ပြည်ထောင်စုဝန်ကြီးဦးခင်ရီ ၊ e-ID စနစ်လုပ်ငန်းကော်မတီ၊ ဒုတိယအကြိမ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်၊ နိုင်ငံတော်အတွက် အရေးကြီးသည့် လုပ်ငန်းတစ်ခုဖြစ်ပြီး အလေးထား စဉ်းစားသုံးသပ်ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြား။

ပြည်ထောင်စုဝန်ကြီးဦးခင်ရီ ၊ e-ID  စနစ်လုပ်ငန်းကော်မတီ၊ ဒုတိယအကြိမ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်၊  နိုင်ငံတော်အတွက်အရေးကြီးသည့်         

လုပ်ငန်းတစ်ခုဖြစ်ပြီးအလေးထား စဉ်းစားသုံးသပ်ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြား။

နေပြည်တော်၊ မတ် ၂၂ ။

          မြန်မာနိုင်ငံ၏ e-Government စနစ် အကောင်အထည်ဖော်ရာတွင် အခြေခံအကျဆုံး ဖြစ်သည့် e-ID စနစ် ဆောင်ရွက်နိုင်ရေးအတွက် e-ID စနစ်လုပ်ငန်းကော်မတီ၊ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မတ်လ ၂၂ ရက်၊ နံနက် ၉ နာရီခွဲတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပရာ e-ID စနစ် လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ e-ID စနစ်လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်လူမွန်နှင့် ကော်မတီဝင်များ၊ တာဝန်ရှိသူများတက်ရောက်ကြပြီး ကိုယ်တိုင် မတက်ရောက်နိုင်သည့် ကော်မတီဝင်အချို့မှာ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။

အစီအစဉ်အရ ရှေးဦးစွာ e-ID  စနစ်လုပ်ငန်းကော်မတီဥက္ကဋ္ဌ ၊ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက အမှာစကားပြောကြားရာတွင် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ (၂၆)ရက်က ကျင်းပခဲ့သည့် ပထမအကြိမ် e-ID  စနစ်လုပ်ငန်းကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်များအား နိုင်ငံတော်အကြီးအကဲထံ တင်ပြဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်းနှင့် e-ID  စနစ် အကောင်အထည် ဖော်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားကြရန်ဖြစ်ပါကြောင်း၊ e-ID  စနစ်လုပ်ငန်း သည် ယခင်အစိုးရကာလအတွင်းက ဆောင်ရွက်ရန်ကြိုးပမ်းခဲ့သော်လည်း လုပ်ငန်းများရပ်တန့် နေပြီး ယခုအစိုးရကာလတွင် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ရန် ဆက်လက် ကြိုးပမ်းဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်းစဉ်သည် ကြီးမားကျယ်ပြန့်ပြီး နိုင်ငံတော် အစိုးရမှ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် e-Government စနစ်၏ အခြေခံအုတ်မြစ် ဖြစ်ပါကြောင်း၊ ယခုနိုင်ငံတော်အစိုးရကာလအတွင်း ပြီးစီးနိုင်သမျှသောလုပ်ငန်းများကို            အတတ်နိုင်ဆုံးကြိုးပမ်းကာ ရုပ်လုံးပေါ်အောင် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ e-ID  စနစ် အကောင်အထည်ဖော်ရာတွင် Unit-ID ကောက်ယူခြင်းနှင့် National-ID ဆောင်ရွက်ခြင်းဆိုသည့် အပိုင်း (၂) ပိုင်းဖြင့် ဆောင်ရွက်သွားရန်ဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်းစဉ် စတင်အကောင်အထည် ဖော်နိုင်ရေးအတွက် ကနဦးဆောင်ရွက်ချက်အဖြစ် ပြည်တွင်းမှလုပ်ငန်းအတွေ့အကြုံရှိသည့်ပညာရှင် များပါဝင်သည့် ပြည်တွင်းအကြံပေးအဖွဲ့ကို ဦးစားပေးဖွဲ့စည်းဆောင်ရွက်သွားရန်ဖြစ်ပါကြောင်း၊ ယင်းအဖွဲ့၏ အကြံပြုသုံးသပ်ချက်များအပေါ်မူတည်၍ ပြည်ပပညာရှင်ငှားရမ်းရေး၊ စက်ကိရိယာများဝယ်ယူရေးအတွက် တင်ဒါခေါ်ယူရေး၊ လိုအပ်သောဥပဒေများ ပြင်ဆင်ရေးဆွဲ ထုတ်ပြန်ရေးနှင့်အခြားသောလိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ရေးစသည်တို့ကို ဆက်လက် ဆောင်ရွက်သွားရန်ဖြစ်ပါကြောင်း၊ ယခုကာလအတွင်း Unit-ID ကို စတင်ဆောင်ရွက်ရန် လျာထားရာတွင်လည်း ရန်ကုန်၊ မန္တလေး၊ နေပြည်တော်စသည့် တိုင်းဒေသကြီး(၃)ခုမှ မြို့နယ် (၈၁) မြို့နယ်ကို ဦးစွာဆောင်ရွက်ရန် လျာထားပါကြောင်း၊ Unit-ID ကောက်ယူရာတွင် နိုင်ငံ အတွင်းရှိ အသက် (၁၀)နှစ်နှင့်အထက်ရှိသူအားလုံးကို အီလက်ထရောနစ်စနစ်ဖြင့် ကိုယ်ရေး အချက်အလက် (Biographic Data) (၆) ချက်ကောက်ယူခြင်းနှင့် ဇီဝဆိုင်ရာအချက်အလက် (Biometric Data) (၃) မျိုးကောက်ယူခြင်းတို့ ဆောင်ရွက်သွားရန်ဖြစ်ပါကြောင်း၊ လုပ်ငန်းပြီးစီးမှု အပေါ်မူတည်၍ ယင်းလုပ်ငန်းစဉ်ကို စဉ်ဆက်မပြတ်ဆောင်ရွက်သွားမည်ဖြစ်ပြီး National-ID ခေါ် Smart Card  ထုတ်ပေးရေးလုပ်ငန်းကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ မိမိတို့လုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုအောက်တွင် လုပ်ငန်းအလိုက် အကောင်အထည်ဖော်ရန် ဆပ်ကော်မတီ(၆)ခုကို ဖွဲ့စည်းထားပြီးဖြစ်ပါကြောင်း၊ e-ID  စနစ် လုပ်ငန်းသည် နိုင်ငံတော်အတွက် အရေးကြီးသည့် လုပ်ငန်းတစ်ခုဖြစ်သည်နှင့်အညီ လုပ်ငန်းများ ဆောင်ရွက်ရာတွင် နိုင်ငံတော်လုံခြုံရေးနှင့် အမျိုးသားအကျိုးစီးပွားအတွက် အလေးထား စဉ်းစားသုံးသပ်ဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း၊ ယခုကော်မတီဝင်များအနေဖြင့် လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အဆင်ပြေအောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ပွင့်ပွင့်လင်းလင်း ဆွေးနွေးသုံးသပ်အကြံပြုပေးကြစေလိုပါကြောင်းဖြင့် အကျယ်တဝင့်ရှင်းလင်း ပြောကြားသည်။

