ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ နိုင်ငံခြားသားအမြဲနေထိုင်ခွင့်ပြုခြင်း (PR System) ဆိုင်ရာ အကောင်အထည်ဖော်ရေးဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်၊လျှောက်ထားသူ များအား လူတွေ့မေးမြန်းအကဲဖြတ်၍ လုပ်ထုံးလုပ်နည်းနှင့်အညီဖြစ်စေရေး သုံးသပ်ဆောင်ရွက်။

ပြည်ထောင်စုဝန်ကြီးဦးခင်ရီ၊ နိုင်ငံခြားသားအမြဲနေထိုင်ခွင့်ပြုခြင်း (PR System) ဆိုင်ရာ အကောင်အထည်ဖော်ရေးဗဟိုကော်မတီ

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်၊ လျှောက်ထားသူများအား လူတွေ့မေးမြန်းအကဲဖြတ်၍ လုပ်ထုံးလုပ်နည်းနှင့်အညီဖြစ်စေရေး သုံးသပ်ဆောင်ရွက်။

နေပြည်တော်၊ ဇူလိုင် ၂၁။

          မြန်မာနိုင်ငံတွင် နိုင်ငံခြားသား အမြဲနေထိုင်ခွင့်လျှောက်ထားသူများနှင့် ပတ်သက်၍ နိုင်ငံခြားသားအမြဲနေထိုင်ခွင့်ပြုခြင်း (Permanent Residence System-PR System) ဆိုင်ရာ အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ဗဟိုကော်မတီမှ စိစစ်အတည်ပြုပြီးသူများအား လူတွေ့မေးမြန်းအကဲဖြတ်ခြင်းကို ဇူလိုင်လ(၂၁)ရက်၊ ယနေ့နံနက် (၁၀)နာရီက နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမ၌ကျင်းပရာ အခမ်းအနားသို့ နိုင်ငံခြားသားအမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည် ဖော်ရေးဗဟိုကော်မတီဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ဗဟိုကော်မတီဝင် ဥပဒေရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစန်းလွင်နှင့် ဗဟိုကော်မတီဝင်များ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။

          အစီအစဉ်အရ ရှေးဦးစွာ ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက အမှာ စကားပြောကြားရာတွင် မြန်မာနိုင်ငံတွင် နိုင်ငံခြားသားအမြဲနေထိုင်ခွင့်စနစ်ကို ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ(၁၉)ရက်မှ စတင်ဆောင်ရွက်ခဲ့ပြီး ကျွမ်းကျင်ပညာရှင်၊ ရင်းနှီးမြှုပ်နှံလိုသည့် စီးပွားရေးလုပ်ငန်းရှင်၊ အခြားနိုင်ငံသားခံယူထားပြီး မိမိနိုင်ငံကို အထောက်အကူပြုမည့် မြန်မာ နိုင်ငံသားဟောင်းနှင့် မြန်မာနိုင်ငံသားနှင့် သွေးချင်းဆက်စပ်သူနိုင်ငံခြားသားဟူ၍ အမျိုးအစား (၄)မျိုးဖြင့် ခွင့်ပြုဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ စတင်ဆောင်ရွက်ချိန်မှ ၂၀၂၂ ခုနှစ်၊  ဇူလိုင်လ (၂၀)ရက်နေ့အထိ လျှောက်ထားသူနှင့် မိသားစုအပါအဝင် စုစုပေါင်း(၇၂၆)ဦးရှိပြီး ပြည်ထောင်စု အစိုးရအဖွဲ့ရုံးမှ အတည်ပြုခွင့်ပြုပေးပြီးသူ မိသားစုအပါအဝင် (၆၄၈)ဦး ရှိပြီဖြစ်ပါကြောင်း၊ နိုင်ငံခြားသားအမြဲနေထိုင်ခွင့်စနစ်သည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံအတွက် နိုင်ငံခြား ငွေရရှိရေးနှင့် ရေရှည်အကျိုးစီးပွားဖြစ်ထွန်းရေးတို့အတွက် များစွာအထောက်အကူပြုသည့် နည်းလမ်းတစ်ခုဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်းစဉ်အား PR နည်းဥပဒေနှင့်အညီဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး လျှောက်ထားသူများအနက် PR နည်းဥပဒေအရ ငြင်းပယ်ခဲ့သူ(၇)ဦး၊ လျှောက်ထားခြင်း အား ပြန်လည်ပယ်ဖျက်သူ(၁)ဦး၊ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုအခြေအနေအရ လေကြောင်းလိုင်း များပိတ်ထားခြင်းကြောင့် ဗဟိုကော်မတီမှ လူတွေ့စစ်ဆေးအကဲဖြတ်ရန် ကျန်ရှိသည့် လျှောက်ထားသူ (၃၉) ဦးနှင့် မိသားစု (၁၂) ဦး၊ ယခု ထပ်မံလျှောက်ထားသူ (၁၁) ဦးနှင့် မိသားစု (၇) ဦး စုစုပေါင်းလျှောက်ထားသူ (၅၀) ဦးနှင့် မိသားစုဝင် (၁၉) ဦး စုစုပေါင်း (၆၉) ဦးရှိပါ ကြောင်း၊ ၎င်းတို့အနက် လုပ်ငန်းကော်မတီမှ ပဏာမစိစစ်ပြီးသူများနှင့် ယခင်လူတွေ့စစ်ဆေးရန် ကျန်ရှိသူများအနက်မှ လာရောက် ဖြေဆိုမည့်သူ မိသားစုဝင်များအပါအဝင် (၂၁) ဦးအား ယခု အစည်းအဝေးတွင် လူတွေ့စစ်ဆေးအကဲဖြတ် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင်လည်း အဓိကလျှောက်ထားသူ (၁၂) ဦးကို လူတွေ့စစ်ဆေးအကဲဖြတ်‌ ဆောင်ရွက်မည်ဖြစ်ရာ တက်ရောက်လာကြသည့် ဗဟိုကော်မတီဝင်များအနေဖြင့် လူတွေ့ မေးမြန်းအကဲဖြတ်ခြင်းကို လုပ်ထုံးလုပ်နည်းနှင့်အညီဖြစ်စေရေးအတွက် ဝိုင်းဝန်းအကြံပြု သုံးသပ်အကဲဖြတ် ဆောင်ရွက်ပေးကြစေလိုပါကြောင်းဖြင့် အကျယ်တဝင့် ရှင်းလင်းပြောကြား သည်။

