ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ တနင်္သာရီတိုင်းဒေသကြီး ပန်းခင်းစီမံချက် တိုင်းလုံးကျွတ်လျာထားချက် ရာနှုန်းပြည့် ပြီးမြောက်အောင်မြင်ပွဲတက်ရောက်၊ ဝိုင်းဝန်းကူညီပံ့ပိုးဆောင်ရွက်ပေးကြသူ အားလုံးအား ကျေးဇူးတင်ဂုဏ်ပြုစကားပြောကြား ။

ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ တနင်္သာရီတိုင်းဒေသကြီး ပန်းခင်းစီမံချက် တိုင်းလုံးကျွတ်လျာထားချက် ရာနှုန်းပြည့် ပြီးမြောက်အောင်မြင်ပွဲတက်ရောက်၊

ဝိုင်းဝန်းကူညီပံ့ပိုးဆောင်ရွက်ပေးကြသူ အားလုံးအား ကျေးဇူးတင်ဂုဏ်ပြုစကားပြောကြား ။

နေပြည်တော်၊ မတ် ၁၉ ။

          လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး ၊ ပန်းခင်း စီမံချက် တိုင်းလုံးကျွတ်လျာထားချက် ရာနှုန်းပြည့်ပြီးမြောက်အောင်မြင်ပွဲကို မတ်လ ၁၉ ရက် မွန်းလွဲ ၃ နာရီခွဲတွင် ကော့သောင်းမြို့၊ မဉ္ဇူသကခန်းမ၌ကျင်းပရာ အခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်ကျော်စိုးနှင့် တာဝန်ရှိသူများ၊ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများတက်ရောက်ကြသည်။

