ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဒေသခံပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ်၊ ပန်းခင်းစီမံချက်အောင်မြင်ရေး ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရန်မှာကြား။

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဒေသခံပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ်၊ ပန်းခင်းစီမံချက်အောင်မြင်ရေး ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရန်မှာကြား။

နေပြည်တော်၊ဇွန်၁၂။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီး ကျော်ကျော်မင်း၊ အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထိန်ဝင်းနှင့် တာဝန်ရှိသူများ နှင့်အတူ ဇွန်လ ၁၂ ရက်၊ နံနက်ပိုင်းက မိတ္ထီလာမြို့နယ်၊ ထမုန်ကန်ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မိတ္ထီလာမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ဒေသခံရွာသူရွာသားများအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားထုတ်ပေးခြင်းလုပ်ငန်း ကွင်းဆင်းဆောင်ရွက်ပေးနေမှုအခြေအနေများကို လှည့်လည် ကြည့်ရှုအားပေးကာ တာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများအား လိုအပ်သည်များ မှာကြား ပြီး ရွာသူရွာသားများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကြသည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မိတ္ထီလာမြို့၊ တော်ဝင်နန်းခန်းမ၌ ကျင်းပသည့် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာ၊ ညောင်ဦးနှင့် ရမည်းသင်းခရိုင်တို့အတွင်းရှိ မြို့နယ် အသီးသီးမှ ဒေသခံပြည်သူများအတွက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဝန်ထမ်း များက ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီးဖြစ်သည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။

အစီအစဉ်အရ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က အမှာစကားပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာနအနေဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ထုတ်ပေးခြင်း လုပ်ငန်းကို ယခင်ကတည်းက စဉ်ဆက်မပြတ် ဆောင်ရွက်ထုတ်ပေးလျက်ရှိသော်လည်း အချို့ ပြည်သူများမှာ အခြေအနေအကြောင်းအမျိုးမျိုးကြောင့် ဆောင်ရွက်နိုင်ခြင်းမရှိသည်ကို တွေ့ရှိရပါ ကြောင်း၊ နိုင်ငံသားတစ်ဦးအနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားကို ကိုင်ဆောင်ထားမှသာ နိုင်ငံသား အခွင့်အရေး အပြည့်အဝရရှိနိုင်မည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်အရ နောင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူတိုင်း ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်ဆန္ဒမဲပေးနိုင်ရေးအတွက် မိမိတို့ဌာနက ပန်းခင်းစီမံချက်ရေးဆွဲဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ပန်းခင်းစီမံချက်သည် မြန်မာနိုင်ငံသား တိုင်းရင်းသားများနှင့် ဥပဒေအရနိုင်ငံသားများအား ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေအရ ကိုင်ဆောင်သင့်သည့်ကတ်ပြားတစ်မျိုးမျိုး ရရှိကိုင်ဆောင်နိုင်ရေးအတွက် ဆောင်ရွက်ခြင်းပင်ဖြစ်ပါ ကြောင်း၊ ယင်းသို့ကိုင်ဆောင်ကတ်ပြား တစ်မျိုးမျိုးထုတ်ပေးရာတွင် အိမ်ထောင်စုလူဦးရေစာရင်း အပေါ် အခြေခံဆောင်ရွက်ရသဖြင့် အိမ်ထောင်စုလူဦးရေစာရင်း မရရှိသေးသူများကိုလည်း ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ပန်းခင်းစီမံချက်အောင်မြင်ရေး အတွက် ဒေသအာဏာပိုင်များ၊ ဆက်စပ်ဝန်ကြီးဌာနများ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်နှင့် ကာယကံရှင်ပြည်သူများကလည်း သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာစီမံအုပ်ချုပ်ရေးအဖွဲ့များထံ အချိန်မီ ဆက်သွယ်အသိပေးကြရန် လိုအပ်ပါကြောင်း၊ သို့မှသာ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြား မရရှိသေးသူများအတွက် ထိထိရောက်ရောက် မြန်မြန်ဆန်ဆန် ဆောင်ရွက်ပေး နိုင်မည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရက ပြည်သူများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းဆောင်ရွက် ပေးသကဲ့သို့ ပြည်သူများကလည်း ရရှိပြီးဖြစ်သည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများကို ပျက်စီး/ပျောက်ဆုံးမှု မရှိစေရေးအတွက် စနစ်တကျကိုင်တွယ် ထိန်းသိမ်း ကြရန်လိုကြောင်းဖြင့် အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် မိတ္ထီလာ၊ ညောင်ဦးနှင့် ရမည်းသင်းခရိုင်တို့အတွင်း ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီးဖြစ်သော

