ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ တပ်ကုန်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်း ကွင်းဆင်းဆောင်ရွက်နေမှု ကြည့်ရှု့ အားပေး၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများအား တွေ့ဆုံ၍ ပန်းခင်းစီမံချက်အောင်မြင်ရေး ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်ရန်မှာကြား။

ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ တပ်ကုန်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်း ကွင်းဆင်းဆောင်ရွက်နေမှု ကြည့်ရှု့ အားပေး၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများအား တွေ့ဆုံ၍ ပန်းခင်းစီမံချက်အောင်မြင်ရေး  ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်ရန်မှာကြား။

နေပြည်တော်၊ ဒီဇင်ဘာ  ၁၁ ။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီသည် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း၊ ဒုတိယဝန်ကြီးဦးဌေးလှိုင်နှင့် တာဝန်ရှိသူများနှင့်အတူ ဒီဇင်ဘာလ ၁၁ ရက်၊ ယနေ့နံနက် (၉) နာရီခွဲတွင် ပြည်ထောင်စုနယ်မြေ (နေပြည်တော်) တပ်ကုန်းမြို့နယ် ၊ အနော်ရထာ ရပ်ကွက်ရှိ မဟာဗောဓိ ဘုန်းတော်ကြီးကျောင်းဝန်းအတွင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ တပ်ကုန်း မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများကရုံးပိတ်ရက်တွင် ဒေသခံပြည် သူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားထုတ်ပေးခြင်းလုပ်ငန်း ကွင်းဆင်းဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုအားပေးကာ ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ဒေသခံပြည်သူများအား တွေ့ဆုံကာ ဝန်ကြီးဌာန မှခေတ်အဆက်ဆက် နိုင်ငံသားစီစစ်ရေးကတ်ပြား ထုတ်ပေးရေးလုပ်ငန်းကိုစဉ် ဆက်မပြတ် ဆောင်ရွက်ခဲ့မှုနှင့် ယခုပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးမှုအခြေအနေ၊ နိုင်ငံသားတစ်ဦးချင်းစီ၏ လူမှုဘဝ ဆောင်ရွက်မှုတိုင်း၌ နိုင်ငံသားစိစစ်ရေးကတ်ပြား၏ အသုံးဝင်မှုနှင့် နိုင်ငံသားအခွင့်အရေး အပြည့်အဝ ရရှိစေရေးအတွက် အရေးကြီးသည့် အထောက်အထားဖြစ်မှု၊နောင်လာမည့်ရွေးကောက်ပွဲ တွင်နိုင်ငံသား အထောက်အထားကတ်ပြားတစ်ခုခုဖြင့် ကိုင်ဆောင်မဲပေးနိုင်ရေးအခြေအနေ၊ ရရှိပြီးသော နိုင်ငံသား စိစစ်ရေးကတ်ပြားအား စနစ်တကျ ကိုင်တွယ်ထိန်းသိမ်းရေးအခြေအနေတို့နှင့်စပ်လျဉ်း၍ အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။

