ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံသားစိစစ်ရေးလုပ်ငန်းကော်မတီ၏ (၁/၂၀၂၁) လုပ်ငန်းညှိနှိုင်းစည်းဝေး၊ မိမိတို့ဌာနနှင့်သက်ဆိုင်သည့် လုပ်ထုံးလုပ်နည်းများအပေါ် မူတည်၍ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်အတွက် အကြံပြုဆွေးနွေးကြရန်တိုက်တွန်း။

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံသားစိစစ်ရေးလုပ်ငန်းကော်မတီ၏ (၁/၂၀၂၁) လုပ်ငန်းညှိနှိုင်းစည်းဝေး၊ မိမိတို့ဌာနနှင့်သက်ဆိုင်သည့် လုပ်ထုံးလုပ်နည်းများအပေါ် မူတည်၍ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်အတွက် အကြံပြုဆွေးနွေးကြရန်တိုက်တွန်း။

နေပြည်တော်၊ ဇွန် ၁၁ ။

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ၏ လုပ်ငန်းများ ကို အောင်မြင်စွာအကောင်အထည်ဖော်နိုင်ရန်အတွက် ဖွဲ့စည်းထားသည့် လုပ်ငန်းကော်မတီများ အနက် လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံသားစိစစ်ရေးလုပ်ငန်းကော်မတီ၏ (၁/၂၀၂၁) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇွန်လ ၁၁ ရက် ၊ ယနေ့နံနက် ၁၀ နာရီက နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ အခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံသားစိစစ်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ အလုပ်သမား၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် ၊ လုပ်ငန်းကော်မတီဒုတိယ ဥက္ကဋ္ဌ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်၊ လုပ်ငန်းကော်မတီဝင် ဒုတိယ ဝန်ကြီးများဖြစ်ကြသည့် ဦးရဲတင့်၊ ဒေါက်တာအောင်ကြီး၊ ဦးဇော်ဝင်းနှင့် ဒေါက်တာအေးထွန်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဌေးလှိုင် နှင့်တာဝန်ရှိသူများတက်ရောက်ကြပြီး ကျန်လုပ်ငန်းကော်မတီဝင် ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဒေါက်တာအောင်ကျော်မင်းနှင့် အဖွဲ့ဝင် (၃) ဦးတို့သည် Virtual စနစ်ဖြင့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ တက်ရောက်ကြသည်။

