ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား သင်တန်း ကျောင်းကြည့်ရှုစစ်ဆေး၊ မကြာမီကာလအတွင်း သင်တန်းများဖွင့်လှစ်နိုင်ရေးအတွက် ဘာသာရပ် ဆိုင်ရာသင်ခန်းစာနှင့် သင်ထောက်ကူပစ္စည်းများပြည့်စုံရေး ကြိုတင်စီစဉ်ဆောင်ရွက်ရန်မှာကြား။

ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား သင်တန်းကျောင်းကြည့်ရှုစစ်ဆေး၊ မကြာမီကာလအတွင်း

သင်တန်းများဖွင့်လှစ်နိုင်ရေးအတွက် ဘာသာရပ်ဆိုင်ရာသင်ခန်းစာနှင့် သင်ထောက်ကူပစ္စည်းများပြည့်စုံရေး ကြိုတင်စီစဉ်ဆောင်ရွက်ရန်မှာကြား။

နေပြည်တော်၊ စက်တင်ဘာ  ၂၀  ။

          လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီသည် ဒုတိယဝန်ကြီး ဉီးဌေးလှိုင်နှင့် တာဝန်ရှိသူများလိုက်ပါလျက် စက်တင်ဘာလ(၂၀)ရက်နေ့ နံနက်(၉) နာရီတွင် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား သင်တန်းကျောင်းသို့သွားရောက်၍ သင်တန်းခန်းမ၌ ဝန်ထမ်းများအားတွေ့ဆုံရာ ရှေးဉီးစွာ ကျောင်းအုပ်ကြီး ဉီးကျော်ထွဋ်က သင်တန်းကျောင်းဖွဲ့စည်းပုံနှင့် ဝန်ထမ်းအင်အားအခြေအနေ၊ သင်တန်းကျောင်းဆိုင်ရာ အချက်အလက်များနှင့် အဆောက်အဉီများ ဆောက်လုပ်ပြီးစီးမှု၊ သင်တန်းများဖွင့်လှစ်ပို့ချပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များ၊ လုပ်ငန်း လိုအပ်ချက်များကို ရှင်းလင်းတင်ပြသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ဝန်ကြီးဌာန၏ သင်တန်းကျောင်းသည် ဌာနမှ ဝန်ထမ်းများအနေဖြင့် ဌာန၏ ရည်မှန်းချက်တာဝန်များ အကောင်အထည်ဖော်ဆောင်ရွက်မှု၊ ဌာန၏ လုပ်ငန်းများသည် နိုင်ငံတော်လုံခြုံရေးနှင့် အမျိုးသားအကျိုးစီးပွားများအတွက် အရေးပါမှု၊ နိုင်ငံတော် ၏ မူဝါဒနှင့်လုပ်ငန်းစဉ်များအပေါ် သိရှိနားလည်မှုစသည့် အကြောင်းအရာများကို ဆွေးနွေးပို့ချ ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာန၏ သင်တန်းကျောင်းတွင် ၂၀၁၉ ခုနှစ်အတွင်း သင်တန်း(၂) ကြိမ်ဖွင့်လှစ်ခဲ့ပြီး နောက်ပိုင်း ကိုဗစ်-၁၉ ရောဂါအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ဖွင့်လှစ်နိုင်ခြင်းမရှိခဲ့ရာ မကြာခင်ကာလအတွင်း သင်တန်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ဘာသာရပ်ဆိုင်ရာ သင်ခန်းစာများနှင့် သင်ထောက်ကူပစ္စည်းများပြည့်စုံရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရန်လိုကြောင်း၊ မိမိတို့ဌာနသည် ဥပဒေ၊ လုပ်ထုံးလုပ်န်ညးများနှင့်အညီ ဆောင်ရွက် ရမည့် လုပ်ငန်းများဖြစ်ပြီး မျိုးချစ်စိတ်ဓာတ်ကို အခြေခံကာဆောင်ရွက်ရပါကြောင်း၊ နိုင်ငံအတွင်း အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ရေဆိပ်များအပါအဝင် နယ်စပ်ဝင်ထွက်ပေါက်များ၏ လူဝင်မှုကြီးကြပ် ရေးနှင့် နိုင်ငံခြားသားထိန်းသိမ်းရေးလုပ်ငန်းများ၊ သွေးချင်းဆက်စပ်မှုအပေါ် မူတည်ကာ ဥပဒေနှင့် အညီ စိစစ်ဆောင်ရွက်ပေးရသည့် နိုင်ငံသားစိစစ်ရေးလုပ်ငန်းများ၊ နိုင်ငံတော်၏မူဝါဒနှင့် စီမံကိန်း များ ရေးဆွဲချမှတ်နိုင်ရေးအတွက် လူဦးရေနှင့်ကိန်းဂဏန်းအချက်အလက်များ ကောက်ယူပြုစုထုတ်ပြန်ပေး သည့် လုပ်ငန်းများစသည့် ဌာန၏ ရည်မှန်းချက်တာဝန်များ ဝန်ထမ်းတိုင်းစနစ်တကျ သိရှိ နားလည် ထားကြရန် အရေးကြီးပါကြောင်း၊ ထို့ပြင် ဝန်ထမ်းများသည် နိုင်ငံတော်အစိုးရ၏ မူဝါဒ၊ လုပ်ငန်းစဉ် များနှင့်အညီ ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များကို နားလည်သဘောပေါက်ကြရန်လည်း လိုအပ်ပါကြောင်း၊ ယင်းအကြောင်းအရာများအား သင်တန်းများ တွင် စနစ်တကျသင်ကြားပို့ချနိုင်ရေးအတွက် နည်းပြမှတ်စုများ ပြည့်ပြည့်စုံစုံပြုစုထားကြရန် လိုကြောင်း၊ သင်တန်းနည်းပြများအနေဖြင့် ဘာသာရပ်ဆိုင်ရာသင်တန်းစာများကို မိမိတို့တွေ့ကြုံ ဖြတ်သန်းခဲ့ရသည့် အတွေ့အကြုံများ၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပို့ချနိုင်ရေးအတွက် လေ့လာမှတ်သားထားကြရန်လိုကြောင်း၊ သို့မှသာ ဝန်ထမ်းများအနေဖြင့် အရည်အသွေးမြင့်မားပြီး ၊ နိုင်ငံတော်၏ သစ္စာကို စောင့်သိရိုသေကာပေးအပ်သည့် တာဝန်များအပေါ် ယုံကြည်ချက်၊ ခံယူချက် ရှိရှိ ဖြင့် အဆင်ပြေအောင် ကြိုးပမ်းဆောင်ရွက်နိုင်ကြရန် ဖြစ်ပါကြောင်း၊ အစဉ်လေ့လာသင်ယူရင်း ကျွမ်းကျင်ပိုင်နိုင်ကာ ပြည်သူက အားကိုးအားထားပြုနိုင်သည့် ဝန်ထမ်းကောင်းများ မွေးထုတ်ပေး ကြရန် တိုက်တွန်းပါကြောင်းဖြင့် အကျယ်တဝင့်ရှင်းလင်းပြောကြားပြီး ဝန်ထမ်းများ၏ လုပ်ငန်း ဆိုင်ရာ တင်ပြချက်များအပေါ် လိုအပ်သည်များညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

