ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်တို့မှ ဒေသခံပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများပေးအပ်၊ ကချင်ပြည်နယ်အတွင်း ပန်းခင်းစီမံချက်အောင်မြင်ရေး ညှိနှိုင်းဆွေးနွေး။

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်တို့မှ ဒေသခံပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများပေးအပ်၊ ကချင်ပြည်နယ်အတွင်း ပန်းခင်းစီမံချက်အောင်မြင်ရေး ညှိနှိုင်းဆွေးနွေး။

နေပြည်တော်၊ ဇူလိုင် 3 ။

ကချင်ပြည်နယ်၊ မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်တို့မှ ဒေသခံပြည်သူများအား ပန်းခင်း စီမံချက်ဖြင့် ဆောင်ရွက်ပြီးဖြစ်သည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား များပေးအပ်ပွဲကို ဇူလိုင်လ ၂ ရက်၊ နံနက် (၉)နာရီတွင် မြစ်ကြီးနားမြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများနှင့် ဒေသခံပြည်သူများ တက်ရောက် ကြသည်။

အစီအစဉ်အရ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က အမှာစကားပြောကြားရာတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ၏ လမ်းညွှန်ချက်အရ မြန်မာနိုင်ငံသားတိုင်းရင်းသားများနှင့် ဥပဒေအရ နိုင်ငံသားများအား အိမ်‌ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သည့်ကတ်ပြား တစ်မျိုးမျိုး ရရှိကိုင်ဆောင်နိုင်ရေးအတွက် မိမိတို့ဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်ရေးဆွဲကာ အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ပါကြောင်း၊ ပြီးခဲ့သည့်အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံသား စိစစ်ရေးကတ်ပြားမရှိဘဲ မဲဆန္ဒရှင်စာရင်းတွင်ပါဝင်နေသူ (၄.၆)သန်းခန့်ပါရှိနေရာ ယင်းတို့အား နိုင်ငံသား ဟုတ်/မဟုတ်၊ မဲပေးပိုင်ခွင့်ရှိသည့် အသက်(၁၈)နှစ်ပြည့်/ မပြည့် စိစစ်နိုင်ခြင်း မရှိပါကြောင်း၊ နောင်ကျင်းပမည့်ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူတိုင်း နိုင်ငံသားစိစစ်ရေး ကတ်ပြားကိုင်ဆောင် မဲပေးနိုင်ရေးအတွက် ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ နိုင်ငံသားစိစစ်ရေး လုပ်ငန်းစဉ်ကို မိမိတို့ဌာနမှ ယခင်ကတည်းက အစဉ်အဆက်ဆောင်ရွက်ပေးနေသည့် လုပ်ငန်း ဖြစ်သော်လည်း၊ လမ်းပမ်းဆက်သွယ်ရေးခက်ခဲသည့်ဒေသများနှင့် အကြောင်းအမျိုးမျိုးကြောင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများ အများအပြားရှိနေသည့် အတွက် ယခုပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးခြင်းဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်းစဉ်သည် မိမိတို့ဌာန၏ လုပ်ငန်းတစ်ရပ်ဖြစ်သော်လည်း သက်ဆိုင်ရာ ဒေသအာဏာပိုင်များနှင့် ဆက်စပ် ဌာနများ၏ ပူးပေါင်းဆောင်ရွက်မှုအပြင် ကာယကံရှင်ပြည်သူများကိုယ်တိုင် ပါဝင်ကူညီဆောင်ရွက် မှသာ အောင်မြင်နိုင်မည့်လုပ်ငန်းစဉ် တစ်ရပ်ဖြစ်ပါကြောင်း၊ မှတ်ပုံတင်ဓါတ်ပုံရိုက်ကူးခြင်းနှင့် သွေးအုပ်စုခွဲခြားခြင်း ကုန်ကျစရိတ်တို့ကိုလည်း နိုင်ငံတော်မှ ကျခံဆောင်ရွက်ပေးထားခြင်း ဖြစ်ပါကြောင်း လုပ်ငန်းများဆောင်ရွက်ရာတွင်လည်း ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက် ရသည့်အတွက် အားလုံးက ဝိုင်းဝန်းကူညီဆောင်ရွက် ပေးကြစေလိုပါကြောင်း၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားရရှိသည့် မြန်မာနိုင်ငံသားများသည် နိုင်ငံသား အခွင့်အရေးကို အပြည့်အဝရရှိခံစား နိုင်မည်ဖြစ်သကဲ့သို့ နိုင်ငံတော်အပေါ် သစ္စာစောင့်သိကြရန်နှင့် နိုင်ငံသားတစ်ယောက်၏တာဝန်ကို ကျေပွန်ကြရန်လည်း လိုအပ်ပါကြောင်း၊ ရရှိသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားကိုလည်း ပျက်စီး/ ပျောက်ဆုံး မှုမရှိစေရေးအတွက် စနစ်တကျကိုင်တွယ် ထိန်းသိမ်းကြရန် တိုက်တွန်းပါကြောင်းဖြင့် အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။

ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဦးခက်ထိန်နန် က ကချင်ပြည်နယ် အတွင်း ပန်းခင်းစီမံချက် အကောင်အထည်ဖော်ဆောင်ရွက်သွားမည့်အစီအစဉ်များနှင့် မြစ်ကြီးနား နှင့် ဝိုင်းမော်မြို့နယ်အတွင်း လုပ်ငန်းဆောင်ရွက်ခဲ့မှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူ များသည် မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား အိမ်ထောင်စုလူဦးရေ စာရင်း(၁၀၅)စောင်၊ နိုင်ငံသားစိစစ်ရေးကတ်ပြား(၄၃၆၃)ကတ်ကို အသီးသီးပေးအပ်ကြရာ ကာယကံရှင် ပြည်သူများနှင့် ရပ်မိရပ်ဖကိုယ်စားလှယ်များက လက်ခံရယူပြီးနောက် ဒေသခံပြည်သူများကိုယ်စား ဦးရဲဇာရဲ က ကျေးဇူးတင်ဝမ်းမြောက်စကား ပြန်လည်ပြောကြားကာ အခမ်းအနားကိုရုပ်သိမ်း လိုက်သည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ မလိခခန်းမ၌ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ အား တွေ့ဆုံ၍ ပန်းခင်းစီမံချက်အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ညှိနှိုင်း ဆွေးနွေးရာ ပြည်ထောင်စုဝန်ကြီးက ဌာနမှဆောင်ရွက်လျက်ရှိသည့် ပန်းခင်းစီမံချက်နှင့် ပတ်သက် သည့်အချက်အလက်များ၊ ကချင်ပြည်နယ်အတွင်းဆောင်ရွက်ပေးရမည့် အရေအတွက်နှင့် ဒေသ အာဏာပိုင်များနှင့် ဆက်စပ်ဌာနများမှ ပူးပေါင်းကူညီဆောင်ရွက် ပေးစေလိုသည့်အချက်များ၊ တည်ဆဲဥပဒေများနှင့်အညီ ဆောင်ရွက်ပေးရမည့်အခြေအနေများ၊ စီမံချက်အောင်မြင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်နိုင်ရေးအခြေအနေများကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်နှင့်တာဝန်ရှိသူများက ကချင်ပြည်နယ်အတွင်း ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားဆောင်ရွက်ထုတ်ပေးရမည့်အခြေအနေ၊လက်ရှိဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက် သွားမည့် လုပ်ငန်းအစီအစဉ်များ၊ လုပ်ငန်းဆိုင်ရာလိုအပ်ချက်များကို အသီးသီးရှင်းလင်းတင်ပြ ဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။

မွန်လွှဲ 2 နာရီတွင် ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် မြစ်ကြီးနားမြို့ ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ မလိခ ခန်းမ၌ပင် အလုပ်သမားရေးရာဆိုင်ရာနှင့် လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ရုံးများမှ ဝန်ထမ်းများအား တွေ့ဆုံ၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ် ချမှတ် အကောင်အထည်ဖော်ဆောင်ရွက်နေနှင့် မိမိတို့ဌာနမှ ဆောင်ရွက်ရမည့် လုပ်ငန်းအခြေအနေများ၊ ဝန်ထမ်းများသည် မိမိတို့၏ယုံကြည်ချက်၊ ခံယူချက်ဖြင့် နိုင်ငံ့တာဝန်ကို ကျေပွန်စွာထမ်းဆောင် နိုင်ရေးနှင့် တာဝန်ရှိသူ အဆင့်ဆင့်ကလည်း လုပ်ငန်းဆောင်ရွက်မှုများအပေါ် လက်အောက် ဝန်ထမ်းများသို့ သိရှိနားလည် သဘောပေါက်စေရေး ရှင်းလင်းချပြ ကြတ်မတ်ဆောင်ရွက်ရေး အခြေအနေများ၊ နိုင်ငံ့ဝန်ထမ်း ကျင့်ဝတ်နှင့်အညီ ကျင့်ကြံနေထိုင်၍ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ နှင့်အညီ လုပ်ကိုင်ဆောင်ရွက်နိုင် ရေးအခြေအနေ၊ COVID-19 ကူးစက်မြန်ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက် သတ်မှတ်ညွှန်ကြားချက်များနှင့်အညီ နေထိုင်လုပ်ကိုင်ကြရေး အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တာဝန်ရှိသူများ၏ လုပ်ငန်းဆိုင်ရာ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီးနောက် ဝန်ထမ်းများအတွက် လက်ဆောင်ပစ္စည်းများနှင့် ကျန်းမာရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများကို ထောက်ပံ့ပေးအပ်သည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးအား ဆည်မြောင်းဧည့်ရိပ်သာ၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ကချင်ပြည်နယ်ဦးစီးမှူး ဦးဝင်းရဲထွန်းက ကချင်ပြည်နယ်အတွင်း ခရိုင်နှင့် မြို့နယ်အလိုက် ပန်းခင်းစီမံချက်ဆောင်ရွက်နေမှု၊ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိလိုက်ပါ ဆောင်ရွက်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိမှု၊ နယ်မြေကန့်သတ်ချက်ကြောင့် ဆောင်ရွက်ရန် ကျန်ရှိသည့်ဒေသများအခြေအနေ၊ ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းအစီအစဉ်နှင့် ဖြည့်ဆည်း ပေးရန် လိုအပ်ချက်များကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက စီမံချက်လုပ်ငန်းများ သတ်မှတ်ကာလအတွင်း အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် ဒေသအာဏာပိုင်များ၊ ဆက်စပ် ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်ရေး မှာကြားကာလိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

Sorry, the comment form is closed at this time.