အစီအစဉ်အရ ရှေးဦးစွာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က အမှာစကားပြောကြားရာတွင် ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က ၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၉ ရက်၊ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်(၁၂၃/၂၀၂၁)ဖြင့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီကို ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ဗဟိုကော်မတီဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းဗဟိုကော်မတီ၏လုပ်ငန်းများ အောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် လုပ်ငန်းကော်မတီ (၄) ခုကို ပြင်ဆင်ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပါကြောင်း၊ ဖွဲ့စည်းထားသည့်လုပ်ငန်း ကော်မတီ (၄) ခုမှာ လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံသားစိစစ်ရေးလုပ်ငန်းကော်မတီ၊ ဒေသတွင်း လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းကော်မတီနှင့် လူသားချင်းစာနာမှုအကူအညီ ပေးရေးနှင့် ပြန်လည်နေရာချထားရေး လုပ်ငန်းကော်မတီတို့ပင်ဖြစ်ပါကြောင်း၊ အဆိုပါလုပ်ငန်း ကော်မတီ (၄) ခုအနက် လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံသားစိစစ်ရေးလုပ်ငန်း ကော်မတီကို မိမိမှ ဥက္ကဋ္ဌအဖြစ် တာဝန်ယူ၍ စုစုပေါင်း (၁၃) ဦးဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပါကြောင်း၊ ယင်းလုပ်ငန်း ကော်မတီအနေဖြင့် လုပ်ငန်းတာဝန် (၇) ရပ်ချမှတ်ကာ လုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် ရခိုင်ပြည်နယ်အတွင်း နေထိုင်လျက် ရှိသော တိုင်းရင်းသားများနှင့် ဥပဒေအရနိုင်ငံသားများအား တည်ဆဲဥပဒေဖြစ်သည့် ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေနှင့်အညီစိစစ်၍ ၎င်းတို့၏ နိုင်ငံသားဖြစ်တည်မှုအရည်အချင်းအရ ကိုင်ဆောင် သင့်သည့် ကတ်ပြားတစ်မျိုးမျိုးရရှိရေး ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယခုလည်း ပန်းခင်း စီမံချက်ရေးဆွဲ၍ အရှိန်အဟုန်ဖြင့် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ရခိုင်ပြည်နယ်အတွင်း ၂၀၁၇ ခုနှစ်အတွင်းဖြစ်ပွားခဲ့သည့် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နေရပ်စွန့် ခွာသူများကို ပြန်လည်လက်ခံရေးအတွက် ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ (၂၃) ရက်တွင် မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား ပြန်လည်လက်ခံရေး သဘောတူစာချုပ်ကို နှစ်နိုင်ငံကိုယ်စားလှယ် များ လက်မှတ်ရေးထိုးချုပ်ဆိုခဲ့ကြပါကြောင်း၊ ယင်းသို့ချုပ်ဆိုပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် နေရပ်စွန့်ခွာသွားသူများ၏ ကိုယ်ရေးအချက်အလက်များကို ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၁) ရက်မှ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၁၂) ရက်အထိ အလီလီပေးပို့ခဲ့ရာတွင် ၂၀၂၁ ခုနှစ်၊ ဇွန်လအထိ စိစစ် ပြီးဖြစ်သည့် အိမ်ထောင်စု (၁၀၃၉၀) စု၊ လူဦးရေ (၄၅၉၇၈)ဦး တို့အနက် မြန်မာနိုင်ငံအတွင်း နေထိုင်ခဲ့ကြောင်း အထောက်အထားတွေ့ရှိသူ (၃၀၂၇၈) ဦး ၊ ပြည်ထဲရေးဝန်ကြီးဌာန၏ စိစစ်ချက် အရ အကြမ်းဖက်စာရင်းတွင် ပါဝင်နေသူ (၃၈၄) ဦးနှင့် မြန်မာနိုင်ငံတွင်နေထိုင်ခဲ့ကြောင်း အထောက်အထားမတွေ့ရှိသူ (၁၅၃၁၆) ဦးဖြစ်ကြောင်း စိစစ်တွေ့ရှိရပါကြောင်း၊ ယင်းစိစစ်တွေ့ရှိ ချက်အရ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ပေးပို့၍ မြန်မာနိုင်ငံအတွင်းနေထိုင်ခဲ့သည့် အထောက်အထား တွေ့ရှိသူများအား ပြန်လည်စေလွှတ်ပေးရန် အကြိမ်ကြိမ်အကြောင်းကြားညှိနှိုင်းခဲ့သော်လည်း ပြန်လည်ပို့ဆောင်ရေးအတွက် ဆောင်ရွက်မှုမရှိသေးကြောင်း တွေ့ရှိရပါကြောင်း၊ သို့ရာတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေသည့် နေရပ်စွန့်ခွာသူများသည် အခက်အခဲအမျိုးမျိုးကြောင့် မြန်မာနိုင်ငံအတွင်းသို့ ပြန်လည်ဝင်ရောက်နေထိုင်သဖြင့် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး ၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးကော်မတီ CHRD ( ယခင် UEHRD) သို့ ဆက်သွယ်၍ မိမိအစီအစဉ်ဖြင့် မိသားစုအလိုက် ၂၀၁၈ ခုနှစ်၊ ဧပြီလ (၁၄) ရက်မှ စတင်၍ ရခိုင်ပြည်နယ်အတွင်း ပြန်လည်ဝင်ရောက်လာခဲ့ရာ ၂၀၂၁ ခုနှစ်၊ ဧပြီလ (၂၉) ရက်အထိ စုစုပေါင်းအင်အား (၇၉၀) ဦး စိစစ်လက်ခံခဲ့ပြီး ၎င်းတို့အား တာဝန်ရှိသူများက နိုင်ငံသားစိစစ်ခံရ မည့်သူ၏သက်သေခံကတ်ပြား (NV Card) ထုတ်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ယခုအစည်းအဝေးတွင် ၂၀၁၇ ခုနှစ်၊ အကြမ်းဖက်ဖြစ်စဉ်ကြောင့် ရခိုင်ပြည်နယ်မှ တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နေရပ် စွန့်ခွာသွားခဲ့သူ (၇၂) ဦးသည် အကြောင်းအမျိုးမျိုးကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပြောင်းရွှေ့ နေထိုင်ခဲ့သော်လည်း ယခုအခါ မိသားစုဝင်များ၏ ပညာရေး၊ ကျန်းမာရေးနှင့် စားဝတ်နေရေး စသည့် အစစအရာရာဒုက္ခမျိုးစုံခံရသည့်အပြင် အကြမ်းဖက်သောင်းကျန်းသူများ၏ မတရားနှိပ်စက် မှုကိုခံရသဖြင့် ပြန်လည်ဝင်ရောက်ခွင့်ရရှိရေး ကူညီဆောင်ရွက်ပေးနိုင်ပါရန် တင်ပြလာပါကြောင်း ၊ အဆိုပါတင်ပြလျှောက်ထားသူ (၇၂) ဦးအား မြန်မာနိုင်ငံ၌ နေထိုင်ခဲ့သူဖြစ်ကြောင်းနှင့် အကြမ်းဖက် မှုဖြစ်စဉ်များအပါအဝင် အခြားပြစ်မှုများနှင့် ပတ်သက်ဆက်နွယ်မှုမရှိကြောင်း စိစစ်တွေ့ရှိရပါက ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထား ရေး ဖွံ့ဖြိုးရေးကော်မတီ(CHRD) အစီအစဉ်ဖြင့် လက်ခံခွင့်ပြုပါရန် ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီမှ တင်ပြလာခြင်းကြောင့် လုပ်ငန်းကော်မတီဝင်များအနေဖြင့် ယခုအစည်းအဝေးတွင် ဆွေးနွေးညှိနှိုင်းဆုံးဖြတ်ရမည်ဖြစ်ပါကြောင်း၊ တက်ရောက်လာကြသူများအနေဖြင့် မိမိတို့ဌာနနှင့် သက်ဆိုင်သည့် လုပ်ထုံးလုပ်နည်းများအပေါ်မူတည်၍ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်အတွက် လိုအပ်သလို အကြံပြုညှိနှိုင်းဆွေးနွေးပေးကြစေလိုကြောင်းဖြင့် အကျယ်တဝင့် ရှင်းလင်းပြောကြား သည်။

