ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ပန်းခင်းစီမံချက်အတွက် လိုအပ်ချက်များ ဖြည့်စွက်ရေးနှင့် အခက်အခဲ များ ဖြည့်ဆည်းနိုင်ရေးစည်းဝေး၊ ပြည်သူ့အကျိုးအတွက် ဆောင်ရွက်ပေးသည့်လုပ်ငန်းကို ပြည်သူများ သိရှိနားလည် ပူးပေါင်းဆောင်ရွက်ရေး အလေးထားဆောင်ရွက်ရန်မှာကြား။

ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ပန်းခင်းစီမံချက်အတွက် လိုအပ်ချက်များ ဖြည့်စွက်ရေးနှင့် အခက်အခဲများ ဖြည့်ဆည်းနိုင်ရေးစည်းဝေး၊

ပြည်သူ့အကျိုးအတွက်ဆောင်ရွက်ပေးသည့်လုပ်ငန်းကို ပြည်သူများသိရှိနားလည် ပူးပေါင်းဆောင်ရွက်ရေး အလေးထားဆောင်ရွက်ရန်မှာကြား။

 နေပြည်တော်၊ စက်တင်ဘာ ၁၀ ။

          ပန်းခင်းစီမံချက် အကောင်အထည်ဖော်ဆောင်ရွက်မှုကို အခြေအနေအမျိုးမျိုးတွင် စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်ချက်များ ဖြည့်စွက်ရေးနှင့် အခက်အခဲများ ဖြည့်ဆည်းပေး နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး တို့အတွက် စက်တင်ဘာလ ၉ ရက်၊ မွန်းလွဲ ၁ နာရီခွဲတွင် လည်းကောင်း၊ ကချင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) တို့အတွက် စက်တင်ဘာလ ၁၀ ရက်၊ ယနေ့မွန်းလွဲ ၁ နာရီခွဲတွင်လည်းကောင်း၊ နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပရာ အခမ်းအနားများသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ အမြဲတမ်းအတွင်းဝန်နှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများ တက်ရောက်ကြပြီး သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ် ဦးစီးမှူးများသည် သက်ဆိုင်ရာဒေသအသီးသီးမှ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။

