ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ အလုပ်သမားရေးရာဆိုင်ရာနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဝန်ထမ်းများဆန္ဒဖော်ထုတ်ပွဲတက်ရောက်၊ မိမိတို့၏ လိုအပ်ချက်များ၊ ဌာနမှ ဖြည့်ဆည်းပေးရန်များကို ပွင့်ပွင့်လင်းလင်းတင်ပြပေးကြရန် တိုက်တွန်းမှာကြား။

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ အလုပ်သမားရေးရာဆိုင်ရာနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဝန်ထမ်းများဆန္ဒဖော်ထုတ်ပွဲတက်ရောက်၊ မိမိတို့၏ လိုအပ်ချက်များ၊ ဌာနမှ ဖြည့်ဆည်းပေးရန်များကို ပွင့်ပွင့်လင်းလင်းတင်ပြပေးကြရန် တိုက်တွန်းမှာကြား။

ဧပြီ ၁၂ ။

အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဆိုင်ရာ ဝန်ထမ်းများဆန္ဒဖော်ထုတ်ပွဲကို ယနေ့ ဧပြီလ(၁၂)ရက်၊ နံနက် (၁၁) နာရီအချိန်တွင် အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဒုတိယဝန်ကြီး ဦးဌေးလှိုင်နှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနအသီးသီးမှ ဝန်ထမ်းများတက်ရောက်ကြသည်။