ယင်းနောက် တပ်ကုန်းမြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက နေ့ချင်းပြီးအခမဲ့ ကွင်းဆင်းဆောင်ရွက် ပြီးဖြစ်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြား များကို ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းမှူးနှင့် ဒုတိယဝန်ကြီးတို့က ဒေသခံပြည်သူများအား အသီးသီးပေးအပ်ကြပြီးတက်ရောက်လာ ကြသူများအားကိုဗစ်-၁၉ကာကွယ်ရေးအတွက် ပါးစပ်နှာ ခေါင်းစည်း(Masks)များဝေငှပေးအပ်ကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပရဟိတအထက်တန်းကျောင်းနာယက ၊ မဟာဗောဓိကျောင်း ဆရာတော် ဘဒ္ဒန္တဥဠုရာဇဗုဒ္ဓိအား ဖူးမြှော်ကြည်ညို၍ ဝန်ကြီးဌာနမှ ဒေသခံ ပြည်သူများအတွက် ပန်းခင်းစီမံချက်ဆောင်ရွက်ပေးမှုနှင့် သာသနာရေးဆိုင်ရာများ လျှောက်ထားကာ လှူဘွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တပ်ကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်စု(၃၅)ခုမှ အုပ်ချုပ်ရေးမှူး များအား တွေ့ဆုံ သည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးဦးခင်ရီက နိုင်ငံတော်၏စီမံချက်တစ်ခုဖြစ်သည့် ပန်းခင်းစီမံချက်ကို မိမိတို့ဌာနမှ တာဝန်ယူဆောင်ရွက်နေသော်လည်းဆက်စပ်ဌာနများအပါအဝင် ပြည်သူအားလုံးဝိုင်းဝန်းကူညီဆောင်ရွက်မှသာအောင်မြင်နိုင်မည်ဖြစ်ပါကြောင်း၊ နိုင်ငံသားစိစစ်ရေး ကပ်ပြားသည် နိုင်ငံသားတစ်ဦးအတွက်မရှိမဖြစ်အရေးပါမှု၊ နိုင်ငံသားအခွင့်အရေး အပြည့်အဝ ရရှိနိုင်မှုတို့အား ပြည်သူများသိရှိနားလည်နိုင်ရေးအတွက် အသိပညာပေးဆောင်ရွက် ကြရန် လိုအပ်ပါကြောင်း၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှုးများသည် အခြေခံအကျဆုံးနှင့် အရေးကြီး ဆုံးအဖွဲ့တစ်ခုဖြစ်သည်နှင့်အညီ မိမိတို့၏ရပ်ကွက်/ကျေးရွာများအတွင်း နိုင်ငံသားစိစစ်ရေး ကတ်ပြားမပြုလုပ်ရသေးသူများ၏စာရင်းအား စနစ်တကျပြုစု၍ သက်ဆိုင်ရာမြို့နယ်ဦးစီးမှူးရုံး များနှင့်ချိတ်ဆက်ကာ ရှေ့ပြေးလျှောက်လွှာများရယူဖြည့်သွင်းခြင်း၊ ကွင်းဆင်းဆောင်ရွက်နိုင် ရေးအတွက်စီစဉ်ဆောင်ရွက်ပေးခြင်းတို့ကို ပူးပေါင်းကူညီဆောင်ရွက်ပေးကြရန်လိုအပ်ပါကြောင်း၊ ပန်းခင်းစီမံချက်သည် သတ်မှတ်ကာလအတွင်း၊ သတ်မှတ်အရေအတွက်အတိုင်းပြီးစီးရေး အတွက် ဆောင်ရွက်ကြရမည်ဖြစ်သဖြင့်ရပ်ကွက်/ကျေးရွာအလိုက် နိုင်ငံသားစီစစ်ရေးကတ်ပြား မပြုလုပ်ရသေးသူ နိုင်ငံသားများမကျန်ရှိစေရေး၊  နိုင်ငံနှင့်ပြည်သူများအကျိုးအတွက် မဖြစ်မနေဆောင်ရွက်ကြရမည့်စီမံချက် အဖြစ်သတ်မှတ်ကာ ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြရေးတိုက်တွန်း ပါကြောင်းဖြင့် ရှင်းလင်း ပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဌ ဒေါက်တာမောင်မောင်နိုင်က ပန်းခင်းစီမံချက် အောင်မြင်ရေးအတွက် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများက တက်ညီလက်ညီပံ့ပိုး ကူညီဆောင် ရွက်ပေးနိုင်ရေးအခြေနေများနှင့်စပ်လျဉ်း၍ရှင်းလင်းပြောကြားပြီးနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် တက်ရောက်လာကြသည့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးခဲ့ကြောင်း သတင်းရရှိသည်။( – )

Sorry, the comment form is closed at this time.