ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံသားစိစစ်ရေးလုပ်ငန်းကော်မတီ ၏ (၂/၂၀၂၃)လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်၊ မျက်မြင်စစ်ဆေးရေးအဖွဲ့၏ စစ်ဆေး ပြီးစီးခဲ့သူများအား Pilot Project ဖြင့် ပြန်လည်လက်ခံနိုင်မည့်အခြေအနေကို စိစစ်သုံးသပ် အကြံပြုဆွေးနွေးကြရန်တိုက်တွန်း

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံသားစိစစ်ရေးလုပ်ငန်းကော်မတီ ၏ (၂/၂၀၂၃)လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်၊

မျက်မြင်စစ်ဆေးရေးအဖွဲ့၏ စစ်ဆေး ပြီးစီးခဲ့သူများအား Pilot Project ဖြင့် ပြန်လည်လက်ခံနိုင်မည့်အခြေအနေကို စိစစ်သုံးသပ် အကြံပြုဆွေးနွေးကြရန်တိုက်တွန်း။

နေပြည်တော်၊ ဧပြီ ၃ ။

          ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ၏ လုပ်ငန်း ကော်မတီတစ်ခုဖြစ်သည့် လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံသားစိစစ်ရေးလုပ်ငန်းကော်မတီ (၂/၂၀၂၃) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဧပြီလ (၃) ရက်၊ မွန်းလွဲ (၂) နာရီက နေပြည်တော်ရှိ  လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ အခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံသားစိစစ်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်၊ လုပ်ငန်းကော်မတီဝင် ဒုတိယဝန်ကြီး များဖြစ်ကြသည့် ဦးရဲတင့်၊ ဒေါက်တာအောင်ကြီး၊ ဒေါက်တာမိုးဇော်ထွန်း၊ ပါမောက္ခ ဒေါက်တာအေးထွန်း၊ ဦးစိုးကြည်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဦးဌေးလှိုင်နှင့် ဒေါက်တာမျိုးသန့်၊ လုပ်ငန်းကော်မတီအတွင်းရေးမှူး အမြဲတမ်း အတွင်းဝန် ဦးဝင်းဇော်အောင်နှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး ကျန်လုပ်ငန်းကော်မတီဝင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး‌ကျော်သူရနှင့် အဖွဲ့ဝင် (၂)ဦးတို့သည် Virtual စနစ်နှင့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှတက်ရောက်ကြသည်။