အစီအစဉ်အရ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က အမှာစကားပြောကြားရာတွင် ယခု ဝန်ထမ်းဆန္ဒဖော်ထုတ်ပွဲသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလနှင့် မတ်လတွင် တင်ပြရန်ရှိသည်များ အတွက် ကျင်းပခြင်းဖြစ်ပါကြောင်း၊ မိမိတို့ဌာနဝန်ထမ်းများအနေဖြင့် လက်ရှိနိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက်များနှင့်အညီ လုပ်ငန်းများအကောင်အထည်ဖော်ရာတွင် ထိထိရောက်ရောက် အလေးထားဆောင်ရွက်နိုင်ရေးအတွက် မှာကြားလိုပါကြောင်း၊ ဌာနမှဝန်ထမ်းအချို့ CDM ပါဝင် လှုပ်ရှားမှုကြောင့် ထုတ်ပယ်ခြင်းနှင့် ထုတ်ပစ်ခြင်းပြစ်ဒဏ်များ ချမှတ်ခဲ့ရသည်များရှိပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် CDM ပါဝင်လှုပ်ရှားမှုများအတွက် အပြစ်မယူသေးဘဲ စိတ်ရှည် သည်းခံစွာ စောင့်ဆိုင်းနေရာမှ မတ်လ (၁)ရက်နေ့နောက်ပိုင်း ပါဝင်ဆောင်ရွက်ခဲ့မှုများအတွက် ထိုက်သင့်သည့်ပြစ်ဒဏ်များချမှတ်၍ အရေးယူဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းကဲ့သို့ နိုင်ငံရေးပါဝင်လှုပ်ရှားသည့် ဝန်ထမ်းများအတွက် ဝန်ထမ်းစည်းမျဉ်းစည်းကမ်းကို မလိုက်နာမှု များအပေါ် အရေးယူဆောင်ရွက်သကဲ့သို့ နိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်သိရိုသေကြသည့် ဝန်ထမ်းများ၊ မိမိ၏လုပ်ငန်းများကို တာဝန်ကျေပွန်စွာထမ်းဆောင်ကြ သည့်ဝန်ထမ်းများကို လည်း ထိုက်သင့်သည့် ချီးကျူးဂုဏ်ပြုမှုများဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ မိမိဌာန ဝန်ထမ်းများသည် နိုင်ငံတော်အတွက် အရေးပါသည့်လုပ်ငန်းများကို တာဝန်ယူဆောင်ရွက်နေ ရသူများဖြစ်သည်နှင့်အညီ ဌာန၏ အမိန့်၊ ညွှန်ကြားချက်များ ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ တိတိကျကျဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း၊ လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများကို အကောင် အထည်ဖော်ရာတွင် နိုင်ငံအတွင်းရှိ နိုင်ငံခြားသားများအား ဥပဒေနှင့်အညီ ဝင်/ထွက်သွားလာနေ ထိုင်ရေးအတွက် စနစ်တကျဂရုပြုဆောင်ရွက်ကြရန်၊ နိုင်ငံတွင်းရှိ ပြည်သူများအား ၎င်းတို့၏ နိုင်ငံသားဖြစ်မှုအရည်အချင်းအရ ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ရရှိကိုင်ဆောင် နိုင်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာလုပ်ငန်းများ တိကျမှန်ကန်စွာဆောင်ရွက်နိုင်ရေးတို့ကိုလည်း အလေးထားကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ တာဝန်ရှိသူအဆင့်ဆင့်ကလည်း ဝန်ထမ်းများ၏ သက်သာချောင်ချိရေးနှင့် လုပ်ငန်းလိုအပ်ချက်များကို အတတ်နိုင်ဆုံး အလေးထားဖြည့်ဆည်းပေးကြရန်လိုကြောင်း၊ ယခုဆန္ဒဖော်ထုတ်ပွဲတွင်လည်း မိမိတို့၏ လိုအပ် ချက်များ၊ ဌာနမှ ဖြည့်ဆည်းပေးရန်များကို ပွင့်ပွင့်လင်းလင်းတင်ပြပေးကြရန် တိုက်တွန်းပါ ကြောင်းဖြင့် အကျယ်တဝင့်ရှင်းလင်းပြောကြားသည်။
ထို့နောက် ဝန်ကြီးရုံး ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ယဉ်ဦးက ယခင်ကျင်းပခဲ့သည့် ဆန္ဒဖော်ထုတ်ပွဲတွင် ဝန်ထမ်းများတင်ပြမှုများအပေါ် ဖြေရှင်းဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် အထက်ဌာနမှ အမိန့်ညွှန်ကြားချက်များနှင့်ပတ်သက်၍ ဝန်ထမ်းများသိသင့်သိထိုက်သည်များ အား လိုက်နာဆောင်ရွက်နိုင်ရေးအခြေအနေများကို ရှင်းလင်းပြောကြားပြီး လုပ်ငန်းလိုအပ်ချက် များကို ဌာနအလိုက်တာဝန်ရှိသူများက တင်ပြကြရာ တာဝန်ရှိသူများက ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက မကြာခင်ကျရောက်တော့မည့် မဟာသင်္ကြန်ရုံးပိတ် ရက်များတွင် COVID-19 ကပ်ရောဂါမဖြစ်ပွားစေရေးအတွက် သွားလာနေထိုင်မှု ညွှန်ကြားချက် များနှင့်အညီ လိုက်နာဆောင်ရွက်ကြရေးနှင့် ရုံးပြန်ဖွင့်သည့်အခါ လုပ်ငန်းခွင်သို့ တက်ကြွစွာ ပြန်လည်ဝင်ရောက်၍ ပေးအပ်သည့်တာဝန်များကို ကျေပွန်စွာထမ်းဆောင်နိုင်ရေး နိဂုံးချုပ်အမှာ စကားပြောကြားပြီး ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့သည် တက်ရောက် လာကြသည့် ဝန်ထမ်းများအား မြန်မာ့ရိုးရာမဟာသင်္ကြန်အထိမ်းအမှတ် သပြေခတ်ဖြင့် အတာရေပတ်ဖြန်း ကြပြီးနောက် ပြည်ထောင်စုဝန်ကြီးသည် ရုံးဝန်ထမ်းအားလုံးအား ရွှေရင်အေးဖြင့် စတုဒီသာ ကုသိုလ်ပြုကျွေးမွေးခဲ့သည်။

