ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊တာချီလိတ်မြို့ရှိ မိဘမဲ့ကလေးများကျောင်းနှင့်ဟိုရမ်းကျေးရွာတို့၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲများတက်ရောက်၊ ဌာန ဝန်ထမ်းများအား တွေ့ဆုံ၍ ရည်မှန်းချက်တာဝန်များ အောင်မြင်အောင်ဆောင်ရွက်ရေးမှာကြား ။

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် ၊ တာချီလိတ်မြို့ရှိ မိဘမဲ့ ကလေးများကျောင်းနှင့် ဟိုရမ်း ကျေးရွာတို့၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲများတက်ရောက်၊ ဌာန ဝန်ထမ်းများအား တွေ့ဆုံ၍ ရည်မှန်းချက်တာဝန်များ အောင်မြင်အောင်ဆောင်ရွက်ရေးမှာကြား ။

နေပြည်တော်၊ မေ ၂၅ ။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် အမျိုးသားမှတ်ပုံတင်နှင့်နိုင်ငံသားဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးအောင် ကျော်စိုး၊ နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးကြီးမင်းမင်းထွန်းတို့နှင့်အတူ မေလ ၂၄ ရက်၊ နံနက် (၁၁) နာရီတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ ၊ ရန်အောင်မြေရပ်ကွက်၊ ပါလျန်-၂ ခရစ်တော်၏ သက်သေခံလူငယ် ဖွံ့ဖြိုးရေးပရဟိတဂေဟာ မိဘမဲ့ကလေးကျောင်း၌ကျင်းပသည့် မိဘမဲ့ကလေးများအား ပန်းခင်းစီမံချက်ဖြင့်နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲသို့ တက် ရောက် အားပေးသည်။

အစီအစဉ်အရ ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံသားများ အား အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံသားစိစစ်‌ရေးကတ်ပြား ရရှိစေရေးအတွက် ပန်းခင်းစီမံ ချက်ရေးဆွဲ ဆောင်ရွက်နေမှု အခြေအနေများ၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ရရှိသူများအနေဖြင့် နိုင်ငံသားတစ်ဦး၏ အခွင့်အရေး အပြည့်အဝ ရရှိနိုင်သည့်အကျိုးကျေးဇူးများ၊ နိုင်ငံသားတစ်ဦး အနေဖြင့်လည်း နိုင်ငံတော်အပေါ် သစ္စာစောင့်သိ၍ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တာဝန်ရှိမှု အခြေအနေများ၊ ယခုပရဟိတဂေဟာရှိ မိဘမဲ့ကလေးငယ်များအား နိုင်ငံသား စိစစ်ရေး ကတ်ပြားထုတ်ပေးနိုင်ခဲ့သည့်အတွက် ကလေးငယ်များ၏ ရေရှည်ဘဝ ရပ်တည်ရေးနှင့် နိုင်ငံတော်အတွက် အားကိုးအားထားပြုနိုင်သည့် လူငယ်များအဖြစ် ပြုစုပျိုးထောင်နိုင်ရေး အခြေအနေများနှင့်စပ်လျဉ်း၍ အကျယ်တဝင့်အမှာစကား ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများသည် မိဘမဲ့ဂေဟာပရဟိတ ကျောင်း၊ ကျောင်းအုပ်ကြီးနှင့် ကလေးငယ်များအား အိမ်ထောင်စုလူဦးရေစာရင်း(၁)စုနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြား(၄၃)ကတ်ကို အသီးသီးပေးအပ်ကြပြီး ကျောင်းအုပ်ကြီး ဦးဂျန်မော်နောင်က ကျေးဇူးတင် ဝမ်းမြောက်စကား ပြောကြားကာ အခမ်းအနားကို ရုတ်သိမ်း လိုက်သည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာ အုပ်စု ၊ ဟိုရမ်းကျေးရွာရုံးခန်းမ၌ ကျင်းပသည့် ဒေသခံပြည်သူများအား ပန်းခင်းစီမံချက် ဖြင့် ဆောင်ရွက်ခဲ့သည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲသို့ တက်ရောက်အားပေးသည်။
အစီအစဉ်အရ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဌ၏ လမ်းညွှန်ချက်အရ မြန်မာနိုင်ငံသား တိုင်းရင်းသားများနှင့် ဥပဒေအရ နိုင်ငံသားများအား အိမ်‌ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သည့် ကတ်ပြား တစ်မျိုးမျိုး ရရှိကိုင်ဆောင်နိုင်ရေးအတွက် မိမိတို့ဝန်ကြီးဌာနမှ ပန်းခင်းစီမံချက် ရေးဆွဲကာ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါကြောင်း၊ ပြီးခဲ့သည့် အထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းများ၌ နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိဘဲ မဲစာရင်းတွင် ပါဝင်သူ (၄.၈)သန်းခန့် ရှိပါကြောင်း၊ ယင်းစာရင်းများတွင် နိုင်ငံသားမဟုတ်သူများလည်း ပါရှိနိုင်သကဲ့သို့ အသက် (၁၈) နှစ် မပြည့်‌သေးသူများ၊ မဲ့ပေးပိုင်ခွင့်မရှိသူများ ပါဝင်နိုင်ကြောင်း စိစစ်တွေ့ရှိရပါကြောင်း၊ နောင်ကျင်းပမည့် ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့် ရှိသူတိုင်း မဲပေးနိုင်ရေးနှင့် မဲပေးပိုင်ခွင့် ရှိသူတိုင်း နိုင်ငံသားစိစစ်ရေးကတ်ပြားဖြင့် မဲပေးနိုင်ရေး စီစဉ်ဆောင်ရွက်ခြင်းပင် ဖြစ်ပါကြောင်း သို့မှသာ တရားမျှတသည့် ရွေးကောက်ပွဲ ကျင်းပ၍ စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီနိုင်ငံကို ထူထောင်နိုင်မည်ဖြစ်ပါကြောင်း၊ ယခုလုပ်ငန်းစဉ်သည် ပြည်သူများအတွက် ယခင်အစဉ်အဆက် ဆောင်ရွက်ပေးနေသည့် လုပ်ငန်းဖြစ်ပါကြောင်း၊ လမ်းပမ်းဆက်သွယ်ရေး ခက်ခဲ့သည့် ဒေသ များနှင့် အကြောင်းအမျိုးမျိုးကြောင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားမရှိသူများ အများအပြားရှိနေသည့်အတွက် ယခုပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေး ခြင်းဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်းစဉ်သည် မိမိဌာန၏ လုပ်ငန်းတစ်ရပ်ဖြစ်သော်လည်း သက်ဆိုင်ရာ ဒေသအာဏာပိုင်အဖွဲ့အစည်းများနှင့် ဆက်စပ်ဌာနများ ပူးပေါင်း ဆောင်ရွက်ရမည့် အပြင် ကာယကံရှင် ပြည်သူများကလည်း ပါဝင်ကူညီဆောင်ရွက်မှသာ အောင်မြင်နိုင်မည့် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပါကြောင်း၊ မျိုးရိုးစဉ်ဆက် စာရွက်စာတမ်းအထောက် အထားများနှင့် ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ရသဖြင့် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြရန်လည်း တိုက်တွန်းလိုပါကြောင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိသည့် မြန်မာနိုင်ငံသားများသည် နိုင်ငံသားအခွင့်အရေးကို အပြည့်အဝရရှိခံစားနိုင်မည်ဖြစ်ပြီး နိုင်ငံသားတစ်ယောက်၏ တာဝန်နှင့် နိုင်ငံတော်အပေါ် သစ္စာစောင့်သိရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ရရှိသည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားကိုလည်း ပျက်စီး/ပျောက်ဆုံးမှု မရှိစေရေးအတွက် စနစ်တကျကိုင်တွယ် ထိန်းသိမ်း ကြရန် လိုအပ်မည်ဖြစ်ပါကြောင်းဖြင့် အကျယ်တဝင့် ရှင်းလင်း ပြောကြားသည်။

