ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ပန်းခင်းစီမံချက်အကောင်အထည်ဖော် ဆောင်ရွက်မှုဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်၊ အခြေအနေပေးသည်နှင့် လုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်ရေး စီစဉ်ထားရှိရန်မှာကြား။

ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ပန်းခင်းစီမံချက်အကောင်အထည်ဖော် ဆောင်ရွက်မှုဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်၊

အခြေအနေပေးသည်နှင့် လုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်ရေး စီစဉ်ထားရှိရန်မှာကြား။

 နေပြည်တော်၊စက်တင်ဘာ ၂ ။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် မြန်မာနိုင်ငံသား များဖြစ်ကြသော တိုင်းရင်းသားများနှင့် ဥပဒေအရနိုင်ငံသားများအား ဥပဒေနှင့်အညီ အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုးထုတ်ပေးရေးလုပ်ငန်းဖြစ်သည့် ပန်းခင်း စီမံချက် အကောင်အထည်ဖော်ဆောင်ရွက်မှုဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာလ  ၂ ရက်၊ ယနေ့ မွန်းလွဲ (၁) နာရီခွဲက နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ အခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ အမြဲတမ်းအတွင်းဝန်နှင့် ဦးစီးဌာနများ မှ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများတက်ရောက်ကြပြီး ကရင်ပြည်နယ်၊ ရန်ကုန်တိုင်း ဒေသကြီး၊ ရှမ်းပြည်နယ်နှင့် နေပြည်တော်ကောင်စီနယ်မြေ  ဦးစီးမှူးများသည် သက်ဆိုင်ရာဒေသ အသီးသီးမှ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။

အစီအစဉ်အရ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက အမှာစကားပြောကြားရာတွင် မိမိတို့ ဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် ပန်းခင်းစီမံချက်သည် နိုင်ငံတော်၏အနာဂတ်အတွက် အလွန် အရေးကြီးသည့် လုပ်ငန်းတစ်ရပ်ဖြစ်ပါကြောင်း၊ ယင်းစီမံချက်သည် သတ်မှတ်ကာလအတွင်း ပြီးစီးရန် လျာထားသည့် လုပ်ငန်းပမာဏပြည့်မီ ပြီးစီးအောင်ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ယင်းလုပ်ငန်း စီမံချက်အား ၂၀၂၁ ခုနှစ်၊ မေလမှ စတင်ဆောင်ရွက်နေသော်လည်း ကိုဗစ်-၁၉ ရောဂါ ကန့်သတ်ချက် များကြောင့် အရှိန်အဟုန်ဖြင့် ဆောင်ရွက်ရန် အခက်အခဲများရှိပါကြောင်း၊ သို့သော်လည်း လုပ်ငန်း ဆောင်ရွက်မှုကို ရပ်တန့်ခြင်းမျိုးမဟုတ်ဘဲ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကျန်းမာရေးညွှန်ကြားချက်များ အတိုင်းတိကျစွာလိုက်နာ၍ တတ်နိုင်သမျှနည်းလမ်း၊ဖြစ်နိုင်ချေရှိသမျှလုပ်နည်းလုပ်ဟန်များ ရှာကြံကာ ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက် ပေးရမည့်အခြေအနေများကို တစ်ဆင့်ပြီးတစ်ဆင့်ဆောင်ရွက်နေသကဲ့သို့ တိုင်းဒေသကြီး / ပြည်နယ်ရုံး များအနေဖြင့် နယ်မြေဒေသအလိုက် ဆောင်ရွက်ရမည့်အခြေအနေများကို အသေးစိတ်ရေးဆွဲကာ သက်ဆိုင်ရာဒေသ အာဏာပိုင်များနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ထားကြရန် လိုအပ်ပါကြောင်း၊ အခြေအနေပေးသည်နှင့် နယ်မြေဒေသဦးစားပေးအလိုက် စီမံချက်ပါအတိုင်း အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်မည့်အစီအစဉ်များ၊ တွေ့ကြုံနိုင်သည့်အခက်အခဲများ၊ လုပ်ငန်းလိုအပ်ချက်များကို ကြိုတင်မျှော်တွေး စီစဉ်ထားကြရန် လည်းလိုအပ်ပါကြောင်း၊ပန်းခင်းစီမံချက်သည် နိုင်ငံတော်အတွက် အရေးကြီးသည့်လုပ်ငန်းဖြစ်သကဲ့သို့ ပြည်သူတစ်ဦးချင်းအတွက်လည်း နိုင်ငံသားအခွင့်အရေး အပြည့်အဝရရှိခံစားနိုင်ပြီး လူမှုဘဝဆောင်ရွက်မှုတိုင်းတွင် မဖြစ်မနေအရေးကြီးသည့် နိုင်ငံသား စိစစ်ရေးကတ်ပြား ရရှိကိုင်ဆောင်နိုင်မည့် အခွင့်အရေးတစ်ရပ်ဖြစ်သည့်အတွက် ဝန်ထမ်းအားလုံးက စေတနာအရင်းခံဖြင့် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ အဆင့်ဆင့်ကြီးကြပ်ကွပ်ကဲမှု၊ တွန်းအားပေးမှုနှင့်အတူ အရွေ့တစ်ခုသို့ရောက်ရှိပြီး ရည်မှန်းချက်ပေါက်မြောက်အောင် ကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ပန်းခင်းစီမံချက်နှင့်ပတ်သက်သည့် အစည်းအဝေးများ ကို မကြာခဏဆောင်ရွက်နေသကဲ့သို့ ယခုလည်း ဆောင်ရွက်ရမည့်လုပ်ငန်းပမာဏများသည့် ကရင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် နေပြည်တော်ကောင်စီနယ်မြေစသည့် တိုင်းဒေသကြီး/ ပြည်နယ် (၄) ခု၏ ဆောင်ရွက်ချက်များကို ဆွေးနွေးသွားမည်ဖြစ်ပြီး ကျန်တိုင်း ဒေသကြီး/ ပြည်နယ်များ၏ ဆောင်ရွက်ချက်များကိုလည်း ဆက်လက်ဆွေးနွေးသွားရန် စီစဉ်ထားရှိ ပါကြောင်း၊ သက်ဆိုင်ရာလုပ်ငန်းတာဝန်ခံများက ပန်းခင်းစီမံချက်လုပ်ငန်းဆောင်ရွက်မှုနှင့် ဆက်လက်  ဆောင်ရွက်မည့်အစီအစဉ်များ၊ လုပ်ငန်းလိုအပ်ချက်များကို ရှင်းလင်းတင်ပြကြရန် ဖြစ်ပါကြောင်းဖြင့် ရှင်းလင်းပြောကြားသည်။