          အစည်းအဝေးများတွင် ပြည်ထောင်စုဝန်ကြီးဦးခင်ရီက အမှာစကားပြောကြားရာ၌ ပန်းခင်း စီမံချက်အစည်းအဝေးများကို ယခုကဲ့သို့ မကြာခဏဆောင်ရွက်ရခြင်းသည် နိုင်ငံတော်အတွက် အရေးကြီးသည့်လုပ်ငန်းဖြစ်ပြီး အချိန်ကာလနှင့် လုပ်ငန်းပမာဏ သတ်မှတ်ချက်များရှိခြင်းကြောင့် ဖြစ်ပါကြောင်း၊ လက်ရှိအခြေအနေတွင် ပန်းခင်းစီမံချက်လုပ်ငန်းများနှင့်ပတ်သက်၍ ဝန်ကြီးဌာနအပိုင်း မှ ဖြည့်ဆည်းပေးရန် လိုအပ်ချက်များကို အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်များရှိ ဒေသအာဏာပိုင်အဖွဲ့အစည်းများနှင့် ပေါင်းစပ်ဆောင်ရွက်နိုင်ရေး အတွက်လည်း ညှိနှိုင်းပေးလျက်ရှိပါကြောင်း၊ ထို့ပြင် ပြည်သူများ သိရှိနားလည် ပူးပေါင်းဆောင်ရွက် နိုင်ရေးအတွက် မီဒီယာပိုင်းမှ အသိပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ လုပ်ငန်းများပြီးစီးနိုင်ရန် အချိန်ကာလနှင့် လုပ်ငန်းပမာဏ ကန့်သတ်ချက်များရှိသည့်အတွက်  လုပ်ငန်းများ ရပ်တန့်နေခြင်းမျိုး မဖြစ်စေရေး တတ်နိုင်သမျှ ၊ စွမ်းဆောင်နိုင်သမျှ နည်းလမ်းများကို ဘက်ပေါင်းစုံမှ တွေးတောကြံဆ ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ စီမံချက်ဖြစ်သည်နှင့်အညီ ကိုဗစ်-၁၉ ရောဂါ အပါအဝင် အခြားသောအဟန့်အတား၊ အခက်အခဲများကြားမှ မဖြစ်မနေ အကောင်အထည်ဖော် ဆောင်ရွက်ရမည့် စီမံချက်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ တိုင်းဒေသကြီး/ ပြည်နယ်များကို ရက်အလိုက် သတ်မှတ်၍ အစည်းအဝေးများ ဆောင်ရွက်ရခြင်းမှာ နယ်မြေဒေသ တစ်ခုနှင့်တစ်ခု လုပ်နည်းလုပ်ဟန် မတူညီသောအချက်များမှ မိမိတို့ နယ်မြေဒေသနှင့် ကိုက်ညီဆောင်ရွက်နိုင်မည့်နည်းလမ်းများ၊ အကြံဉာဏ်များကို ညှိနှိုင်းတိုင်ပင်ကာ အတုယူ၊ အမြင်ခြင်းဖလှယ် အသုံးပြုဆောင်ရွက်နိုင်ရေးအတွက် ဖြစ်ပါကြောင်း၊ မိမိတို့ နယ်မြေဒေသအလိုက် ဆောင်ရွက်ပေးနိုင်မည့် ဦးစားပေးနယ်မြေ ခွဲခြား သတ်မှတ်ကာ အခြေအနေပေးလာသည်နှင့် အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်ရေးတို့အတွက်လည်း ကြိုတင်စီမံဆောင်ရွက်ထားကြရန် လိုအပ်ပါကြောင်း၊ ပန်းခင်းစီမံချက်ကြောင့် နိုင်ငံသားတစ်ဦး ဖြစ်ကြောင်း ဥပဒေနှင့်အညီ ခိုင်လုံသည့် အထောက်အထားတစ်ခု ရရှိကိုင်ဆောင်နိုင်မည့် အခွင့်အရေး ဖြစ်ပြီး ၎င်းတို့၏ လူမှုဘဝဆောင်ရွက်ချက်တိုင်းတွင် မရှိမဖြစ်လိုအပ်သည့် သက်သေခံမှုဖြစ်သည်ကို ပြည်သူများ နားလည်သိရှိကြရန် အရေးကြီးပါကြောင်း၊ ထို့ကြောင့် ပြည်သူ့အကျိုးအတွက် ဆောင်ရွက် ပေးသည့်လုပ်ငန်းကို ပြည်သူများသိရှိနားလည် ပူးပေါင်းဆောင်ရွက်နိုင်ရေး အလေးထားကာ ထိထိရောက်ရောက် ဆောင်ရွက်ကြရန်လည်း လိုအပ်ပါကြောင်း၊ လုပ်ငန်းလိုအပ်ချက်များကိုလည်း ဝန်ကြီးဌာနမှ အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးမည်ဖြစ်ပြီး တိုင်းဒေသကြီး/ပြည်နယ်အလိုက် ပန်းခင်း စီမံချက်ဆောင်ရွက်နေမှုနှင့် လုပ်ငန်းဆိုင်ရာလိုအပ်ချက်များကို ရှင်းရှင်းလင်းလင်း တင်ပြကြရန် ဖြစ်ပါကြောင်း အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။

          ထို့နောက် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည့် တိုင်းဒေသကြီး/ပြည်နယ် ဦးစီးမှူး များက နယ်မြေဒေသအလိုက် ပန်းခင်းစီမံချက် အကောင်အထည်ဖော်ဆောင်ရွက်နေမှုနှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များ၊ လုပ်ငန်းဆိုင်ရာအခက်အခဲများနှင့် လုပ်ငန်းလိုအပ်ချက် များကို အသီးသီးရှင်းလင်းတင်ပြကြသည်။

          ယင်းနောက် ဒုတိယဝန်ကြီး ဦးဌေးလှိုင်နှင့် တာဝန်ရှိသူများက လုပ်ငန်းဆိုင်ရာလိုအပ်ချက် များကို ဖြည့်စွက်ဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များအပေါ် ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးကာ ယခုကာလအတွင်း ဝန်ထမ်းများအနေဖြင့် ကိုဗစ်-၁၉ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရေးနှင့် သတ်မှတ်သည့် အရွေ့တစ်ခုသို့ အချိန်မီ ရောက်ရှိနိုင်ရေးအတွက် အားလုံးက တက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရေးနိဂုံးချုပ် အမှာစကားပြောကြား၍ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။(-)

 

Sorry, the comment form is closed at this time.