြည်ထောင်စုဝန်ကြီးဦးခင်ရီ၊ မန္တလေးတိုင်းဒေသကြီး ပန်းခင်းစီမံချက် တိုင်းလုံးကျွတ် လျာထားချက် ရာနှုန်းပြည့်ပြီးမြောက်အောင်မြင်ပွဲ တက်ရောက်၊

ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြသည့် အဖွဲ့အစည်းအားလုံးအား ကျေးဇူးတင်စကားပြောကြား။

နေပြည်တော်၊ မတ် ၁၂။

          လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး ပန်းခင်းစီမံချက် တိုင်းလုံးကျွတ်လျာထားချက် ရာနှုန်းပြည့်ပြီးမြောက်အောင်မြင်ပွဲကို မတ်လ(၁၂) ရက်၊ ယနေ့နံနက်(၁၀)နာရီတွင် မဟာအောင်မြေမြို့နယ်ရှိ ရတနာပုံခန်းမ၌ကျင်းပရာ အခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကို၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အဖွဲ့ဝင်ဝန်ကြီးများ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်ကျော်စိုး၊ အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထိန်ဝင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြား ထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

          အစီအစဉ်အရ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက အမှာစကားပြောကြားရာတွင် နိုင်ငံတော်၏အနာဂတ်အတွက် မဖြစ်မနေ ဆောင်ရွက်ရမည့် ပန်းခင်းစီမံချက်သည် သတ်မှတ်အချိန်ကာလနှင့် ပြီးစီးရမည့်အရေအတွက် ကန့်သတ်ချက်များအတွင်း ပြီးမြောက် အောင် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ယင်းစီမံချက်ကို မိမိတို့ဝန်ကြီး ဌာနမှ တာဝန်ယူ၍ ဆက်စပ်အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား (၃ ဒဿမ ၄) သန်းကျော်ကို ၂၀၂၁ ခုနှစ်၊ မေလ ၃ ရက်မှ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်အထိ (၁၈) လတာကာလအတွင်းထုတ်ပေးနိုင်ရေး လျာထား ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါ ကြောင်း၊  ယင်းသို့ဆောင်ရွက်ရာတွင် တိုင်းဒေသကြီး/ပြည်နယ်တစ်ချို့၌ ကိုဗစ်-၁၉ ရောဂါ အခြေအနေနှင့် လုံခြုံရေးအခြေအနေတို့ကြောင့် လျာထားချက် ပြည့်မီပြီးစီးမှု မရှိသော်လည်း အခက်အခဲများကြားမှ ရခိုင်သမျှနည်းလမ်းများရှာကြံ၍ သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်ရမည့် လုပ်ငန်းတစ်ခုဖြစ်ပါကြောင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားသည် နိုင်ငံသား တစ်ဦးအတွက် နိုင်ငံသားအခွင့်အရေး အပြည့်အဝရရှိနိုင်ပြီး လူမှုဘဝဆောင်ရွက်မှုတိုင်းတွင် မရှိမဖြစ်အရေးပါသည့် ကတ်ပြားတစ်ခုဖြစ်ပါကြောင်း၊မိမိတို့နိုင်ငံ၏ နိုင်ငံသားဖြစ်မှုသည် သွေးချင်းဆက်စပ်မှုအပေါ် အခြေခံသတ်မှတ်ခြင်းဖြစ်ပြီး နိုင်ငံသားအားလုံး ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးနိုင်ရေးအတွင် ဥပဒေနှင့်အညီ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက် ထုတ်ပေးခြင်းဖြစ်ပါကြောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြား (၃၈၀၀၁၆) ကတ်ထုတ်ပေးရန် လျာထားဆောင်ရွက်ခဲ့ရာ ယခုအထိ (၃၈၉၇၂၃) ကတ် ပြီးစီးနေပြီဖြစ်ပြီး ရာခိုင်နှုန်းအားဖြင့် (၁၀၂ ဒဿမ ၅၅) ရာခိုင်နှုန်းပြီးစီးပြီဖြစ်သဖြင့် တိုင်းဒေသကြီး/ပြည်နယ်များအနက် တိုင်းလုံးကျွတ် လျာထားချက် ရာနှုန်းပြည့် ပြီးမြောက် ကျော်လွန်အောင် ဆောင်ရွက်နိုင်သည့် စတုတ္ထမြောက်တိုင်းဒေသကြီး ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ပန်းခင်းစီမံချက် အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ခြင်းအတွက် မိမိတို့ဌာန ဝန်ထမ်းများနှင့်  သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများ၊ ဆက်စပ်ဌာနများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများအားလုံးကို အထူးကျေးဇူးတင် ဂုဏ်ပြုမှတ်တမ်းတင်ပါကြောင်း၊ ယင်းလုပ်ငန်းစဉ်သည် ပြီးဆုံးသွားသည့် လုပ်ငန်းမဟုတ်သဖြင့် စဉ်ဆက်မပြတ်ဆောင်ရွက် နေရမည့်လုပ်ငန်းဖြစ်ပြီး ယခုဆောင်ရွက်မှုများအတွက် စာရင်းဇယား အထောက်အထား၊ မှတ်တမ်းမှတ်ရာများ ဖြည့်သွင်းဆောင်ရွက်ခြင်း၊ ကောက်သင်းကောက် လုပ်ငန်းများအဖြစ် ဆက်လက်ဆောင်ရွက်ခြင်းဖြင့် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်းဖြင့် အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။

          ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကိုက မန္တလေးတိုင်းဒေသကြီး အတွင်း ပန်းခင်းစီမံချက် အောင်မြင်ရေးအတွက် ဌာနဆိုင်ရာများနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုနှင့် လိုအပ်သည်များ ပံ့ပိုးဖြည့်ဆည်းဆောင်ရွက်ပေးမှုအခြေအနေများကို ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီးဦးစီးမှူး၊ ညွှန်ကြားရေးမှူး ဦးယဉ်ထွေးက စီမံချက် တိုင်းလုံးကျွတ်လျာထားချက် ပြည့်မီ ပြီးစီးအောင်မြင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့မှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ် များကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ပန်းခင်းစီမံချက်ကို တိုင်းလုံးကျွတ်လျာထားချက် ရာနှုန်းပြည့်ပြီးမြောက်အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ပေးကြသည့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများအား ဂုဏ်ပြုမှတ်တမ်းလွှာများကို အသီးသီးပေးအပ်ပြီးနောက်  ပန်းခင်းစီမံချက် တွင် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သည့် မန္တလေးတိုင်းဒေသကြီးမှ ဝန်ထမ်းများအား တစ်ဆင့်မြင့် ရာထူးတိုးမြှင့်ပေးကာ ရာထူးအဆင့်များကို အသီးသီးတပ်ဆင်ပေးသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်တာဝန်ရှိသူများက ပန်းခင်းစီမံချက် အောင်မြင်ရေးအတွက် ပံ့ပိုးကူညီဆောင်ရွက်ပေးကြသည့် တိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာ များ၊ ခရိုင်နှင့်မြို့နယ်များမှ အုပ်ချုပ်ရေးမှူးများနှင့် ဦးစီးမှူးများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ကို အသီးသီးပေးအပ်ကြသည်။

ယင်းနောက် ပန်းခင်းစီမံချက် တိုင်းလုံးကျွတ်အောင်မြင်ခြင်းအထိမ်းအမှတ် အမှတ်တရ လက်ဆောင်များကို တိုင်းဒေသကြီးဦးစီးမှူးက ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများအား လိုက်လံပေးအပ်ပြီးနောက် ခရိုင်နှင့်မြို့နယ်များ၏ ပန်းခင်းစီမံချက် လှုပ်ရှားဆောင်ရွက်မှု Video Clip နှင့် “နိုင်ငံသားကတ်ကိုင်ကြစို့” တေးသရုပ်ဖော်အကတို့ဖြင့် ဖျော်ဖြေတင်ဆက်ပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်ပြီးနောက် ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ ခန်းမအတွင်း ခင်းကျင်းပြသထားသည့် မြို့နယ်အသီးသီး၏ ပန်းခင်းစီမံချက်ဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံ များ၊ လျာထားချက်ပြီးစီးမှု အထောက်အထား မှတ်တမ်းစာရွက်စာတမ်းများနှင့် e-ID ရှေ့ပြေး ဆောင်ရွက်မှု အခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးကြသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း မန္တလေး၊ ပြင်ဦးလွင်၊ ကျောက်ဆည်၊ မြင်းခြံ၊ ညောင်ဦး၊ မိတ္ထီလာနှင့် ရမည်းသင်းစသည့် ခရိုင်(၇) ခု၊ မြို့နယ် (၂၈) မြို့နယ်၊ ရပ်ကွက် ( ၂၈၂ ) ခု ၊ ကျေးရွာအုပ်စု ( ၁၄၁၄ ) အုပ်စု ၊ ကျေးရွာပေါင်း ( ၄၇၉၂ ) ရွာရှိပြီး ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား (၃၈၀၀၁၆) ကတ်ထုတ်ပေးရန် လျာထားဆောင်ရွက်ခဲ့ရာ ယခု (၃၈၉၇၂၃) ကတ်၊ ရာခိုင်နှုန်းအားဖြင့် (၁၀၂ ဒဿမ ၅၅) ရာခိုင်နှုန်း ဆောင်ရွက်ထုတ်ပေးနိုင်ခဲ့ သည့်အတွက် တိုင်းလုံးကျွတ် လျာထားချက်ရာခိုင်နှုန်း ပြည့်မီကျော်လွန်ပြီးမြောက်ခဲ့ခြင်း ဖြစ် သည်။