          အစီအစဉ်အရ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက အမှာစကားပြောကြားရာတွင် ပန်းခင်းစီမံချက် သည် နိုင်ငံတော်၏ရှေ့လုပ်ငန်းစဉ် (၅) ရပ်အနက် နောက်ဆုံးအချက်အား အောင်မြင်စွာအကောင် အထည်ဖော်ဆောင်ရွက်နိုင်ရန် အဓိကကျသည့် စီမံချက်တစ်ခုဖြစ်ပါကြောင်း၊ နောင်ကျင်းပမည့် ရွေးကောက်ပွဲများတွင် မဲပေးပိုင်ခွင့်ရှိသူ နိုင်ငံသားအားလုံး ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေးအတွက် မဖြစ်မနေဆောင်ရွက်ရသည့် နိုင်ငံတော်စီမံချက်ဖြစ်ပါကြောင်း၊ ပန်းခင်းစီမံချက်သည် တိုင်းဒေသကြီး/ပြည်နယ်အလိုက် သတ်မှတ်ကာလအတွင်း၊ သတ်မှတ် အရေအတွက်အတိုင်း ပြည့်မီအောင်ဆောင်ရွက်နိုင်ရန် လိုအပ်ပါကြောင်း၊ ယင်းစီမံချက်ကို တိုင်း ဒေသကြီး/ပြည်နယ်အလိုက် ၂၀၂၁ ခုနှစ်၊ မေလ ၃ ရက်မှ ၂၀၂၂ ခုနှစ် ၊ နိုဝင်ဘာလ ၃ ရက်ထိ (၁၈) လတာကာလအတွင်း ပြီးစီးရန် အရေအတွက် လျာထားသတ်မှတ်ဆောင်ရွက်ခဲ့ပြီး တနင်္သာရီတိုင်း ဒေသကြီးအတွင်း နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးရန် (၁၁၅၈၉၇) ဦး လျာထားသတ်မှတ်ခဲ့ရာ ယခုအခါ တိုင်းလုံးကျွတ်လျာထားချက် ရာနှုန်းပြည့်ပြီးစီးအောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်းစီမံချက်သည် မိမိတို့ဌာနမှ တာဝန်ယူဆောင်ရွက်ရသော်လည်း ဒေသအာဏာပိုင်များ၊ ဆက်စပ်ဌာနအဖွဲ့အစည်းများ၏ ပံ့ပိုးကူညီဆောင်ရွက်ပေးမှု၊ နိုင်ငံသားစိစစ်ရေး ကတ်ပြား မပြုလုပ်ရသေးသည့် ပြည်သူများ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုရှိမှသာ အောင်မြင်နိုင်မည် ဖြစ်ပါကြောင်း၊ ပန်းခင်းစီမံချက်ဖြင့် တိုင်းလုံးကျွတ်လျာထားချက်အား သတ်မှတ်ကာလအတွင်း ဆောလျင်စွာပြီးစီးခဲ့သည့် တိုင်းဒေသကြီး/ပြည်နယ်များမှာ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသ ကြီး၊ ပြည်ထောင်စုနယ်မြေ(နေပြည်တော်) နှင့် မန္တလေးတိုင်းဒေသကြီးတို့ဖြစ်ပြီး ယခု တနင်္သာရီတိုင်း ဒေသကြီးသည် (၅) ခုမြောက် တိုင်းလုံးကျွတ် လျာထားချက် ရာနှုန်းပြည့် ပြီးမြောက်အောင်မြင်ခြင်း ဖြစ်ပါကြောင်းတိုင်းဒေသကြီးအတွင်းရာသီဥ၊ကျွန်းများပေါများပြီးသွားရေးလာရေးလမ်းပန်းခက်ခဲမှုများကြားမှ ယခုကဲ့သို့ တိုင်းလုံးကျွတ်ဆောင်ရွက်နိုင်ခြင်းအတွက် ပံ့ပိုးကူညီဆောင်ရွက်ပေးသူ အားလုံးအား ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါကြောင်း၊   နိုင်ငံသားစိစစ်ရေးကတ်ပြားသည်  နိုင်ငံသားတစ်ဦးအတွက် လူမှုဘဝဆောင်ရွက်မှုတိုင်းတွင် မရှိမဖြစ်လိုအပ်သည့် နိုင်ငံသားဖြစ်မှု အထောက်အထားတစ်ခုဖြစ်သည့်အတွက်   ပန်းခင်းစီမံချက်ဖြင့်   ဆောင်ရွက်ပေးခြင်းဖြစ်ပါကြောင်း၊    ရရှိပြီးသော  ကတ်ပြားကိုလည်း စနစ်တကျကိုင်တွယ်ထိန်းသိမ်းကြရန်နှင့် လိုအပ်ချက်အရ တာဝန်ရှိသူများက စစ်ဆေးသည့်အခါ ပြသကြရမည်ဖြစ်ပါကြောင်း၊ နိုင်ငံသားစိစစ်ရေး ကတ်ပြား ထုတ်ပေးခြင်း လုပ်ငန်းစဉ်သည် ပြီးဆုံးသွားသည့် လုပ်ငန်းမဟုတ်သဖြင့်   ယခုလျာထားချက်   ပြည့်မီ ပြီးစီးသော်လည်း စဉ်ဆက်မပြတ်ဆောင်ရွက်ပေးနေရမည်ဖြစ်သဖြင့် အားလုံးက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြရန်နှင့် မိမိတို့ဌာန ဝန်ထမ်းများအနေဖြင့် လူတစ်ဦးချင်းစီ၏ ကိုယ်ရေး အချက်အလက် မှတ်တမ်းမှတ်ရာများအား စနစ်တကျ   ဖြည့်သွင်းဆောင်ရွက်  ထိန်းသိမ်းကြရန်   လိုအပ်ပါကြောင်းဖြင့်   အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။

          ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက တနင်္သာရီတိုင်းဒေသကြီးအတွင်း ပန်းခင်းစီမံချက် လျာထားချက် ရာနှုန်းပြည့်ပြီးစီးအောင်မြင်ရေးအတွက် တွန်းအားပေး ဆောင်ရွက်မှု နှင့် လုပ်ငန်းလိုအပ်ချက်များ ပံ့ပိုးကူညီဆောင်ရွက်ပေးမှု၊ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြသည့် ဌာနဆိုင်ရာဝန်ထမ်းများအား ကျေးဇူးတင်ဂုဏ်ပြုမှုအခြေအနေများကို ရှင်းလင်းပြောကြားသည်။

          ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ပန်းခင်းစီမံချက် တိုင်းလုံးကျွတ် လျာထားချက် ပြည့်မီ ပြီးစီးအောင်မြင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့သည့် တိုင်းဒေသကြီးဦးစီးမှူး ဦးယဉ်ထွေးအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပြီးနောက် ပန်းခင်းစီမံချက် ဆောင်ရွက်ရာတွင် စွမ်းစွမ်းတမံ ကြိုးပမ်း ဆောင်ရွက်ခဲ့သည့် တနင်္သာရီတိုင်းဒေသကြီးမှ ဝန်ထမ်းများအား တစ်ဆင့်မြင့်ရာထူး တိုးမြှင့်ပေးကာ ရာထူးအဆင့်များကို အသီးသီးတပ်ဆင်ပေးသည်။

          ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုသည် ပြည်ထောင်စုဝန်ကြီးအား အမှတ်တရပစ္စည်းပေးအပ်ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တနင်္သာရီ တိုင်းဒေသကြီးအတွင်း တိုင်းလုံးကျွတ်လျာထားချက် ရာနှုန်းပြည့်ပြီးမြောက် အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ပေးကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများအား အထိမ်းအမှတ်တံဆိပ်များကို အသီးသီး ပေးအပ်ကြသည်။

          ထို့နောက်ပြည်ထောင်စုဝန်ကြီးသည် တက်ရောက်လာကြသူများအား မိမိတို့ဝန်ကြီးဌာနမှ မိဘပြည်သူများအား အသိပေးကြေငြာချက်ထုတ်ပြန်ခဲ့မှုအရ တရားဝင်ထုတ်ပေးထားသည့် နိုင်ငံသားကတ် ( မှတ်ပုံတင် ) ကို လာမည့် ဧပြီလ ၁ ရက်၊ နံနက် ( ၆ ) နာရီမှစတင်၍ ပြသစစ်ဆေးခံနိုင်ရေးအတွက် ဆောင်ရွက်သွားမည့်လုပ်ငန်းအစီအစဉ်များ၊ ၂၀၂၄ ခုနှစ် တွင် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူရေးအတွက် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းဆောင်ရွက်မှု အခြေအနေများ၊ နိုင်ငံတော်မှအကောင်အထည်ဖော် ဆောင်ရွက်နေသည့် e – Government စနစ်၏ အခြေခံအုတ်မြစ်ဖြစ်သည့်  e – ID  စနစ်   လုပ်ငန်းအကောင်အထည်     ဖော်နိုင်ရေးအတွက်   ကြိုးပမ်း

ဆောင်ရွက်မှုနှင့်   ဆက်လက်ဆောင်ရွက်သွားမည့်  အခြေအနေ၊   ယင်းလုပ်ငန်းစဉ်များ အောင်မြင်ရေး

အတွက် ဒေသအာဏာပိုင်များနှင့် ဆက်စပ်ဌာနများမှ ဝိုင်းဝန်းပူးပေါင်းကူညီ ဆောင်ရွက်နိုင်ရေး အခြေအနေများနှင့် စပ်လျဉ်း၍ အသေးစိတ် ရှင်းလင်းပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ သည် ခန်းမအတွင်း ခင်းကျင်းပြသထားသည့် ပန်းခင်းစီမံချက်ဆိုင်ရာ မှတ်တမ်းဓာတ်ပုံများ၊ အထောက်အထားစာရွက်စာတမ်းများ၊ e-ID စနစ် ရှေ့ပြေးဆောင်ရွက်သည့် ကိုယ်ရေးအချက်အလက် ဖြည့်သွင်းမှုအခြေအနေများကို လှည့်လည်ကြည့်ရှု့အားပေးခဲ့ကြောင်းနှင့် တနင်္သာရီတိုင်းဒေသကြီး အတွင်း ခရိုင်(၃)ခု၊ မြို့နယ် (၁၀)မြို့နယ်၊ ရပ်ကွက် (၉၀)ရပ်ကွက်၊ ကျေးရွာအုပ်စု (၂၇၀)အုပ်စု၊ ကျေးရွာပေါင်း (၁၁၈၄)ရွာ ရှိပြီး ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၁၁၅၈၉၇)ကတ် ထုတ်ပေး၍ လျာထားဆောင်ရွက်ခဲ့ရာ ယခုအထိ (၁၄၀၃၉၈)ကတ် ထုတ်ပေးပြီးစီးနေပြီဖြစ်ပြီး ရာခိုင်နှုန်းအားဖြင့် (၁၂၁ ဒသမ ၁၄) ရာခိုင်နှုန်းပြီးစီးပြီဖြစ်သဖြင့် လျာထားချက် ရာနှုန်းပြည့် ပြီးမြောက်ကျော်လွန်အောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။ ( – )

Sorry, the comment form is closed at this time.