ထို့နောက် ကရင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် နေပြည်တော်ကောင်စီ နယ်မြေ ဦးစီးမှူးများက ပန်းခင်းစီမံချက်နှင့်ပတ်သက်၍ ကိုဗစ်-၁၉ ကာလအတွင်း လုပ်ငန်း ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များ၊ လုပ်ငန်းလိုအပ်ချက်များကို ဗီဒီယိုကွန့်ဖရင့် စနစ်ဖြင့် အသီးသီးရှင်းလင်းတင်ပြကြသည်။

ယင်းနောက် ဒုတိယဝန်ကြီးဦးဌေးလှိုင်နှင့်တာဝန်ရှိသူများက လိုအပ်သည်များ ဖြည့်စွက် ဆွေးနွေးကြပြီး တင်ပြချက်များအပေါ် ပြန်လည်သုံးသပ်ဆွေးနွေးပြီး ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းလိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးကာ ပန်းခင်းစီမံချက် အောင်မြင်ရေးအတွက် ဒေသအာဏာပိုင်များ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့်ပေါင်းစပ်ကာ တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက် ကြရေး နိဂုံးချုပ်ပြောကြား၍ အစည်းအဝေးကိုရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။ (-)

ယခုအစည်းအဝေးတွင် ဆောင်ရွက်ရမည့်လုပ်ငန်းပမာဏများသည့် ကရင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် နေပြည်တော်ကောင်စီနယ်မြေတို့မှ တာဝန်ခံများက ပန်းခင်းစီမံချက်လုပ်ငန်းဆောင်ရွက်မှုနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်များ၊ လုပ်ငန်း လိုအပ်ချက်များကို ရှင်းလင်းတင်ပြကြရန်ဖြစ်ပြီး ကျန်တိုင်းဒေသကြီး/ပြည်နယ်များမှလည်း လိုအပ်သည် များရှိပါက ဖြည့်စွက်တင်ပြကြရန်ဖြစ်ပါကြောင်းဖြင့် ရှင်းလင်းပြောကြားသည်။

 

Sorry, the comment form is closed at this time.