အိမ်ထောင်စုလူဦးရေ စာရင်း (၁၉၄၆)စောင်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၂၇၀၀)ကတ်တို့ကို ပေးအပ်ရာ သက်ဆိုင်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက အသီးသီးလက်ခံရယူကြပြီးနောက် ဒေသခံပြည်သူတစ်ဦး က ပန်းခင်းစီမံချက်ဆောင်ရွက်ပေးမှုနှင့်ပတ်သက်၍ ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ အခမ်းအနားကို ရုတ်သိမ်းလိုက်သည်။

အခမ်းအနားအပြီးတွင် မန္တလေးတိုင်းဒေသကြီးအတွင်း ပန်းခင်းစီမံချက်အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်ရေးညှိနှိုင်းအစည်းအဝေးကို တော်ဝင်နန်းအစည်းအဝေးခန်းမ၌ ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက ဌာနမှဆောင်ရွက်လျက်ရှိသည့် ပန်းခင်းစီမံချက်နှင့် ပတ်သက်သည့် အချက်အလက်များ၊ မန္တလေးတိုင်းဒေသကြီးအတွင်း ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးရမည့်လုပ်ငန်းပမာဏနှင့် သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်ရေး လုပ်ငန်းလိုအပ်ချက် များ၊ တည်ဆဲဥပဒေနှင့်အညီ သတ်မှတ်ညွှန်ကြားထားသည့် မြို့နယ်အဆင့် (၅)ဉီးကော်မတီက စိစစ်ဆောင်ရွက်ပေးရမည့်အခြေအနေများ၊ ပန်းခင်းစီမံချက်လုပ်ငန်းအပေါ် ပြည်သူများ ကျယ်ကျယ် ပြန့်ပြန့်သိရှိစေရေးနှင့် လုပ်ငန်းများအောင်မြင်ရေးအတွက် ဒေသအာဏာပိုင်များနှင့် ဆက်စပ် ဌာနများမှ ပူးပေါင်းကူညီဆောင်ရွက်ပေးနိုင်ရေး အခြေအနေများကို ရှင်းလင်းပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီး ကျော်ကျော်မင်းနှင့် တာဝန်ရှိသူများက မန္တလေးတိုင်းဒေသကြီးအတွင်း ပန်းခင်းစီမံချက် အကောင်အထည်ဖော်ဆောင်ရွက် နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များ၊ ဆက်စပ်ဌာနအချင်းချင်း ပူးပေါင်း ဆောင်ရွက်နေမှုများနှင့် လုပ်ငန်းလိုအပ်ချက်များကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီး က လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဉီးမြင့်ကြိုင်သည် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာ၊ ညောင်ဦးနှင့် ရမည်းသင်းခရိုင်အတွင်းရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဝန်ထမ်းများနှင့် မိတ္ထီလာခရိုင်အတွင်းရှိ အလုပ်သမားရေးရာဆိုင်ရာ ဝန်ထမ်းများအား တော်ဝင်နန်း ခန်းမ၌ တွေ့ဆုံမှာကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံတော်အာဏာကို ထိန်းသိမ်းကာ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ် ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်နေမှု၊ ပြီးခဲ့သည့် အ‌ထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းများ မှားယွင်းမှုနှင့်ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စစ်ဆေးဆောင်ရွက်ကာ တွေ့ရှိချက်များအား နေ့စဉ် ထုတ်ပြန်နေမှု၊ နောင်ကျင်းပမည့်ရွေးကောက်ပွဲကို စည်းကမ်းပြည့်ဝသော ဒီမိုကရေစနစ် ဖော်ဆောင် နိုင်မည့် တရားမျှတသော ရွေးကောက်ပွဲဖြစ်စေရေးအတွက် ဆောင်ရွက်နေမှု၊ မိမိတို့ဌာနအနေဖြင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေး ဆောင်ရွက် နေမှုနှင့် အလုပ်သမားများ၏ အကျိုးခံစားခွင့်များရရှိနိုင်ရေး ဆောင်ရွက်နေမှု၊ ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်၏ ဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေများကို မျက်ခြေပြတ်မခံဘဲ အစဉ်လေ့လာဆောင်ရွက် ရေး၊ ဝန်ထမ်းကျင့်ဝတ်နှင့်အညီ ကျင့်ကြံနေထိုင်၍ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ လုပ်ကိုင် ဆောင်ရွက်နိုင်ရေးနှင့် ဝန်ထမ်းအချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် ပေးအပ်သည့် တာဝန်များကို ကျေပွန်စွာထမ်းဆောင်နိုင်ရေးအခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားကာ ဝန်ထမ်းများ အတွက် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

Sorry, the comment form is closed at this time.