ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ပြည်ထောင်စုနယ်မြေ (နေပြည်တော်) အတွင်း ပန်းခင်းစီမံချက် လျာထားချက်ရာနှုန်းပြည့် ပြီးမြောက်အောင်မြင်ပွဲတက်ရောက်၊ ဝိုင်းဝန်းကူညီပံ့ပိုးဆောင်ရွက်ပေးကြသူ အားလုံးအား ကျေးဇူးတင်ဂုဏ်ပြုစကားပြောကြား ။

ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ပြည်ထောင်စုနယ်မြေ (နေပြည်တော်) အတွင်း ပန်းခင်းစီမံချက် လျာထားချက်ရာနှုန်းပြည့် ပြီးမြောက်အောင်မြင်ပွဲတက်ရောက်၊

ဝိုင်းဝန်းကူညီပံ့ပိုးဆောင်ရွက်ပေးကြသူ အားလုံးအား ကျေးဇူးတင်ဂုဏ်ပြုစကားပြောကြား ။

နေပြည်တော်၊ မတ် ၄ ။

          လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုနယ်မြေ(နေပြည်တော်) ပန်းခင်းစီမံချက် လျာထားချက် ရာနှုန်းပြည့်ပြီးမြောက်အောင်မြင်ပွဲကို မတ်လ ၄ ရက် ယနေ့ နံနက် ၉ နာရီ က နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းစင်တာ (MICC-2) ၌ ကျင်းပရာ အခမ်း အနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ နေပြည်တော်ကောင်စီဥက္ကဌ ဒေါက်တာမောင်မောင်နိုင်၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ နေပြည်တော်ကောင်စီဝင်များနှင့် ပြည်ထောင်စုနယ်မြေအတွင်းရှိ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

          အစီအစဉ်အရ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက နိုင်ငံတော်စီမံချက်တစ်ခုဖြစ်သည့် ပန်းခင်း စီမံချက်ကို ပြည်ထောင်စုနယ်မြေ(နေပြည်တော်)အတွင်း စီမံချက် လျာထားချက်အဖြစ် (၆၂၃၉၁)ဦးကို နိုင်ငံသားဆိုင်ရာ ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးနိုင်ရေး ဆောင်ရွက်ခဲ့ရာ ယခုအခါ စီမံချက် လျာထားချက် ရာနှုန်းပြည့်ထက်ကျော်လွန်ပြီးမြောက်အောင်မြင်သွားပြီဖြစ်ပါကြောင်း၊ ယင်းအောင်မြင်မှု သည် မိမိတို့ ဌာနတစ်ခုတည်း ဆောင်ရွက်ချက်ကြောင့်မဟုတ်ဘဲ ဒေသအာဏာပိုင်များ၊ ဆက်စပ်ဌာန အဖွဲ့အစည်းများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ၏  ဝိုင်းဝန်းကူညီပံ့ပိုးဆောင်ရွက်မှု၊ ဒေသခံ ပြည်သူများ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုတို့ကြောင့် ဖြစ်သည့်အတွက် အားလုံးကို အထူးကျေးဇူးတင် ရှိပါကြောင်းကို ပြောကြားလိုပါကြောင်း၊ ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲကာလတွင် မဲမသမာမှု အရေအတွက် (၁၁ ဒသမ ၃)သန်းကျော်ရှိခဲ့ရာတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိဘဲ မဲပေးခဲ့သူ      (၄ ဒသမ ၆)သန်းကျော် ရှိနေသည့်အတွက် နောင်ရွေးကောက်ပွဲများတွင် မဲပေးပိုင်ခွင့်ရှိသူအားလုံး နိုင်ငံသားဆိုင်ရာ ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေး အတွက် ပန်းခင်းစီမံချက် ရေးဆွဲဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ပန်းခင်းစီမံချက်ကို ၂၀၂၁ ခုနှစ် မေ လ ၃ ရက် မှ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၃ ရက်အထိ (၁၈)လကြာ ဆောင်ရွက်ရန်နှင့် ယင်းကာလအတွင်း တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ဆောင်ရွက်ပေးရမည့် လျာထားအရေအတွက်များအတိုင်း ပြည့်မီပြီးစီးရန် သတ်မှတ် ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ပန်းခင်းစီမံချက်ကို ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး တို့တွင် တိုင်းလုံးကျွတ် လျာထားချက် ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ပြီး ယခု ပြည်ထောင်စုနယ်မြေ (နေပြည်တော်)သည်လည်း တတိယမြောက် တိုင်းလုံးကျွတ် လျာထားချက် ရာနှုန်းပြည့် ပြီးစီး အောင်မြင်ခဲ့ခြင်းဖြစ်ပါကြောင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားသည် နိုင်ငံသားတစ်ဦးအတွက် နိုင်ငံသား ဖြစ်မှုဆိုင်ရာ အသိအမှတ်ပြုအထောက်အထားတစ်ခုဖြစ်ပြီး လူမှုဘဝဆောင်ရွက်မှုတိုင်း၌ မရှိမဖြစ် အရေးပါသည့် ကတ်ပြားတစ်ခုဖြစ်ပါကြောင်း၊ ယင်းကတ်ပြားကို နိုင်ငံသားတိုင်း ရရှိကိုင်ဆောင်နိုင် ရေးအတွက် ဥပဒေနှင့်အညီ စိစစ်ကာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပန်းခင်းစီမံချက် ရေးဆွဲဆောင် ရွက်ထုတ်ပေးခြင်းဖြစ်ရာ ယခုအခါ ပြည်ထောင်စုနယ်မြေ(နေပြည်တော်)အတွင်း စီမံကိန်းလျာထားချက် တိုင်းလုံးကျွတ် ရာနှုန်းပြည့် ပြီးမြောက်ကျော်လွန်အောင် ဆောင်ရွက်နိုင်ခြင်းအတွက် အားလုံးကို ကျေးဇူးတင်ဂုဏ်ပြုပါကြောင်း၊ ယင်းကဲ့သို့ စီမံချက်အရ လျာထားချက် ပြည့်မီအောင်ဆောင်ရွက် နိုင်သော်လည်း နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်းလုပ်ငန်းစဉ်သည် ပြီးဆုံးသည့်လုပ်ငန်း မဟုတ်ဘဲ အသက်ပြည့်သည့်နိုင်ငံသားများအား စဉ်ဆက်မပြတ် ဆောင်ရွက်ပေးနေရမည့် လုပ်ငန်း တစ်ခုဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်းစဉ်များအပြင် မိမိတို့ဌာနမှ ဆောင်ရွက်နေသည့် e-ID စနစ်လုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်မှုလုပ်ငန်းများတွင်လည်း အားလုံးက ဆက်လက်ကူညီပံ့ပိုး ဆောင်ရွက်ပေးကြရန် တိုက်တွန်းပါကြောင်း ဖြင့် အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။

