ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ပန်းခင်းစီမံချက် နှင့်ပတ်သက်၍ စီမံချက်လျာထားချက်အတိုင်း ပြီးစီး အောင်မြင်အောင် ဆောင်ရွက်နိုင်မည့် အကြံပြု သုံးသပ်ညှိနှိုင်းအစည်းအဝေးတက်ရောက်၊ လျာထားချက် ရာနှုန်းပြည့် ပြည့်မီကျော်လွန်ရေးအတွက် မျက်ခြေမပြတ်စောင့်ကြည့်ကာ နည်းလမ်းများတွေးတော ကြံဆဆောင်ရွက်ရေးမှာကြား။

ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ပန်းခင်းစီမံချက် နှင့်ပတ်သက်၍ စီမံချက်လျာထားချက်အတိုင်း ပြီးစီး အောင်မြင်အောင် ဆောင်ရွက်နိုင်မည့် အကြံပြု သုံးသပ်ညှိနှိုင်းအစည်းအဝေးတက်ရောက်၊ လျာထားချက် ရာနှုန်းပြည့် ပြည့်မီကျော်လွန်ရေးအတွက် မျက်ခြေမပြတ်စောင့်ကြည့်ကာ နည်းလမ်းများတွေးတော ကြံဆဆောင်ရွက်ရေးမှာကြား။

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၄ ။

          လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိသည့် ပန်းခင်းစီမံချက် လုပ်ငန်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ ကြုံတွေ့လာသည့် အခက်အခဲ  များကြားမှ စီမံချက်လျာထားချက်အတိုင်း ပြီးစီးအောင်မြင်အောင် ဆောင်ရွက်နိုင်မည့် အကြံပြုသုံးသပ် ညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီလ ၂၄ ရက် ယနေ့ မွန်းလွဲ ၂ နာရီခွဲက နေပြည်တော်ရှိ အဆိုပါ ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ အခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ အမြဲတမ်းအတွင်းဝန် ဦးအောင်ကျော်စိုးနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ပန်းခင်းစီမံချက် အောင်မြင်စွာအကောင်အထည် ဖော်ဆောင်ရွက်ရေးဆိုင်ရာကော်မတီအသီးသီးမှ တာဝန်ရှိသူများသည် ကိုဗစ်-၁၉ ရောဂါ   ကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့် အညီတက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက  နောင်လာမည့် ရွေးကောက်ပွဲတွင် နိုင်ငံသားဆိုင် ရာကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေး နိုင်ရေးအတွက် စိစစ်ချက်အရ (၁၆)နှစ်နှင့်အထက်ရှိသူ (၃ဒသမ၄)သန်းကျော်ကို ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုးထုတ်ပေးနိုင်ရန် ပန်းခင်းစီမံချက်ရေးဆွဲ ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း၊ ပန်းခင်းစီမံချက်သည် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ၂၀၂၁ ခုနှစ်၊ မေလ (၃)ရက်မှ ၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ(၃)ရက်အထိ (၁၈)လကြာ ဆောင်ရွက်ရမည့် စီမံချက်တစ်ခုဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ အနာဂတ်အတွက် သတ်မှတ်ကာလ အတွင်း လျာထားသတ်မှတ်အရေအတွက် ပြီးစီးအောင်မြင်အောင်  မိမိတို့ဝန်ကြီးဌာနအနေဖြင့် ဒေသအာဏာပိုင်များ၊ အခြားသောဆက်စပ်ဌာနများ နှင့်ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ယခုအခါ စီမံချက်ကာလ (၁၀)လကြာ ရှိပြီဖြစ်ပါကြောင်း၊ ယင်းကာလအတွင်း ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်တို့သည် တိုင်းလုံးကျွတ် လျာထားချက် ရာနှုန်းပြည့်ပြီးစီးအောင်မြင်ပြီးဖြစ်ပါကြောင်း၊ လျာထားချက်ရာနှုန်းပြည့် မပြီးစီးသေး သော်လည်း လျာထားချက်၏ ၉၀ ရာခိုင်နှုန်းအထက် ပြီးစီးမှုမှာ မကွေး၊ တနင်္သာရီနှင့် မန္တလေးတိုင်း ဒေသကြီးတို့ ဖြစ်ပါကြောင်း၊ လက်ရှိကာလအထိ ပြီးစီးရမည့် လျာထားချက်အောက်တွင် ချင်းပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့ ရှိနေသည်ကိုတွေ့ရပါ ကြောင်း၊ ကြုံတွေ့လာသည့် အခက်အခဲအဟန့်အတားများကို ဖြစ်နိုင်သမှျ နည်းလမ်းများ ရှာကြံကာ လျာထားချက်အောင်မြင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်တွင် အဓိကကျသည့် နောက်ဆုံးအချက်ကို အကောင်အထည်ဖော်နိုင်ရန်မှာ ပန်းခင်းစီမံချက် အောင်မြင်ရေးသည် အရေးတကြီး လိုအပ်ချက် ဖြစ်သည်ကို စွဲမြဲမှတ်ယူကြရန် လိုကြောင်း၊ ထို့ကြောင့် စီမံချက်လျာထားချက်ရာနှုန်းပြည့် ပြည့်မီကျော်လွန်ရေးအတွက် တာဝန်ရှိသူ အဆင့်ဆင့်က ဒေသအလိုက်ဆောင်ရွက် ပြီးစီးမှုအခြေအနေများကို မျက်ခြေမပျက် စောင့်ကြည့်ကာ ဆောင်ရွက်ရန် ကျန်ရှိသည့်‌ ဒေသများအား အကွက်အလိုက်၊ နယ်မြေအလိုက် သတ်သတ်မှတ်မှတ် စုစည်းကာ ဌာနပေါင်းစုံ စုဖွဲ့ကွင်းဆင်း၍ ထိထိရောက်ရောက် ဆောင်ရွက်ပေးနိုင်မည့်နည်းများကို တွေးတောကြံဆ ဆောင်ရွက်ကြရန်လိုကြောင်း၊ ယခုပန်းခင်းစီမံချက် အောင်မြင်ရေးအတွက် ဆောင်ရွက်လျက်ရှိသည့် ကော်မတီအသီးသီးမှ တာဝန်ရှိသူများကလည်းစီမံချက် လုပ်ငန်း ဆောင်ရွက်များနှင့်ပတ်သက်၍ လက်ရှိကြုံတွေ့နေရသည့် အခက်အခဲများကို ကျော်လွှားနိုင် ရေးအတွက် ဖြစ်နိုင်သမျှနည်းလမ်းနှင့် အကြံဉာဏ်များ၊ လုပ်နည်းလုပ်ဟန်များကို အကြံပြုသုံးသပ် ဆွေးနွေးပေးကြစေလိုကြောင်းဖြင့် အကျယ်တဝင့်ရှင်းလင်းပြောကြားသည်။