မွန်းလွဲ(၂)နာရီတွင် အလုပ်သမားရေးရာဆိုင်ရာဝန်ထမ်းများ ဆန္ဒဖော်ထုတ်ပွဲကို အဆိုပါ ရုံး၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က မိမိတို့ဌာနမှ CDM ပါဝင်လှုပ်ရှားမှုများအပေါ် အရေးယူဆောင်ရွက်နေမှု အခြေအနေ၊ နိုင်ငံတော်အစိုးရအနေဖြင့် CDM လှုပ်ရှားမှုတွင် ပါဝင်ဆောင်ရွက်နေသည့် ဝန်ထမ်းများအား လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် သဘောထားကြီးစွာဖြင့် အချိန်အတိုင်းအတာတစ်ခုအထိ စောင့်ဆိုင်းပေးနေမှု အခြေအနေ၊ ယခုအချိန်ထိ ရုံးသို့ပြန်လည်တက်ရောက်တာဝန်ထမ်းဆောင်ခြင်းမရှိဘဲ ပျက်ကွက်နေသူများ အား ထိရောက်စွာ အရေးယူဆောင်ရွက်သွားမှု အစီအစဉ်၊ အလုပ်သမားရေးရာဆိုင်ရာကိစ္စ ရပ်များနှင့်ပတ်သက်၍ နိုင်ငံခြားအဖွဲ့အစည်းများနှင့် ဆက်ဆံဆောင်ရွက်ရာတွင် လုပ်ထုံး လုပ်နည်းများနှင့်အညီ ဖြစ်စေရေးအတွက် ဂရုပြုဆောင်ရွက်ကြရေး၊ တာဝန်ရှိသူအဆင့်ဆင့်မှ ဝန်ထမ်းများ၏ သက်သာချောင်ချိရေးအတွက် လိုအပ်ချက်များကို တက်နိုင်သမျှ ဖြည့်ဆည်း ဆောင်ရွက်ပေးရေး၊ ရုံးတွင်းနှင့် အိမ်ရာများ၌ လျှပ်စစ်မီးခြိုးခြံချွေတာရေးနှင့် မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေးအတွက် ဂရုပြုဆောင်ရွက်ကြရေး၊ ဝန်ထမ်းများ ရာထူးတိုးမြှင့်ခြင်းနှင့် ပြောင်းရွှေ့နေရာချထားခြင်းကိစ္စရပ်များ မျှတမှုရှိစေရေးအတွက် အဆင့်ဆင့်ကြပ်မတ် ဆောင်ရွက် ကြရေး အခြေအနေများနှင့် စပ်လျဉ်း၍ အကျယ်တဝင့် ရှင်းလင်းအမှာစကား ပြောကြားသည်။

ထို့နောက် ဌာနတာဝန်ခံများက ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ဌာနအလိုက် ဖြည့်ဆည်းဆောင်ရွက်ပေးမှု အ‌ခြေအနေများကို အသီးသီးရှင်းလင်း တင်ပြကြပြီး ဒုတိယ အမြဲတမ်းအတွင်းဝန်က နိုင်ငံ့ဝန်ထမ်းများ ခရီးသွားလာမှုနှင့်ပတ်သက်၍ လိုက်နာရမည့် စံသတ်မှတ်ချက်များကို ဖတ်ကြားရှင်းလင်းသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးပြီး အပြစ်ရှိသည့် ဝန်ထမ်းများအပေါ် အပြစ်ပေးအရေးယူသကဲ့သို့ တာဝန် ကျေပွန်စွာထမ်းဆောင်သော ဝန်ထမ်းများအား ချီးကျူးဂုဏ်ပြုနိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ဝန်ထမ်းများအနေဖြင့် သင်္ကြန်ကာလရုံးပိတ်ရက်များအတွင်း စနစ်တကျ နေထိုင် သွားလာရေးနှင့် ရုံးများပြန်လည်ဖွင့်လှစ်သည့်အခါ တက်တက်ကြွကြွဖြင့် ပေးအပ်သည့် တာဝန် များကို ကျေပွန်စွာထမ်းဆောင်နိုင်ရေး နိဂုံးချုပ် အမှာစကားပြောကြားပြီးနောက် ရုံးတွင်းရှိ ဝန်ထမ်းအားလုံးအား ရွှေရင်အေးဖြင့် စတုဒီသာကုသိုလ်ပြု ကျွေးမွေးခဲ့ကြောင်း သတင်းရရှိ သည်။

Sorry, the comment form is closed at this time.