ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ပျဉ်းမနားမြို့နယ်ရှိ ဒေသခံပြည်သူများအား ပန်းခင်းစီမံချက် ဖြင့် ဆောင်ရွက်ပြီးဖြစ်သည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ်၊ စီမံချက်အောင်မြင်ရေးအတွက် ဝိုင်ဝန်းကူညီ ဆောင်ရွက်ပေးရန်တိုက်တွန်းမှာကြား။

ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ပျဉ်းမနားမြို့နယ်ရှိ ဒေသခံပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီးဖြစ်သည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ်၊ စီမံချက်အောင်မြင်ရေးအတွက် ဝိုင်ဝန်းကူညီ ဆောင်ရွက်ပေးရန်တိုက်တွန်းမှာကြား။

နေပြည်တော်၊ ဒီဇင်ဘာ ၄ ။

          ပြည်ထောင်စုနယ်မြေ(နေပြည်တော်)၊ပျဉ်းမနားမြို့နယ်၊ ကင်မွန်းတန်းကျေးရွာအုပ်စုအတွင်း ရှိဒေသခံပြည်သူများအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီးဖြစ်သည့် အိမ်ထောင်စုလူဦးရေစာရင်း (၅၆၃) စုနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြား (၂၁၂၃) ကတ် ပေးအပ်ပွဲကို ဒီဇင်ဘာ ၄ ရက် ၊ ယနေ့နံနက် (၁၀) နာရီတွင် ပျဉ်းမနားမြို့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၊ စုပေါင်းခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်း၊ ဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ ဖိတ်ကြားထားသူများနှင့် ကင်မွန်းတန်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ ဒေသခံပြည်သူများ တက်ရောက်ကြသည်။

