ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ပဲခူးမြို့၌ကျင်းပသည့်ပန်းခင်းစီမံချက်တိုင်းလုံးကျွတ်လျာထားချက် ရာနှုန်းပြည့်ပြီးမြောက်အောင်မြင်ပွဲတက်ရောက်အားပေး၊ဝန်ထမ်းများအားတွေ့ဆုံ၍နိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်ထိန်းကာပြည်သူ့ကို အလုပ်အကျွေး ပြု‌ရေးမှာကြား။

ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ပဲခူးမြို့၌ကျင်းပသည့်ပန်းခင်းစီမံချက်တိုင်းလုံးကျွတ်လျာထားချက် ရာနှုန်းပြည့်ပြီးမြောက်အောင်မြင်ပွဲတက်ရောက်အားပေး၊ဝန်ထမ်းများအားတွေ့ဆုံ၍နိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်ထိန်းကာပြည်သူ့ကို အလုပ်အကျွေး ပြု‌ရေးမှာကြား။

နေပြည်တော်၊ ဇန်နဝါရီ  ၂၃။

          လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး ပန်းခင်းစီမံချက် တိုင်းလုံးကျွတ် လျာထားချက် ရာနှုန်းပြည့်ပြီးမြောက်အောင်မြင်ပွဲကို ဇန်နဝါရီလ(၂၃)ရက်၊ ယနေ့ နံနက်(၁၀)နာရီတွင် ပဲခူးမြို့၊ မြို့တော်ခန်းမ၌ကျင်းပရာ အခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ အဖွဲ့ဝင်ဝန်ကြီးများ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်ကျော်စိုးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူ များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

          အစီအစဉ်အရ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက အမှာစကားပြောကြားရာတွင် နိုင်ငံတော်၏အနာဂတ်အတွက် မဖြစ်မနေဆောင်ရွက်ရမည့် နိုင်ငံသားတိုင်း ကိုင်ဆောင်သင့် သည့် ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်နိုင်ရေးအတွက် မိမိတို့ဝန်ကြီးဌာနမှ နိုင်ငံနှင့်အဝန်း ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပန်းခင်းစီမံချက်ကို ၂၀၂၁ ခုနှစ်၊ မေလ (၃)ရက်မှ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ (၃)ရက်အထိ (၁၈)လကြာဆောင်ရွက်ရန်နှင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၃.၄) သန်းကျော် ဆောင်ရွက်ပေးရန် လျာထား ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါအခြေအနေနှင့် အချို့ဒေသများတွင် လုံခြုံရေးအခြေအနေစသည့် အဟန့်အတားအခက်အခဲများကြားမှ ဆောင်ရွက် ကြရခြင်းဖြစ်ပါကြောင်း၊ ယင်းစီမံချက်သည် မိမိတို့ဝန်ကြီးဌာနမှ တာဝန်ယူ ဆောင်ရွက် နေသော်လည်း အခြားသောဆက်စပ်ဌာနများ၏ ပံ့ပိုးကူညီဆောင်ရွက်မှုနှင့် ပြည်သူများမှ လုပ်ငန်းဆောင်ရွက်ပေးမှုအပေါ် သိရှိနားလည်ပြီး ပူးပေါင်းပါဝင်ဆောင်ရွက်မှုများရှိမှသာ အောင်မြင်နိုင်မည်ဖြစ်ပါကြောင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားသည် နိုင်ငံသားတစ်ဦးအတွက် လူမှုဘဝတစ်လျှောက်လုံး ဆောင်ရွက်မှုတိုင်းတွင် မရှိမဖြစ်အရေးပါသည့်ကတ်ပြားဖြစ်ပြီး နိုင်ငံသားအခွင့်အရေး အပြည့်အဝရရှိနိုင်သည့် အထောက်အထားတစ်ခုဖြစ်ပါကြောင်း၊ ပဲခူး တိုင်းဒေသကြီးအတွင်း ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၁၅၉၅၇၆) ကတ် လျာထားဆောင်ရွက်ခဲ့ရာ ယခုအထိ (၁၆၇၉၈၇) ကတ် ပြီးစီးနေပြီဖြစ်ပြီး ရာခိုင်နှုန်းအားဖြင့် (၁၀၅.၂၇) ရာခိုင်နှုန်းပြီးစီးပြီ ဖြစ်သဖြင့် လျာထားချက်ရာနှုန်းပြည့်ပြီးမြောက်ကျော်လွန်အောင် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း ယခုကဲ့သို့ ပန်းခင်းစီမံချက် လျာထားချက် ရာနှုန်းပြည့်ပြီးမြောက် အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ခြင်းသည် မိမိတို့ဌာနတစ်ခုတည်းကြောင့် မဟုတ်ဘဲ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းအဆင့်အဆင့်၏ ကြီးကြပ်ကွပ်ကဲမှု၊ ဆက်စပ်ဌာနများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ၏ ပံ့ပိုးကူညီဆောင်ရွက်ပေးမှု၊ နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသေးသည့် ပြည်သူများ၏ ပူးပေါင်းပါဝင်မှုများကြောင့်ဖြစ်ပါ ကြောင်း၊ ပဲခူးတိုင်းဒေသကြီးအနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ်များအနက် ပထမဦးဆုံး တိုင်းလုံးကျွတ် လျာထားချက်ရာနှုန်းပြည့် ပြီးမြောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည့် အတွက် ဝန်ထမ်းများကို အသိအမှတ်ပြုချီးကျူးဂုဏ်ပြုပါကြောင်း၊ ယင်းကဲ့သို့စီမံချက် အောင်မြင်စေရေး အတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြသည့် အဖွဲ့အစည်းအားလုံးကိုလည်း အထူးကျေးဇူးတင်ရှိကြောင်းကို ပြောကြားလိုပါကြောင်း၊  စီမံချက်အရလျာထားချက် ပြည့်မီအောင် ဆောင်ရွက် နိုင်သော်လည်း ပြီးဆုံးခြင်းမရှိသည့်အတွက် ယင်းလုပ်ငန်းစဉ်ကို စဉ်ဆက်မပြတ် ဆောင်ရွက် နေကြရမည်ဖြစ်ပါကြောင်း၊ စီမံချက်လုပ်ငန်းများအောင်မြင်ရေးအတွက် အားလုံးက ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးကြရန် တိုက်တွန်းပါကြောင်းဖြင့် အကျယ်တဝင့် ရှင်းလင်း ပြောကြားသည်။

          ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးအတွင်း ပန်းခင်းစီမံချက် တိုင်းလုံးကျွတ်လျာထားချက် ရာနှုန်းပြည့်ပြီးမြောက်အောင် အကောင်အထည် ဖော်ဆောင်ရွက်မှုအခြေအနေနှင့် လုပ်ငန်းအောင်မြင်ရေးအတွက် ဝိုင်းဝန်းကူညီဆောင်ရွက် ပေးကြသည့် ဌာနဆိုင်ရာဝန်ထမ်းများအား ကျေးဇူးတင်ဂုဏ်ပြုအမှာစကား ပြောကြားသည်။

          ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ပန်းခင်းစီမံချက်ကို တိုင်းလုံးကျွတ်လျာထားချက် ရာနှုန်းပြည့်ပြီးမြောက်အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ပေးကြသည့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများအား ဂုဏ်ပြုမှတ်တမ်းလွှာများကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးမှ ဝန်ထမ်း များအတွက် ဂုဏ်ပြုချီးမြှင့်ငွေကျပ်သိန်း(၂၀)ကို တိုင်းဦးစီးမှူးထံသို့လည်းကောင်း ပေးအပ် ပြီးနောက် ပန်းခင်းစီမံချက်အား ထူးထူးချွန်ချွန်ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့် ဝန်ထမ်းများအား တစ်ဆင့်မြှင့်ရာထူးတိုးမြှင့်ပေးကာ ရာထူးအဆင့်များကို အသီးသီးတပ်ဆင်ပေးသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ အဖွဲ့ဝင်ဝန်ကြီးများကပန်းခင်း စီမံချက်တိုင်းလုံးကျွတ်လျာထားချက် ရာနှုန်းပြည့်ပြီးမြောက်အောင်မြင်အောင် ကြိုးပမ်း ဆောင်ရွက်ပေးကြသည့်  ဌာနဆိုင်ရာများမှ တာဝန်ရှိသူများအား     ဂုဏ်ပြုမှတ်တမ်းလွှာများနှင့်

 e-ID လုပ်ငန်းဆောင်ရွက်ရာတွင် အသုံးပြုရန်အတွက် ကွန်ပျူတာ(၂၈)စုံတို့ကို အသီးသီးပေးအပ် ကြသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တက်ရောက်လာကြသူများသည်“လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” သီချင်းနှင့်“ကြိုလင့်နေမည် ပဲခူးတိုင်းဌာနေ” သီချင်းတို့ဖြင့်  ဖျော်ဖြေ တင်ဆက်မှု၊ ပဲခူးတိုင်းဒေသကြီး ပန်းခင်းစီမံချက် တိုင်းလုံးကျွတ်လျာထားချက် ရာနှုန်းပြည့် ပြီးမြောက်အောင်မြင်ပွဲ Video clip ပြသမှုတို့ကို ကြည့်ရှုအားပေးကြသည်။

          လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနသည် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့်နိုင်ငံသားဆိုင်ရာ ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးခြင်းလုပ်ငန်းကို တိုင်းဒေသကြီး/ ပြည်နယ်အသီးသီး၌ ၂၀၂၁ ခုနှစ်၊ မေလ (၃)ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့သည်။ ယင်းသို့ဆောင်ရွက်ရာတွင် ပဲခူးတိုင်းဒေသကြီး၌ ခရိုင် (၄) ခရိုင်၊ မြို့နယ် (၂၈) မြို့နယ်ရှိပြီး အသက်(၁၆)နှစ်အထက် သတ်မှတ်အရည်အချင်းပြည့်မီပြီး နိုင်ငံသား စိစစ်ရေးကတ်ပြား လက်ဝယ်မရှိသေးသူ(၁၅၉၅၇၆)ဦးအား ပန်းခင်းစီမံချက်ဖြင့် ထုတ်ပေးနိုင်ရေး လျာထားဆောင်ရွက်ခဲ့ရာ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၁၇)ရက်အထိ နိုင်ငံသားစိစစ်ရေးကတ်ပြား (၁၆၇၉၈၇)၊ ရာခိုင်နှုန်းအားဖြင့် (၁၀၅ ဒဿမ ၂၇) ရာခိုင်နှုန်း ထုတ်ပေးနိုင်ခဲ့သဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပထမဦးဆုံးတိုင်းလုံးကျွတ် လျာထားချက်ရာခိုင်နှုန်းပြည့် ပြည့်မီပြီးစီးအောင် ဆောင်ရွက်နိုင်ခဲ့သည့် တိုင်းဒေသကြီးဖြစ်ကြောင်းနှင့် ဆောင်ရွက်ပြီးစီးမှုနှင့်ပတ်သက်သည့် စာရင်းစာယား၊ မှတ်တမ်းများအားလုံးအား သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်တို့မှ တာဝန်ရှိသူ အဆင့်ဆင့်က အတည်ပြုလက်မှတ်ရေးထိုးမှတ်တမ်းပြုစုထားရှိကြောင်း သိရသည်။

          ယင်းနောက် အီလက်ထရောနစ်စနစ်ဖြင့် လူဦးရေမှတ်ပုံတင်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းခြင်းကို ဆက်လက်ကျင်းပရာ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်၏           e-Government စနစ်၏ အခြေခံအကျဆုံးဖြစ်သည့် e-ID စနစ် အကောင်အထည်ဖော်ရေး လုပ်ငန်း ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းပြောကြားပြီး အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာနမှ ဒုတိယညွှန်ကြားရးမှူးချုပ် ဦးရဲထွန်းဦးက e-IDစနစ် လုပ်ငန်းဆောင်ရွက် မည့် နည်းလမ်းများနှင့် ရရှိနိုင်မည့်အကျိုးကျေးဇူးများကို အသေးစိတ် ရှင်းလင်းတင်ပြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်ပြီးနောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ် တို့သည့်  တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးခင်ရီသည် ပဲခူးမြို့ မြို့တော်ခန်းမ၌ ပဲခူးတိုင်း ဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ်ဦးစီးမှူးရုံးများမှဝန်ထမ်းများအား တွေ့ဆုံကာမိမိတို့ ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်လုံခြုံရေးနှင့် အမျိုးသားအကျိုးစီးပွားရေးကို အလေးထား‌ ဆောင်ရွက်နေမှုနှင့် အဓိကလုပ်ငန်းတာဝန်(၃)၇ပ် အကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေ အနေ၊ ယခုထပ်မံ၍ e-ID စနစ် အကောင်အထည်ဖော်ရေးအတွက် စီစဉ်ဆောင်ရွက်နေမှု၊ ယင်းလုပ်ငန်းစဉ်များသည် နိုင်ငံတော်အတွက်အရေးကြီးသည့်လုပ်ငန်းများဖြစ်ပြီး ပြည်သူ့ အတွက် ထိ‌ရောက်သောဝန်ဆောင်မှုပေးရသည့်လုပ်ငန်းများဖြစ်မှု၊ လုပ်ငန်းဆောင်ရွက်မှုတိုင်း သည် ဥပဒေ၊လုပ်ထုံးလုပ်နည်းများနှင့် ဆောင်ရွက်ရသည့်အတွက် ဝန်ထမ်းများအနေဖြင့် လုပ်ငန်းဆိုင်ရာများ သိရှိနားလည်ကျွမ်းကျင်ပိုင်နိုင်ရေး၊ နိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်ထိန်းကာ ပြည်သူကိုအလုပ်အကျွးပြုရေးနှင့် ဌာန၏ကောင်းမြတ်သော အစဉ်အလာများကို လက်ဆင့်ကမ်း ထိန်းသိမ်းကာ မိမိဘဝတိုးတက်ရေးအတွက် အစဉ်ကြိုးပမ်းဆောင်ရွက်ကြရေး အခြေအနေများနှင့် စပ်လျဉ်း၍ အကျယ်တဝင့် ရှင်းလင်းမှာကြားသည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် ပဲခူးမြို့နယ်ဦးစီးမှူးရုံးသို့ သွားရောက်၍ ဝန်ထမ်းများက နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးပြီးသူများ၏ ကိုယ်ရေးအချက်အလက်များ အား ကွန်ပျူတာဖြင့် ဖြည်သွင်းကာ e-ID စနစ်ဖြင့်ချိတ်ဆက် အသုံးပြုနိုင်ရေးအတွက် တိုက်ဆိုင် စစ်ဆေးနေမှု အခြေအနေနှင့် မှတ်တမ်းခန်း၌ ကိုယ်ရေးဖိုင်များ စနစ်တကျထိန်းသိမ်းထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးကာ လုပ်ငန်းလိုအပ်ချက်များ မှာကြားညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းသတင်းရရှိသည်။(-)

 

 

 

Sorry, the comment form is closed at this time.