ထို့နောက် e-ID စနစ်လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် လူမွန် နှင့် လုပ်ငန်းကော်မတီဝင်များက e-ID စနစ် လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အတွက် ပြည်တွင်းအကြံပေးပညာရှင်အဖွဲ့ ဖွဲ့စည်းနိုင်ရေးနှင့် အဖွဲ့ဝင်များ ထည့်သွင်းဖွဲ့စည်းမှု အခြေအနေ၊ ယင်းအဖွဲ့၏ အကြံပြုသုံးသပ်ချက်များအပေါ် ဆက်လက်အကောင်အထည်ဖော် နိုင်ရေးအခြေအနေ၊ ဆပ်ကော်မတီများဖွဲ့စည်းမှုနှင့် လုပ်ငန်းဆောင်ရွက်မည့်အစီအစဉ်များ၊ နည်းပညာဆိုင်ရာနှင့်ပတ်သက်၍ စဉ်းစားဆောင်ရွက်ရန် လိုအပ်ချက်များနှင့် ပညာရှင်များ လိုအပ်မှု၊ အသုံးပြုမည့် နည်းပညာဆိုင်ရာ စက်ကိရိယာပစ္စည်းများလိုအပ်မှုနှင့် လုပ်ငန်းစဉ် အဆင့်အလိုက် ဘဏ္ဍာရေးစည်းမျဉ်းနှင့်အညီ ဆောင်ရွက်နိုင်ရေး၊ တွေ့ကြုံနိုင်သည့် လုပ်ငန်းဆိုင်ရာ အခက်အခဲများကို အသီးသီးရှင်းလင်းဆွေးနွေးတင်ပြကြပြီး ကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးဌေးလှိုင်က ဆွေးနွေးချက်များအပေါ် ခြုံငုံသုံးသပ်ဖြည့်စွက် ဆွေးနွေးတင်ပြ သည်။

ယင်းနောက် တင်ပြချက်များနှင့်စပ်လျဉ်း၍ လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက လုပ်ငန်းလိုအပ်ချက်များကို ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးပြီး e-ID စနစ်လုပ်ငန်း သည် နိုင်ငံတော်အတွက် မဖြစ်မနေဆောင်ရွက်ရမည့်လုပ်ငန်းတစ်ခုဖြစ်ပြီး ရေရှည်လုပ်ငန်း တစ်ခုဖြစ်သည်နှင့်အညီ ကျယ်ကျယ်ပြန့်ပြန့် သုံးသပ်ဆောင်ရွက်ကြရေး၊ ပြည်တွင်းအကြံပေး ပညာရှင်အဖွဲ့ကို အမြန်ဆုံးဖွဲ့စည်း၍ ရှေ့လုပ်ငန်းစဉ်ကို ထပ်မံဆွေးနွေးရန်နှင့် ဆပ်ကော်မတီ တစ်ခုချင်းပြန်လည်ဖွဲ့စည်း၍ လုပ်ငန်းတာဝန်များ ဖြည့်စွက်ရေးဆွဲဆောင်ရွက်နိုင်ရေး နိဂုံးချုပ် အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။ (-)

Sorry, the comment form is closed at this time.