အခမ်းအပြီးတွင် တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများအား အမျိုးသား မှတ်ပုံတင်ရေးနှင့်နိုင်ငံသားဉီးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဉီးရဲထွန်းဉီးက e-ID စနစ် အကြောင်း သိကောင်းစရာများနှင့်ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းတင်ပြပြီး ပြည်ေထာင်စုဝန်ကြီးက e-ID စနစ်လုပ်ငန်းသည် e-Government စနစ်၏ အခြေခံအုတ်မြစ်ဖြစ်ပြီး နိုင်ငံတော်အတွက် မဖြစ်မနေအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ရှင်းလင်းဆွေးနွေးပြောကြားသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးခင်ရီသည် အဆိုပါရတနာပုံခန်းမ၌ပင် မန္တလေး တိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ်ဦးစီးမှူးရုံးများမှ ဝန်ထမ်းများအား တွေ့ဆုံရာ ရှေဦးစွာ ဦးစီးဌာနများမှညွှန်ကြားရေးမှူးချုပ်များက ဦးစီးဌာနအလိုက် လုပ်ငန်းများ အကောင် အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များ ကို အသီးသီးရှင်းလင်းပြောကြားကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရသည် နိုင်ငံတော်တာဝန်များကို ရှေ့လုပ်ငန်းစဉ်  (၅)ရပ် ချမှတ််ဆောင်ရွက်နေမှု၊ ယင်းရှေ့လုပ်ငန်းစဉ် (၅) ရပ်အနက် နောက်ဆုံး လုပ်ငန်းစဉ်ဆောင်ရွက်နိုင်ရေးအတွက် မိမိတို့ဌာနက ဆောင်ရွက်နေသည့် ပန်းခင်းစီမံချက်၏ အရေးပါမှု၊ နိုင်ငံတော်စီမံချက်ဖြစ်သည့် ပန်းခင်းစီမံချက်ကို မန္တလေးတိုင်းဒေသကြီးမှ သတ်မှတ် ကာလအတွင်း တိုင်းလုံးကျွတ်လျာထားချက် ရာနှုန်းပြည့်ပြီးစီးအောင် ကြိုးပမ်းဆောင်ရွက်ခဲ့မှု အပေါ် ဝန်ထမ်းအားလုံးအား အသိအမှတ်ပြုဂုဏ်ပြုမှု၊ ယင်းလုပ်ငန်းစဉ်အား စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်နိုင်ရေးနှင့် ဌာန၏လုပ်ငန်းများဖြစ်သည့် နိုင်ငံခြားသားထိန်းသိမ်းရေးဆိုင်ရာ စီမံခန့်ခွဲမှုစနစ်၊ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းနှင့် e-ID စနစ် လုပ်ငန်းများ အကောင်အထည်ဖော်ရေးအတွက် ဆက်လက်ကြိုးပမ်း ဆောင်ရွက်နိုင်ရေး အခြေအနေများ၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ဥပဒေနှင့်အညီဖြစ်စေရေး နှင့် စနစ်တကျဆောင်ရွက်နိုင်ရေးတို့အတွက် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ ကျွမ်းကျင်ပိုင်နိုင်ကြ ရေး၊ ဝန်ထမ်းအားလုံး တာဝန်သိသိ၊ သစ္စာရှိရှိဖြင့် အချင်းချင်း စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ဖြင့် ပေးအပ်သောတာဝန်များကို ကျေပွန်စွာထမ်းဆောင်နိုင်ရေး အခြေအနေများနှင့်စပ်လျဉ်း၍ အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိသည်။ (-)

 

 

 

Sorry, the comment form is closed at this time.