ပြည်ထောင်စုဝန်ကြီးဦးခင်ရီ ၊ e-ID စနစ် အကောင်အထည်ဖော်ဆောင်ရွက်ရေးနှင့်ပတ်သက်၍ ပြည်တွင်းနည်းပညာအကြံပေးအဖွဲ့ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်၊ e-ID စနစ်လုပ်ငန်းကို ပြီးစီးနိုင်သမျှပြီးစီးအောင် ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြား။

ပြည်ထောင်စုဝန်ကြီးဦးခင်ရီ ၊ e-ID စနစ် အကောင်အထည်ဖော်ဆောင်ရွက်ရေးနှင့်ပတ်သက်၍ ပြည်တွင်းနည်းပညာအကြံပေးအဖွဲ့ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်၊ e-ID စနစ်လုပ်ငန်းကို ပြီးစီးနိုင်သမျှပြီးစီးအောင် ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြား။

နေပြည်တော်၊ မေ ၆ ။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိသည့် e-ID စနစ် အကောင်အထည်ဖော်ဆောင်ရွက်ရေးနှင့်ပတ်သက်၍ ပြည်တွင်း နည်းပညာ အကြံပေးအဖွဲ့ ဒုတိယအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေလ ၆ ရက်၊ ယနေ့နံနက် ၉ နာရီခွဲက နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပရာ အခမ်းအနားသို့  e-ID စနစ်လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ဒုတိယဝန်ကြီး ဒေါက်တာမျိုးသန့်နှင့် ညွှန်ကြားရေးမှူးချုပ်များ ၊ ပြည်တွင်းနည်းပညာဆိုင်ရာအကြံပေးအဖွဲ့ အဖွဲ့ဝင်များဖြစ်ကြသည့် ဝန်ကြီး ဌာနများ၊ သတင်းအချက်အလက်နည်းပညာတက္ကသိုလ်၊ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်၊ မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်တို့မှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများတက်ရောက်ကြ သည်။

အစီအစဉ်အရ ရှေးဦးစွာ e-ID စနစ်လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ က အမှာစကားပြောကြားရာတွင် e-Government စနစ်၏အခြေခံအကျဆုံးဖြစ်သည့် e-ID စနစ် လုပ်ငန်းကို မိမိတို့ဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းစနစ်လုပ်ငန်းသည် လုပ်ငန်းပမာဏ ကြီးမားကျယ်ပြန့်ပြီး ဝန်ကြီးဌာန၊ အဖွဲ့အစည်းအားလုံးမှ ဝိုင်းဝန်းကူညီ ဆောင်ရွက်မှသာ အောင်မြင်နိုင်မည်ဖြစ်ပါကြောင်း၊ e-ID စနစ်လုပ်ငန်းအား ပြီးခဲ့သည့် ဧပြီလ ၁ ရက်မှ စတင်ဆောင်ရွက်သည်ဆိုသော်လည်း ယခင်ကတည်းက အောက်ခြေအဆင့်လုပ်ငန်းများ ကို အဆင်ဆင့်ဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်းသည် လုပ်ငန်းသစ်တစ်ခုဖြစ်ပြီး မိမိတို့အတွက် အတွေ့အကြုံမရှိသည့် လုပ်ငန်းတစ်ရပ်ဖြစ်ရာ အဖက်ဖက်မှသုံးသပ်ကာ နည်းပညာဆိုင်ရာ ပညာရှင်များ၏ အကြံဉာဏ်များကို အဓိကရယူဆောင်ရွက်ရမည့် လုပ်ငန်း ဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်းစဉ်နှင့်ပတ်သက်၍ ယခုအစည်းအဝေးတွင် ယခုအချိန်အထိ ဆောင်ရွက်ပြီးစီးသည့် လုပ်ငန်းအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ် များကို ရှင်းလင်းပြောကြားလိုပါကြောင်း၊ e-ID စနစ် အကောင်အထည်ဖော် နိုင်ရေးအတွက် ဦးစီးဌာနဖွဲ့စည်းမှုနှင့် လိုအပ်သောဝန်ထမ်းများ ခန့်အပ်တာဝန်ပေးမှုတို့ကို ဆောင်ရွက်ပြီး အဆောက်အဦ ဆောက်လုပ်နိုင်ရေးအတွက်လည်း စီစဉ်ဆောင်ရွက်လျက်ရှိပြီး လုပ်ငန်းဆိုင်ရာ လိုအပ်သည့်အဖွဲ့များ ဖွဲ့စည်း၍ ညှိနှိုင်းဆွေးနွေးမှုများကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊  e-ID စနစ်ကို Unit-ID ကောက်ယူခြင်းနှင့် National ID ဆောင်ရွက်ခြင်းဆိုသည့် အပိုင်း(၂) ပိုင်း ဖြင့် ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ Unit–ID ကောက်ယူရာတွင် ယခုကာလအတွင်း နယ်မြေလုံခြုံရေးအခြေအနေ၊ ကျန်းမာရေးဆိုင်ရာ ကန့်သတ်ချက်များအပေါ်မူတည်၍ မြို့နယ် (၈၁) မြို့နယ်ကို ရွေးချယ်ဆောင်ရွက်ရန် စီစဉ်ထားပါကြောင်း၊ လက်ရှိအခြေအနေတွင် မိမိတို့ ဌာနမှ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ နိုင်ငံသားကတ်ထုတ်ပေးသည့် မှတ်ပုံတင်စာရင်း (နိုင်-၄) မှတ်တမ်းများကို ကွန်ပျူတာများဖြင့် Excel Format ရိုက်သွင်းကာ နေပြည်တော် ရုံးချုပ်သို့ ပေးပို့ဆောင်ရွက်လျက်ရှိပြီး နေပြည်တော်ရုံးချုပ်မှ Software ပြောင်းလဲကာ Server တွင် သိမ်းဆည်းသည့်လုပ်ငန်းများကို နေ့စဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ယင်းလုပ်ငန်းစဉ်အား လာမည့် ဇွန်လကုန်တွင် ပြီးစီးရန်လျာထားပြီး နိုင်-၄ မှတ်တမ်းတွင် လူတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက် (၁၄) ချက်ပါဝင်ရာ ယင်းအချက်များမှ Unit-ID အတွက် လိုအပ်သည့် ကိုယ်ရေးအချက်အလက် Biographic Data (၆) ချက် ရယူသွားမည်ဖြစ်ပါကြောင်း၊  လူတစ်ဦးချင်းစီ၏ လက်ဆယ်ချောင်း လက်ဗွေ၊ မျက်စေ့သူငယ်အိမ်၊ မျက်နှာပုံသဏ္ဍာန် စသည့် ဇီဝဆိုင်ရာ အချက်အလက် Biometric Data (၃) ချက်ကို Enrollment Kit ဖြင့် ရယူသွား မည်ဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်းစဉ်အား နည်းပညာနယ်ပယ်၊ အချက်အလက်လုံခြုံရေးနယ်ပယ် နှင့် ပြည်သူလူထုနှင့် ထိတွေ့မှုနယ်ပယ် စသည့်နယ်ပယ် (၃) ရပ်ကိုအခြေခံ၍ လိုအပ်သော အဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ဆက်လက်ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်များ အနေဖြင့် ယခုပြည်တွင်းနည်းပညာ အကြံပေးအဖွဲ့ဝင်များက e-ID စနစ်၏ ဒီဇိုင်းပုံစံ၊ Biometric Data (၃) မျိုးကောက်ယူရာတွင် ဆောင်ရွက်မည့်ပုံစံနှင့် လိုအပ်မည့် Enrollment Kit တွင် ပါရှိရမည့် ပစ္စည်းကိရိယာများ၊ လုပ်ငန်းဆိုင်ရာ နိုင်ငံခြားသားပညာရှင် ငှားရမ်းနိုင်မည့် အခြေအနေ၊ IT ဆိုင်ရာသင်တန်းများ ဖွင့်လှစ်နိုင်ရေးအတွက် လိုအပ်ချက်များကို အကြံပြု ဆွေးနွေးပေးကြစေလိုပါကြောင်း၊ လက်ရှိနိုင်ငံတော်အစိုးရ တာဝန်ယူစဉ်ကာလအတွင်း e-ID စနစ်နှင့်ပတ်သက်၍ ခြေလှမ်းတစ်လှမ်း၊ နှစ်လှမ်း စသည်ဖြင့် လှမ်းနိုင်သမျှ ၊ ပြီးစီးနိုင်သမျှ ပြီးစီးအောင်  အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းဖြင့် အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။