          ထို့နောက် နေပြည်တော်ကောင်စီဥက္ကဌ ဒေါက်တာမောင်မောင်နိုင်က ပြည်ထောင်စုနယ်မြေ အတွင်း ပန်းခင်းစီမံချက် လျာထားချက် ရာနှုန်းပြည့်ပြီးစီးအောင်မြင်ရေးအတွက် တွန်းအားပေး ဆောင်ရွက်မှုနှင့် လိုအပ်သည်များ ပံ့ပိုးကူညီဆောင်ရွက်ပေးမှု၊ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြသည့် ဌာနဆိုင်ရာဝန်ထမ်းများအား ကျေးဇူးတင်ဂုဏ်ပြုမှုအခြေအနေများကို ရှင်းလင်းပြောကြားသည်။

          ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ပန်းခင်းစီမံချက် တိုင်းလုံးကျွတ် လျာထားချက် ပြည့်မီ ပြီးစီးအောင်မြင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ပေးကြသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ပြီးနောက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့သည် ပန်းခင်းစီမံချက် ဆောင်ရွက်ရာတွင် စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက်ခဲ့သည့် ပြည်ထောင်စုနယ်မြေမှ ဝန်ထမ်းများအား တစ်ဆင့်မြင့်ရာထူး တိုးမြှင့်ပေးကာ ရာထူးအဆင့်များကို အသီးသီးတပ်ဆင်ပေး သည်။

          ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဌ၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ပြည်ထောင်စုနယ်မြေ(နေပြည်တော်)အတွင်း တိုင်းလုံးကျွတ်လျာထားချက် ရာနှုန်းပြည့်ပြီးမြောက် အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ပေးကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများအား အထိမ်းအမှတ် တံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို အသီးသီးပေးအပ်ကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ခန်းမအတွင်း ခင်းကျင်းပြသထား သည့် ပန်းခင်းစီမံချက်ဆိုင်ရာ မှတ်တမ်းဓာတ်ပုံများ၊ အထောက်အထားစာရွက်စာတမ်းများကို လှည့်လည်ကြည့်ရှု့အားပေးခဲ့ကြောင်းနှင့် ပြည်ထောင်စုနယ်မြေ (နေပြည်တော်အတွင်း) ခရိုင်(၂)ခု၊ မြို့နယ် (၈)မြို့နယ်၊ ရပ်ကွက် (၅၈)ရပ်ကွက်၊ ကျေးရွာအုပ်စု (၁၈၇)အုပ်စု၊ ကျေးရွာပေါင်း (၇၉၆)ရွာ ရှိပြီး ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၆၂၃၉၁)ကတ် ထုတ်ပေး၍ လျာထား ဆောင်ရွက်ခဲ့ရာ ယခုအထိ (၆၇၁၆၇)ကတ် ထုတ်ပေးပြီးစီးနေပြီဖြစ်ပြီး ရာခိုင်နှုန်းအားဖြင့်           (၁၀၇ ဒသမ ၆၅) ရာခိုင်နှုန်း ပြီးစီးပြီဖြစ်သဖြင့် လျာထားချက် ရာနှုန်းပြည့် ပြီးမြောက်ကျော်လွန်အောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။(-)

 

Sorry, the comment form is closed at this time.