          ယင်းနောက် သင်တန်းကျောင်းရှိ ဝန်ထမ်းများအတွက် ဆန်၊ ဆီနှင့် ကြက်ဥများကို ဒုတိယဝန်ကြီး ဦးဌေးလှိုင်က ထောက်ပံ့ပေးအပ်ရာ ကျောင်းအုပ်ကြီးကလက်ခံရယူသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် သင်တန်းကျောင်း၏ ရုံးခန်းများအခြေအနေ၊ သင်တန်းသားအိပ်ဆောင်အတွင်း ခင်းကျင်းထားရှိမှုနှင့် စားရိပ်သာအခြေအနေ၊ သင်တန်းကျောင်း အကွက်ချမြေပုံနှင့် သင်တန်းသားများအတွက် စာအုပ်စာစောင်များ စုဆောင်းထားရှိမှုအခြေအနေ၊ ဝန်ထမ်းအိမ်ရာအဆောက်အဉီများ ဆောက်လုပ်ထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက သင်တန်းကျောင်း ပတ်ဝန်းကျင်စိမ်းလန်းစိုပြေသာယာလှပရေးနှင့် သင်တန်းဖွင့်လှစ်ချိန်တွင် လိုအပ်ချက်များအသင့်ဖြစ်စေရန်အတွက် စီစဉ်ဆောင်ရွက်ထားရှိရန် မှာကြားကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။ (-)

Sorry, the comment form is closed at this time.