          အစီအစဉ်အရ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက အမှာစကားပြောကြားရာတွင် မိမိတို့ဝန်ကြီး ဌာနကနိုင်ငံတော်စီမံချက်ဖြစ်သည့် ပန်းခင်းစီမံချက်ကို တိုင်းဒေသကြီး/ပြည်နယ် အားလုံး၌ အင်တိုက်အားတိုက် ဆောင်ရွက်လျှက်ရှိပါကြောင်း၊ ယခုပျဉ်းမနားမြို့နယ်၊ ကင်မွန်းတန်းကျေးရွာ အုပ်စုအတွင်းရှိ ဒေသခံပြည်သူများအတွက် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီးဖြစ်သည့် အိမ်ထောင်စုလူဦးရေစာရင်း ( ၅၆၃ )စုနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ( ၂၁၂၃ ) ကတ် ထုတ်ပေး နိုင်ခဲ့သည့်အတွက် ကတ်ပြားရရှိသူ ပြည်သူများအနေဖြင့် နိုင်ငံသားအခွင့်အရေး အပြည့်အဝရရှိ ခံစားနိုင်တော့မည် ဖြစ်ပါကြောင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားသည် နိုင်ငံသားတစ်ဦးအတွက် လူမှု ဘဝပြည့်စုံနိုင်ရန် မရှိမဖြစ်လိုအပ်သည့် အထောက်အထားတစ်ခုဖြစ်ပါကြောင်း၊ နောင်လာမည့် ရွေးကောက်ပွဲများတွင်လည်း နိုင်ငံသားအဖြစ် အသိအမှတ်ပြုသက်သေခံ အထောက်အထား ကတ်ပြားတစ်ခုခု ကိုင်ဆောင်မဲပေးရမည်ဖြစ်သည့်အတွက် နိုင်ငံသားအားလုံးသည် ကိုင်ဆောင်သင့် သည့်ကတ်ပြားတစ်မျိုးမျိုး ရရှိထားရန်လိုအပ်ပါကြောင်း၊ မိမိတို့နိုင်ငံ၏ နိုင်ငံသားဖြစ်မှုသည် သွေးချင်းစပ်ဆက်မှုအပေါ် မူတည်ဆုံးဖြတ်သည့် နိုင်ငံဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံ၏နိုင်ငံသား တစ်ဦးသည်နှစ်နိုင်ငံသား အဖြစ်ခံယူခွင့်မရှိ၊ နိုင်ငံသားတစ်ဦးသည် အခြားနိုင်ငံ၏သက်သေခံ အထောက်အထားတစ်ခုခု ရယူကိုင်ဆောင်လိုက်သည်နှင့် မိမိနိုင်ငံသားအဖြစ်ဆုံးရှုံးသွားပြီ ဖြစ်ကြောင်းကိုလည်း အသိပေးပြောကြားလိုပါကြောင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားကိုလည်းအပို ရယူကိုင်ဆောင်ခြင်း၊ အတုပြုလုပ်ကိုင်ဆောင်ခြင်း မပြုလုပ်ကြရန်နှင့် ယင်းကဲ့သို့ပြုလုပ် ကိုင်ဆောင်ပါက တည်ဆဲဥပဒေများအရ အရေးယူခြင်းခံရမည်ဖြစ်ပါကြောင်း၊ နိုင်ငံသားစိစစ်ရေး ကတ်သည် နိုင်ငံသားတစ်ဦးအတွက် နိုင်ငံသားအခွင့်အရေး၊ လူမှုဘဝပြည့်စုံနိုင်ရေးတို့အတွက်မရှိ မဖြစ်လိုအပ်သည့် အထောက်အထားဖြစ်သည်နှင့်အညီ ရရှိပြီးကတ်ပြားကိုလည်း ပျောက်ပျက်ဆုံးရှုံး မှုမရှိစေရေးအတွက် စနစ်တကျကိုင်တွယ်ထိန်းသိမ်းကြရန်လည်း လိုအပ်ပါကြောင်း၊ ယခုကဲ့သို့ ပန်းခင်းစီမံချက်ဖြင့် ရပ်ကွက်ကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက်ပေးရာတွင် မိမိဌာနမှ ဝန်ထမ်းများအား ဆက်စပ်ဌာနများမှ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးနိုင်ရန် လိုအပ်သကဲ့သို့ပြည်သူ များကလည်း ပူးပေါင်းပါဝင် ဆောင်ရွက်ပေးရန်လိုအပ်ပါကြောင်း၊ ကတ်ပြားရရှိပြီးသူများကလည်း တစ်ဆင့်စကား၊ တစ်ဆင့်နားဖြင့် ကတ်ပြားမပြုလုပ်ရသေးသူများအား အသိပေးပြောကြားပေးရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်စီမံချက်ဖြစ်သည့် ပန်းခင်းစီမံချက် အောင်မြင်ရေးအတွက်အားလုံးက ဝိုင်းဝန်းကူညီပံ့ပိုး ဆောင်ရွက်ပေးရန် တိုက်တွန်းပါကြောင်းဖြင့် အကျယ်တဝင့် ရှင်းလင်းပြောကြား သည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က ပြည်ထောင်စု နယ်မြေ(နေပြည်တော်)အတွင်းပန်းခင်းစီမံချက် အကောင်အထည်ဖော်ဆောင်ရွက်နေမှုနှင့်ဆက်စပ် ဌာနများနှင့်ဒေသခံပြည်သူများ ပူးပေါင်းဆောင်ရွက်နိုင်ရေး အခြေအနေများကိုရှင်းလင်း ပြောကြား ပြီးနောက် ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းမှူး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ပျဉ်းမနားမြို့နယ်၊ ကင်မွန်းတန်းကျေးရွာအုပ်စုအတွင်းရှိ ကင်မွန်းတန်း၊ လဲလူးအိုင်၊ ကန်ဦး၊ ရွာသစ်၊ ယောက်သွားအင်း၊ သစ်တွန်၊ ပျဉ်းမနားဟောင်း၊  စသည့်ကျေးရွာများ၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များနှင့် စက်ရုံအလုပ်ရုံတို့၌ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီးဖြစ်သော အိမ်ထောင်စုလူဦးရေ စာရင်း(၅၆၃)စုနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၂၁၂၃)ကတ် တို့ကို ကျေးရွာ ကိုယ်စားလှယ်များနှင့် ကာယကံရှင်ပြည်သူများထံ အသီးသီးပေးအပ်ကြသည်။

          ထို့နောက် ပန်းခင်းစီမံချက် ဆောင်ရွက်ပေးမှုနှင့် ပတ်သက်၍ ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကား‌ ပြန်လည်ပြောကြား၍ အခမ်းအနားကို ရုတ်သိမ်းလိုက်ပြီးနောက် ပြည်ထောင်စု ဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဒေသခံ ပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးသည်။

