ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ အင်ဂျန်းယန်ဒေသမှ နေရပ်စွန့်ခွာလာသူ ဒေသခံတိုင်းရင်းသား များအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲတက်ရောက်၊ မြစ်ကြီးနားမြို့နယ်ရုံး၌ ပန်းခင်းစီမံချက်ဆောင်ရွက်မှု ကြည့်ရှုအားပေး။

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ အင်ဂျန်းယန်ဒေသမှ နေရပ်စွန့်ခွာလာသူ ဒေသခံတိုင်းရင်းသား များအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲတက်ရောက်၊ မြစ်ကြီးနားမြို့နယ်ရုံး၌ ပန်းခင်းစီမံချက်ဆောင်ရွက်မှု ကြည့်ရှုအားပေး။

နေပြည်တော်၊ ဇူလိုင် 2 ။

ကချင်ပြည်နယ်၊ အင်ဂျန်းယန်ဒေသမှ မြစ်ကြီးနားမြို့နယ်အတွင်းသို့ နေရပ်စွန့်ခွာလာသူ ဒေသခံတိုင်းရင်းသားများအား ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီးဖြစ်သည့် အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲကို ဇူလိုင်လ ၁ ရက်၊ မွန်းလွဲ(၂)နာရီတွင် မြစ်ကြီးနားမြို့နယ် အထွေထွေအုပ်ချုပ်ရေးစုပေါင်းရုံးရှိ မနှောရွှေပြည်ခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမြင့်ကြိုင်၊ ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိ သူများ၊ အင်ဂျန်းယန်ဒေသမှ နေရပ်စွန့်ခွာလာသည့် ဒေသခံတိုင်းရင်းသားများ တက်ရောက်ကြ သည်။

အစီအစဉ်အရ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က အမှာစကားပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာနအနေဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေး ခြင်းလုပ်ငန်းကို ယခင်ကတည်းက စဉ်ဆက်မပြတ် ဆောင်ရွက်ထုတ်ပေးလျက်ရှိပါကြောင်း၊ လမ်းပန်းဆက်သွယ် ရေးခက်ခဲသည့်ဒေသများ၊ ဝေလံခေါင်သီသည့် ဒေသများနှင့်နယ်မြေအခြေ အနေအရ ကန့်သတ်ချက်ရှိသည့်ဒေသများတွင် နေထိုင်ကြသည့် တိုင်းရင်းသားများအနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်ကို သက်ဆိုင်ရာရုံးများသို့ လာရောက်လျှောက်ထားဆောင်ရွက်ရန် အခက် အခဲရှိသည့်အတွက် နိုင်ငံသားစိစစ်ရေးကတ်ပြား မရရှိသေးသူအများအပြား ကျန်ရှိနေပါကြောင်း၊ ယခုလည်း နယ်မြေဒေသအခြေအနေအရ အင်ဂျန်းယန်ဒေသမှ နေရပ်စွန့်ခွာလာသူများအတွက် IDPs စခန်းများသို့ သွားရောက်၍ လိုအပ်သည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ပန်းခင်းစီမံချက်ဖြင့် ဥပဒေနှင့်အညီ သွားရောက်ဆောင်ရွက်ပေးခြင်းပင်ဖြစ် ပါကြောင်း၊ နိုင်ငံသားတစ်ဦးအနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားကို ရရှိကိုင်ဆောင်ထားမှသာ နိုင်ငံသားအခွင့်အရေး အပြည့်အဝရရှိနိုင်မည်ဖြစ်ပါကြောင်း၊ ပန်းခင်းစီမံချက်သည် မြန်မာနိုင်ငံသား တိုင်းရင်းသားများနှင့် ဥပဒေအရ နိုင်ငံသားများအား ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေအရ ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ရရှိကိုင်ဆောင်နိုင်ရေးအတွက် ဆောင်ရွက်ခြင်းပင် ဖြစ်ပါကြောင်း၊ ယခုကဲ့သို့နိုင်ငံတော်အစိုးရက ဒေသခံတိုင်းရင်းသားများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းဆောင်ရွက်ပေးသကဲ့သို့ ကတ်ပြားရရှိသူများအနေဖြင့်လည်း နိုင်ငံတော်၏ ကျေးဇူး သစ္စာကိုစောင့်သိ၍ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်တတ်တစ်အား ပါဝင်ကူညီ ဆောင်ရွက်ပေးကြရန်နှင့် ရရှိပြီးဖြစ်သည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ပျက်စီး/ပျောက်ဆုံးမှုမရှိစေရေး အတွက်စနစ်တကျ ကိုင်တွယ်ထိန်းသိမ်းကြရန် လိုကြောင်းဖြင့် အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က ဒေသခံ တိုင်းရင်းသားများ၏ ရသင့်ရထိုက်သည့် အခွင့်အရေးတစ်ရပ်ဖြစ်သည့် အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်းကို ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက် ပေးနေမှုနှင့် အင်ဂျန်းယန်ဒေသမှ နေရပ်စွန့်ခွာလာသူများအတွက် ဆောင်ရွက်ပေးမှု အခြေအနေ များကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူ များသည် အင်ဂျန်းယန်ဒေသမှ နေရပ်စွန့်ခွာလာသည့် IDPsစခန်းမှ တိုင်းရင်းသားများအား ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီးဖြစ်သော အိမ်ထောင်စုလူဦးရေစာရင်း (၁၆)စောင်နှင့် နိုင်ငံသား စိစစ်ရေးကတ်ပြား(၁၀၆)ကတ်တို့ကို ပေးအပ်ကြရာ ဒေသခံတိုင်းရင်းသားများနှင့် ကိုယ်စားလှယ် များက အသီးသီးလက်ခံရယူကြသည်။
ဆက်လက်၍ ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ၏ စိစစ်ကြီးကြပ်မှုဖြင့် ကချင်ပြည်နယ် အတွင်းရှိ IDPs စခန်းများ၌ နိုင်ငံသားစိစစ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုရန်အတွက် ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်း(၆)မျိုးပါ ကွန်ပျူတာ(၅)စုံတို့ကို ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီတို့ကပေးအပ်ရာ မြစ်ကြီးနား၊ မိုးညှင်း၊ ဗန်းမော်နှင့်ပူတာအို ခရိုင်ဦးစီးမှူးများက အသီးသီးလက်ခံရယူကြပြီးနောက် အင်ဂျန်းယန်ဒေသမှ နေရပ်စွန့်ခွာ လာသူများကိုယ်စား တြီနီတီစခန်းတာဝန်ခံ ဦးဘရန်ရှောင် က ကျေးဇူးတင်ဝမ်းမြောက်စကား ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနား မြို့နယ်ဦးစီးမှူးရုံးသို့ သွားရောက်၍ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဝန်ထမ်းများက ဒေသခံပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်း ဆောင်ရွက်ပေးနေမှုအခြေအနေများကို လှည့်လည်ကြည့်ရှု အားပေးကာ ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ပြီး မြို့နယ်ရုံးမှတ်တမ်းခန်းအတွင်း မှတ်တမ်းများ ထိန်းသိမ်းထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

Sorry, the comment form is closed at this time.