          ထို့နောက် ဗဟိုကော်မတီအတွင်းရေးမှူး အမြဲတမ်းအတွင်းဝန် ဦးအောင်ကျော်စိုးက နိုင်ငံခြားသားအမြဲနေထိုင်ခွင့်ပြုခြင်းနှင့်ပတ်သက်၍ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ၊ အမြဲနေထိုင်ခွင့်စနစ်ဖြင့် ခွင့်ပြုဆောင်ရွက်ပေးမှုနှင့် ‌ဆောင်ရွက်ရသည့် လုပ်ငန်းအစီအစဉ်များကို လည်းကောင်း၊ တာဝန်ခံအရာရှိက လက်ရှိလူတွေ့စစ်ဆေးအကဲဖြတ်မည့် PR လျှောက်ထားသူ (၁၂)ဦး၊ မိသားစုဝင်(၉)ဦးတို့၏ ကိုယ်ရေးအချက်အလက်များ၊ လုပ်ငန်းကော်မတီနှင့် ဗဟိုကော်မတီ တို့မှ စိစစ်ဆောင်ရွက်ခဲ့မှုနှင့် လူတွေ့အကဲဖြတ်စိစစ်မည့် အစီအစဉ်များကိုလည်းကောင်း အသီးသီး ရှင်းလင်းတင်ပြရာ ဗဟိုကော်မတီဝင်များက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြသည်။

          ယင်းနောက် ဗဟိုကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များက နိုင်ငံခြားသားအမြဲနေထိုင်ခွင့် လျှောက်ထားသူများအား တစ်ဦးချင်းတွေ့ဆုံကာ ၎င်းတို့၏ကိုယ်ရေးအချက်အလက်များမှ သိရှိ လိုသည်များ၊ ပြဋ္ဌာန်းထားသည့် နည်းဥပဒေအပေါ် သိရှိလိုက်နာဆောင်ရွက်ရေးနှင့် တည်ဆဲ ဥပဒေများနှင့်အညီ နေထိုင်နိုင်ရေးအခြေအနေများကို မေးမြန်းဆွေးနွေးကြပြီး အကဲဖြတ် အတည်ပြု ဆုံးဖြတ်ကြသည်။

          ထို့နောက် ဗဟိုကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးသည် PR လျှောက်ထားသူ (၁၂) ဦးအား ထပ်မံတွေ့ဆုံ၍ မြန်မာနိုင်ငံတွင် နိုင်ငံခြားသားအမြဲနေထိုင်ခွင့်စနစ် (PR System) ကျင့်သုံးခွင့်ပြုရခြင်း၏ ရည်ရွယ်ချက်၊ PR လျှောက်ထားမှုလုပ်ငန်းစဉ်အဆင့်ဆင့်၊ PR နည်းဥပဒေ ပြဋ္ဌာန်းမှုနှင့် PR နည်းဥပဒေအပါအဝင် မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများနှင့်အညီ နေထိုင်လုပ်ကိုင်ဆောင်ရွက်ကြရေး ရှင်းလင်းပြောကြားသည်။

          ယခုအစည်းအဝေးတွင် PR လျှောက်ထားသူ (၁၂) ဦးအား လူတွေ့အကဲဖြတ်စစ်ဆေးကာ ၎င်းတို့နှင့်အတူ လျှောက်ထားသည့် မိသားစုဝင် (၉) ဦးအပါအဝင် စုစုပေါင်း (၂၁) ဦးအတွက် စစ်ဆေးအကဲဖြတ်ဆောင်ရွက်ခဲ့ကြပြီး အတည်ပြုပြီးပါက အထက်အဆင့်ဆင့်သို့တင်ပြကာ အတည်ပြုခွင့်ပြုသူများအား နေထိုင်ခွင့်လက်မှတ်နှင့်ကတ်ပြားများထုတ်ပေးနိုင်ရေး ဝန်ကြီးဌာန ၏ လုပ်ငန်းစဉ်များအတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ (-)

Sorry, the comment form is closed at this time.