ထို့နောက်ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီးဖြစ်သည့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို မိုင်းကိုးကျေးရွာအုပ်စု စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးစိုင်းပင်း နှင့်ဒေသခံပြည်သူများက အသီးသီး လက်ခံရယူကြပြီး ကျေးရွာအုပ်စု စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးစိုးမြင့်က ကျေးဇူးတင်စကား ပြန်လည်ပြောကြား၍ အခမ်းအနားကို ရုတ်သိမ်း လိုက်သည်။ အဆိုပါအခမ်းအနားတွင် ပန်းခင်းစီမံချက်ဖြင့် မိုင်းကိုးကျေးရွာအုပ်စုမှ ကျေးရွာ အသီးသီးရှိ ရှမ်း၊ ပလောင်၊ လားဟူ၊ အာခါ စသည့်တိုင်းရင်းသားများအား အိမ်ထောင် စုလူဦးရေစာရင်း(၃၆)စုနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၁၂၉)ကတ်ကို ထုတ်ပေးနိုင်ခဲ့ကြောင်း သိရှိရသည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် တာချီလိတ်မြို့၊ မြန်မာ-ထိုင်းနယ်စပ်ရှိ အမှတ် (၁)ချစ်ကြည်ရေးတံတားသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ နှစ်နိုင်ငံနယ်စပ်ဖြတ်သန်းခွင့်နှင့် ပတ်သက်သည့် လုပ်ငန်းစဉ်အဆင့်ဆင့်နှင့် လူဝင်မှုစစ်ဆေးရေး ဆောင်ရွက်သည့် လုပ်ငန်းစဉ် အဆင့်ဆင့်တို့ကို တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသပြီး ပြည်ထောင်စုဝန်ကြီးမှ လိုအပ် သည်များညှိနှိုင်းဆောင်ရွက်ပေးသည်။ အဆိုပါ ချစ်ကြည်ရေးတံတားမှ နှစ်နိုင်ငံဝင်ထွက်မှုအား COVID-19 ကပ်ရောဂါဖြစ်ပွားမှုကြောင့် ၂၀၂၀ပြည့်နှစ် မတ်လ ၂၃ ရက်နေ့မှ စတင်၍ ပိတ်သိမ်း ထားခြင်းဖြစ်သည်။

Sorry, the comment form is closed at this time.