IMG_0624  IMG_0674

          အစီအစဉ်အရ ရှေးဦးစွာ လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံသားစိစစ်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က အမှာစကားပြောကြားရာတွင် ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ပြန်လည်နေရာချထားရေး၊ နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေး၊ လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပေးအပ်ရေး၊ ပြန်လည်ထူထောင်ရေး၊ ရေရှည်ပဋိပက္ခကင်းဝေးရေးတို့ကို အကောင်အထည်ဖော် ရန်အတွက် နိုင်ငံတော်အစိုးရအနေဖြင့် ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက် ရေးအတွက် ဗဟိုကော်မတီကိုဖွဲ့စည်းဆောင်ရွက်နေသကဲ့သို့ ဗဟိုကော်မတီ၏အောက်တွင် လုပ်ငန်းကော်မတီ(၅)ခုဖွဲ့စည်းကာ လုပ်ငန်းများကို ထိထိရောက်ရောက်ကြိုးပမ်းဆောင်ရွက် လျက်ရှိပါကြောင်း၊ မိမိတို့ လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံသားစိစစ်ရေးလုပ်ငန်းကော်မတီအနေဖြင့် လည်း အကြမ်းဖက်ဖြစ်စဉ်များကြောင့် ရခိုင်ပြည်နယ်မှနေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံ‌ရေး လုပ်ငန်းစဉ်အောင်မြင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေသကဲ့သို့ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ သဘောတူညီချက်များအရ လုပ်ငန်းအဖွဲ့များဖွဲ့စည်းကာ နှစ်နိုင်ငံညှိနှိုင်းဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများနှင့်ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှပေးပို့လာသည့် အိမ်ထောင်စုလူဦးရေစာရင်းများအနက် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလကုန်အထိစိစစ်ပြီးဖြစ်သည့် မြန်မာနိုင်ငံတွင်နေထိုင်ကြောင်း အထောက်အထားတွေ့ရှိသူ(၅၆၀၀၀)ကျော်၊ ပြည်ထဲရေးဝန်ကြီး ဌာန၏ အကြမ်းဖက်စာရင်းတွင်ပါဝင်သူ(၉၀၀)ခန့်၊ မြန်မာနိုင်ငံတွင်နေထိုင်ခဲ့ကြောင်း အထောက် အထားမတွေ့ရှိသူ(၃၀၀၀၀)ကျော်၊ စုစုပေါင်းလူဦးရေ(၈၇၀၀၀)ကျော်အား နိုင်ငံခြားရေးဝန်ကြီး ဌာနမှတစ်ဆင့် သံတမန်လမ်းကြောင်းဖြင့် ပေးပို့အကြောင်းပြန်ကြားပြီးဖြစ်ပါကြောင်း၊ ယင်းတို့ အနက် နှစ်နိုင်ငံညှိနှိုင်းချက်အရ ပြန်လည်လက်ခံရေးလုပ်ငန်းများကို Pilot Project ဖြင့် ဆောင်ရွက် နိုင်ရန် သဘောတူခဲ့ပြီး အိမ်ထောင်စု(၂၀၀)ကျော်၊ လူဦးရေ(၇၀၀)ကျော်အား ပြန်လည်လက်ခံရန် လျာထားပေးပို့ခဲ့ပါကြောင်း၊ သို့သော် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ Pilot Project ဖြင့် ပြန်လည် လက်ခံရန်လျာထားသူ(၇၀၀)ကျော်အပြင် ၎င်းတို့၏ဆက်စပ်မိသားစုဝင်(၄၀၀)ကျော်၏ စာရင်းပါ ထပ်တိုး၍ သံတမန်လမ်းကြောင်းမှတစ်ဆင့် ပေးပို့လာပါကြောင်း၊ အဆိုပါစာရင်းများအား လုပ်ငန်းကော်မတီ၏ ယခင်ကျင်းပခဲ့သည့်(၁/၂၀၂၃) လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ရှင်းလင်း ချပြခဲ့ပြီးလည်းဖြစ်ပါကြောင်း၊ ယင်းသို့ စိစစ်အတည်ပြုရန်ကျန်ရှိသည့် ဆက်စပ်မိသားစုဝင် (၄၀၀)ကျော်အား မျက်မြင်တွေ့ဆုံမေးမြန်းစိစစ်နိုင်ရန် မျက်မြင်စစ်ဆေးရေးအဖွဲ့ ဖွဲစည်းခဲ့ပါ ကြောင်း၊ မိမိတို့ဘက်မှ မျက်မြင်စစ်ဆေးရေးအဖွဲ့သည် ပြီးခဲ့သည့်မတ်လ (၁၅)ရက်မှ (၂၁)ရက် အထိ မောင်တောမှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကနပ်မြို့သို့သွားရောက်၍ မိသားစုဝင်(၄၀၀) ကျော်အား မျက်မြင်တွေ့ဆုံမေးမြန်းစိစစ်ခဲ့ပါကြောင်း၊ မျက်မြင်စစ်ဆေးရေးအဖွဲ့၏ စစ်ဆေး တွေ့ရှိချက်အရ နှစ်နိုင်ငံသဘောတူညီချက်(၅)ရပ်နှင့် ကိုက်ညီသဖြင့် လက်ခံနိုင်သူများရှိသကဲ့သို့ ပြန်လည်သုံးသပ်၍ ညှိနှိုင်းဆွေးနွေးအတည်ပြုရမည့်သူများလည်း ရှိနေသည်ကိုတွေ့ရှိရပါကြောင်း၊ မျက်မြင်စစ်ဆေးတွေ့ရှိချက်များအား မိမိတို့လုပ်ငန်းကော်မတီမှဆွေးနွေးပြီး ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများ ညှိနှိုင်းပေါင်းစပ်ရေးကော်မတီ သို့ တင်ပြမည်ဖြစ်ပါကြောင်း၊ ယင်းကော်မတီမှတစ်ဆင့် ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီသို့ ဆက်လက်တင်ပြ အတည်ပြုချက်ရယူသွားမည်ဖြစ်ပါကြောင်း၊ ထို့ပြင် ယခင်ကပင် စိစစ်အတည်ပြုပြီးဖြစ်သည့် ဟိန္ဒူဘာသာဝင် (၃၀၀)ကျော်ကိုလည်း ဒုတိယ အကြိမ် Pilot Project တွင် ပြန်လည်လက်ခံရန် လျာထားပါကြောင်းနှင့် ယင်းကိစ္စရပ်များအား နောင်ကျင်းပမည့် နှစ်နိုင်ငံပူးတွဲလုပ်ငန်းအဖွဲ့(JWJ)အစည်းအဝေးတွင် ဆက်လက်ညှိနှိုင်းဆွေးနွေး သွားမည်ဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်မှနေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးအတွက် တောင်ပြို လက်ဝဲနှင့်ငါးခူရစခန်း(၂)ခုတွင် မိမိတို့ဌာနဝန်ထမ်းများနှင့် ဆက်စပ်ဌာနများမှဝန်ထမ်းများသည် လုပ်ငန်းသုံးပစ္စည်းများနှင့် အတူတာဝန်ချထားပြီး ပြန်လည်လက်ခံရေးစီမံချက်နှင့်အညီ ပြန်လည်လက်ခံရန်အသင့်ရှိနေပါကြောင်း၊ လုပ်ငန်းကော်မတီဝင်များအနေဖြင့် မျက်မြင်စစ်ဆေး ရေးအဖွဲ့၏ စစ်ဆေးပြီးစီးခဲ့သူအား ယခင်စိစစ်အတည်ပြုသူများနှင့်အတူ Pilot Project ဖြင့် ပြန်လည်လက်ခံနိုင်မည့်အခြေအနေကို စိစစ်သုံးသပ်အကြံပြုဆွေးနွေးပေးကြရန် တိုက်တွန်းပါ ကြောင်းဖြင့် အကျယ်တဝင့်ရှင်းလင်းပြောကြားသည်။

