ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရှိ ဒေသခံပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီးဖြစ်သည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ပေးအပ်ပွဲတက်ရောက်၊ ပန်းခင်း စီမံချက်အောင်မြင်ရေးညှိနှိုင်းစည်းဝေးမှာကြား။

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရှိ ဒေသခံပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီးဖြစ်သည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ပေးအပ်ပွဲတက်ရောက်၊ ပန်းခင်း စီမံချက်အောင်မြင်ရေးညှိနှိုင်းစည်းဝေးမှာကြား။

နေပြည်တော်၊ မေ ၂၆ ။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ရန်ကုန်တိုင်းဒေသကြီး၊ စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးလှစိုးနှင့် တာဝန်ရှိသူ များနှင့်အတူ မေလ ၂၅ ရက်၊ ညနေ (၄) နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်၊ လှိုင်သာယာစက်မှုဇုန် ကနောင်ခန်းမရှေ့၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ဒေသခံ ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားထုတ်ပေးရေးလုပ်ငန်း ကွင်းဆင်းဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှု့အားပေးကာ အထောက်အထားအပြည့်အစုံဖြင့် လာရောက်လျှောက်ထားသူများအား နေ့ချင်းပြီးဆောင်ရွက် သည့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၆၀) ကို ကာယကံရှင်တစ်ဦးချင်းထံ ပေးအပ်သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကနောင်ခန်းမအတွင်းကျင်းပသည့် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီးဖြစ်သော အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။

အစီအစဉ်အရ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်းလုပ်ငန်းသည် ခေတ်အဆက်ဆက် စဉ်ဆက်မပျက် ဆောင်ရွက်ပေးနေသည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ပါကြောင်း၊ သို့သော်လည်း အခြေအနေအကြောင်းအမျိုးမျိုးကြောင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားမရှိသူများ အများအပြားရှိနေသေးပါကြောင်း၊ ပြီးခဲ့သည့် အထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းတွင်ပါရှိသည့် မဲဆန္ဒရှင်များတွင် ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ဖြည့်သွင်းထားရှိခြင်း မရှိသူ အများအပြားပါရှိနေကြောင်းကို စိစစ်တွေ့ရှိရပါကြောင်း၊ ယင်းစာရင်းတွင် ပါရှိသူသည် နိုင်ငံသား ဟုတ်/မဟုတ် မသိရှိနိုင်ခြင်း၊ အသက် (၁၈) နှစ် ပြည့်/မပြည့် မသိရှိနိုင်ခြင်းတို့ကြောင့် မဲပေးပိုင်ခွင့် ရှိ/မရှိ စိစစ်နိုင်ခြင်းမရှိပါကြောင်း၊ ထို့ကြောင့် နောင်ကျင်းပမည့် ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူတိုင်း ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုးကိုင်ဆောင်၍ ဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ၏ လမ်းညွှန်မှုအရ မိမိတို့ဌာန အနေဖြင့် ပန်းခင်းစီမံချက် ရေးဆွဲဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသား တိုင်းရင်းသားများနှင့် ဥပဒေအရ နိုင်ငံသားများအား ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ ပန်းခင်းစီမံချက်ဖြင့် တိုင်းဒေသကြီး/ပြည်နယ်အလိုက် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်းကို ၂၀၂၁ ခုနှစ်၊ မေလ (၃) ရက်မှ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၃) ရက်အထိ (၁၈) လကြာ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်းစဉ်သည် လုပ်ငန်းပမာဏ ကြီးမာကျယ်ပြန့်ပြီး ကာလသတ်မှတ်ချက်အတွင်း ပြီးစီးအောင်ဆောင်ရွက်ရမည်ဖြစ်သည့် အတွက် ဒေသအာဏာပိုင်အဖွဲ့အစည်းများ၊ အခြားဆက်စပ်ဌာနများမှ ဝိုင်းဝန်းပူးပေါင်းဆောင် ရွက်ပေးကြရန်နှင့် ကာယကံရှင်ပြည်သူများကလည်း သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာစီမံအုပ်ချုပ် ရေးအဖွဲ့သို့ အသိပေးဆက်သွယ်ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားသည် နိုင်ငံသားတစ်ဦးအတွက် နိုင်ငံသားအခွင့်အရေး အပြည့်အဝ ရရှိခံစားနိုင်သကဲ့သို့ ကတ်ပြားကိုင်ဆောင်သူအနေဖြင့် နိုင်ငံတော်အပေါ် သစ္စာစောင့်သိပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အတွက် တစ်ဖက်တစ်လမ်းက အထောက်အကူပြုရန် တာဝန်ရှိပါကြောင်း၊ ပန်းခင်းစီမံချက် ဆောင်ရွက်ရာတွင် တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရသည့်အတွက် ပြည်သူများအနေဖြင့် လိုအပ်သော အထောက်အထားများအား မှန်ကန်ပြည့်စုံစွာ ဖြည့်သွင်း ဆောင်ရွက်ပေးကြရန်နှင့် ရရှိပြီးသော အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများအား စနစ်တကျကိုင်တွယ်ထိန်းသိမ်းကြရန် တိုက်တွန်းပါကြောင်းဖြင့် အကျယ် တဝင့် ရှင်းလင်းပြောကြားသည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး၊ စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးလှစိုးက ရန်ကုန် တိုင်းဒေသကြီးအတွင်း ပန်းခင်းစီမံချက် အကောင်အထည်ဖော်ဆောင်ရွက်နေမှုနှင့် ပြည်သူများ ပူးပေါင်းဆောင်ရွက်နိုင်ရေး အခြေအနေများကို ရှင်းလင်းပြောကြားပြီး ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီးဖြစ်သော အိမ်ထောင်စုလူဦးရေစာရင်း (၁၀) စောင်နှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား (၅၀) တို့အား ပြည်သူတစ်ဦးချင်းထံ အသီးသီးပေးအပ်ကြသည်။

ထို့နောက် ပန်းခင်းစီမံချက်ဆောင်ရွက်ပေးမှုနှင့်ပတ်သက်၍ ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ အခမ်းအနားကို ရုတ်သိမ်းလိုက်ပြီးနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကြသည်။

အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများသည် ပန်းခင်းစီမံချက်အောင်မြင်စွာ အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေး ညှိနိုင်းအစည်းအဝေးကို ကနောင်ခန်းမ အစည်းအဝေးခန်းတွင် ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက ဌာနမှ ဆောင်ရွက်လျက်ရှိသည့် ပန်းခင်းစီမံချက် နှင့်ပတ်သက်သည့် အချက်အလက်များ၊ ဒေသအာဏာပိုင်များနှင့် ဆက်စပ်ဌာနများမှ ပူးပေါင်း ကူညီဆောင်ရွက်ပေးစေလိုသည့် အချက်များ၊ လုပ်ငန်းအောင်မြင်ရေးအတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်နိုင်ရေး အခြေအနေများကို ရှင်းလင်းပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးလှစိုးနှင့် တာဝန်ရှိသူများက ရန်ကုန်တိုင်းဒေသကြီးအတွင်း ပန်းခင်းစီမံချက် အကောင်အထည်ဖော်ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များ၊ ဆက်စပ်ဌာနအချင်းချင်းပူးပေါင်းဆောင်ရွက် နေမှုများနှင့် လုပ်ငန်းလိုအပ်ချက်များကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ် သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။

Sorry, the comment form is closed at this time.