ယင်းနောက် လုပ်ငန်းကော်မတီအတွင်းရေးမှူး၊ အမြဲတမ်းအတွင်းဝန် ဦးအောင်ကျော်စိုးက ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီမှ တင်ပြလာသည့် ရခိုင်ပြည်နယ်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နေရပ်စွန့်ခွာသွားသူ (၇၂) ဦး ပြန်လည်လက်ခံနိုင်ရေးအတွက် ဆောင်ရွက်နေမှုအခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြပြီး တက်ရောက်လာကြသည့် လုပ်ငန်းကော်မတီဝင်များက လုပ်ငန်း ကော်မတီ၏ လုပ်ငန်းတာဝန်များ အကောင်အထည်ဖော်ဆောင်ရွက်နေမှု ၊ နေရပ်စွန့်ခွာသွားသူများ ပြန်လည်လက်ခံရေးအတွက် စိစစ်ဆောင်ရွက်မှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ် များ၊ လုပ်ငန်းလိုအပ်ချက်များကို အသီးသီးရှင်းလင်းဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

ယင်းနောက် လုပ်ငန်းကော်မတီအတွင်းရေးမှူးက လုပ်ငန်းနှင့်ပတ်သက်သည့် ဆွေးနွေး ဆုံးဖြတ်ချက်များကို ရှင်းလင်းတင်ပြကာ အတည်ပြုချက်ရယူပြီးနောက် လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးက ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ နေရပ်စွန့်ခွာ သွားသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်များ အောင်မြင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရေး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုတ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။

Sorry, the comment form is closed at this time.