 

ထို့နောက် အီလက်ထရောနစ်မှတ်ပုံတင်စနစ်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲထွန်းဦးက ပြည်တွင်းနည်းပညာအကြံပေးအဖွဲ့၊ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးမှ အဖွဲ့ဝင်များ၏ အကြံပြုဆွေးနွေးချက်များကို ရှင်းလင်းတင်ပြပြီး ပြည်တွင်းနည်းပညာ အကြံပေးအဖွဲ့ အဖွဲ့ဝင်များက e-ID စနစ်လုပ်ငန်းနှင့်ပတ်သက်၍ နိုင်ငံတကာ၌ ဆောင်ရွက် နေသည့် နည်းပညာဒီဇိုင်းပုံစံများနှင့် အားနည်းချက်၊ အားသားချက်များ၊ မိမိနိုင်ငံအတွက် ဆောင်ရွက်သင့်သည့် ဒီဇိုင်းပုံစံ၊ နည်းပညာလုံခြုံရေးဆိုင်ရာလိုအပ်ချက်များ၊ နယ်ပယ်အသီးသီး သို့ ဝန်ဆောင်မှုပေးနိုင်ရေးအတွက် ဆောင်ရွက်ရန်နည်းလမ်းများနှင့်အသုံးပြုမည့်ပစ္စည်းကိရိယာ ရွေးချယ်အသုံးပြုနိုင်ရေးအခြေအနေများ၊ e-ID စနစ်လုပ်ငန်း အကောင်အထည်ဖော်ရာတွင် လုပ်နည်းလုပ်ဟန်နှင့် အချိန်ကာလသတ်မှတ်ချက်၊ နည်းပညာဆိုင်ရာ နိုင်ငံခြားသားအကြံပေး နှင့် လုပ်ငန်းလိုအပ်ချက်များကို အသီးသီးရှင်းလင်းဆွေးနွေးတင်ပြကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးပြီး နည်းပညာအကြံပေးအဖွဲ့ဝင်များအနေဖြင့် အကြံပြုစရာ ဆွေးနွေးစရာများရှိပါက အချိန်မရွေး အကြံပြုတင်ပြကြရန်နှင့် မဖြစ်မနေဆောင်ရွက်ရမည့် လုပ်ငန်းအဖြစ် အားလုံးက ကြိုးပမ်းဆောင်ရွက်ပေးကြရန်လိုကြောင်းဖြင့် နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။ (-)

 

 

Sorry, the comment form is closed at this time.