          နံနက်(၁၁)နာရီခွဲတွင်ပြည်ထောင်စုဝန်ကြီး ဦးခင်ရီသည် ဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ အမြဲတမ်းအတွင်းဝန် ဦးအောင်ကျော်စိုးနှင့် တာဝန်ရှိသူများနှင့်အတူ ပျဉ်းမနားမြို့နယ် စီမံအုပ်ချုပ် ရေးအဖွဲ့ရုံးစုပေါင်းခန်းမ၌ပင် ပြည်ထောင်စုနယ်မြေ (နေပြည်တော်) ဦးစီးမှူးရုံးနှင့် ခရိုင်နှင့်မြို့နယ် ဦးစီးမှူးရုံးများ မှ ဝန်ထမ်းများအား တွေ့ဆုံသည်။

          ထို့သို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးဦးခင်ရီက ဝန်ကြီးဌာန၏ အဓိကလုပ်ငန်းစဉ် တာဝန်ကြီး(၃)ရပ် အကောင်အထည်ဖော်ဆောင်ရွက်နေမှု ဌာနအနေဖြင့် နိုင်ငံတော်အတွက်အရေးပါသည့်လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေသည့်အတွက် ဝန်ထမ်းအားလုံး တစ်စိတ်တည်း တဝမ်းတည်းဖြင့် နိုင်ငံတော်၏ သစ္စာကိုစောင့်သိရန်လိုအပ်မှု၊ ပြောင်းလဲတိုးတက် နေသောခေတ်စနစ်ကို မျက်ခြေပြတ်မခံဘဲ နိုင်ငံနှင့်ပြည်သူ့ အကျိုးအတွက်မျှော်တွေးဆောင် ရွက်နိုင်ရေး အခြေအနေ၊ ဝန်ထမ်းတစ်ဦးချင်းအနေဖြင့်ဌာန၏ ဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့် လုပ်ငန်းဆောင်ရွက်မှုများကို ကျွမ်းကျင်ပိုင်နိုင်ရေးအတွက် အစဉ်လေ့လာသင်ယူနိုင်ရေး၊ IT နည်း ပညာနှင့် ဘာသာစကားတက်ကျွမ်းအောင် ဆောင်ရွက်နိုင်ရေးနှင့် လုပ်ဆောင်မှုတိုင်း၌ စံပြဖြစ်စေ ရေး၊ ပြည်သူနှင့်တိုက်ရိုက်ထိတွေ့ ဆက်ဆံဆောင်ရွက်ရသည့် ဌာနဖြစ်သည်နှင့်အညီပြည်သူအပေါ် ယဉ်ကျေးပျူငှာစွာဆက်ဆံ၍ ထိရောက်သောဝန်ဆောင်မှု ပေးနိုင်ရေးအခြေအနေ၊ ယင်းသို့ ဆောင်ရွက်ရာတွင်လည်း ထုတ်ပြန်ပြဌာန်းထားသည့် တည်ဆဲ ဥပဒေနှင့်အညီ ဆောင်ရွက်ရမည့် အခြေအနေ၊ အဂတိလိုက်စားမှုနှင့် လာဘ်ပေးလာဘ်ယူမှု ကင်းရှင်းရေးအတွက် အလေးထား ဆောင်ရွက်နိုင်ရေးနှင့် ဝန်ထမ်းကျင့်ဝတ်နှင့်အညီ နေထိုင်ကျင့်ကြံ ဆောင်ရွက်နိုင်ရေး အခြေအနေ၊ ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူရေး၊ နိုင်ငံခြားသား ထိန်းသိမ်းရေး၊ e-ID စနစ် အကောင်အထည်ဖော်ရေး လုပ်ငန်းများဆက်လက် ဆောင်ရွက်မည့်အခြေအနေ၊ လုပ်ငန်းများ အောင်မြင်ရေးအတွက် ဝန်ထမ်းအချင်းချင်းစည်းလုံးညီညွတ်စွာဖြင့် တက်ညီလက်ညီကြိုးပမ်း ဆောင်ရွက်နိုင်ရေးအခြေအနေများနှင့် စပ်လျဉ်း၍ အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိသည်။( – )

 

Sorry, the comment form is closed at this time.