ထို့နောက် ပန်းခင်းစီမံချက်အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ဦးစီး ကော်မတီဥက္ကဌ ဒုတိယဝန်ကြီးနှင့်အဖွဲ့ဝင်များ ညှိနှိုင်းပေါင်းစပ်ရေးလုပ်ငန်းကော်မတီ၊ မီဒီယာ လုပ်ငန်းကော်မတီ၊ စီမံခန့်ခွဲမှုနှင့် လုပ်ငန်းဆိုင်ရာ လုပ်ငန်းကော်မတီများမှ တာဝန်ရှိသူများက ပန်းခင်း စီမံချက်သတ်မှတ်ကာလအတွင်း လျာထားချက် ပြည့်မီကျော်လွန်အောင် ဆောင်ရွက်နိုင်ရေးအတွက် ဆောင်ရွက်သွားမည့် အစီအစဉ်များ ၊ဖြည့်ဆည်းပေးရန်လိုအပ်ချက်များကို အသီးသီးအကြံပြု ဆွေးနွေး တင်ပြကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များအပေါ် လိုအပ်သည်များညှိနှိုင်း      ဆောင်ရွက်ပေးပြီးမိမိတို့ဌာနအနေဖြင့် ပန်းခင်းစီမံချက်အပြင်၊ e-IDစနစ်ဆိုင်ရာကိစ္စရပ်များ၊ သန်းခေါင် စာရင်းကောက်ယူရေးဆိုင်ရာကိစ္စရပ်များကို စဉ်ဆက်မပြတ်ဆောင်ရွက်ရေး၊ လက်ရှိအခြေအနေတွင် အိုမီခရွန် ရောဂါပိုးကူးစက်ပျံ့နှံ့မှုများပြားလာသည်ကို တွေ့ရသည့်အတွက် ကျန်းမာရေးဆိုင်ရာ ညွန်ကြားချက်များကိုလည်း မမေ့မလျော့လိုက်နာဆောင်ရွက်ကြရေးနှင့် ပန်းခင်းစီမံချက်ကို သတ်မှတ် ကာလအတွင်းလျာထားချက်အတိုင်း အောင်မြင်ရေးအတွက် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို မျက်ခြေမပျက် စောင့်ကြည့်ကာ အားလုံးက မဖြစ်မနေဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရေးနိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်(-)

 

 

 

Sorry, the comment form is closed at this time.