IMG_0678    IMG_0685

          ယင်းနောက်လုပ်ငန်းကော်မတီအတွင်းရေးမှူး၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းဇော်အောင် က ဖေဖော်ဝါရီလ(၁၇)ရက်ကကျင်းပခဲ့သည့် လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံသားစိစစ်ရေး လုပ်ငန်းကော်မတီ၏ (၁/၂၀၂၃) လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်များနှင့် ဆောင်ရွက်မှု အခြေအနေများကိုလည်းကောင်း၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲထွန်းဦး က မျက်မြင်စစ်ဆေးရေးအဖွဲ့၏ စစ်ဆေးတွေ့ရှိချက်များနှင့် စိစစ်သုံးသပ်ရမည့်အခြေအနေများ ကိုလည်းကောင်း အသီးသီးရှင်းလင်းတင်ပြကြသည်။

          ယင်းနောက် တက်ရောက်လာကြသည့် လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်နှင့် လုပ်ငန်းကော်မတီဝင်များ၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ Virtual စနစ်ဖြင့် တက်ရောက်ကြသည့် လုပ်ငန်းကော်မတီဝင်များက လုပ်ငန်း ကော်မတီ၏ လုပ်ငန်းတာဝန်များကို ဌာနအလိုက်ပေါင်းစပ်အကောင်အထည်ဖော်ဆောင်ရွက် နေမှုနှင့် မျက်မြင်စစ်ဆေးရေးအဖွဲ့မှ စစ်ဆေးတွေ့ရှိချက်များအပေါ်  Pilot Project ဖြင့် ပြန်လည် လက်ခံနိုင်ရေးအတွက် သုံးသပ်အကြံပြုချက်များကို အသီးသီးရှင်းလင်းဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပြန်လည်ဆွေးနွေးညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေး သည်။

ထို့နောက် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က လုပ်ငန်းညှိနှိုင်း အစည်းအဝေးနှင့်ပတ်သက်သည့် ဆွေးနွေးချက်များကို ရှင်းလင်းတင်ပြ၍ အတည်ပြုဆုံးဖြတ်ချက် ရယူပြီးနောက်လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးက ရခိုင်ပြည်နယ်မှနေရပ်စွန့်ခွာသူ များအနက် Pilot Project ဖြင့် ပြန်လည်လက်ခံနိုင်ရေးအတွက် စိစစ်အတည်ပြုပြီးသူများအား အထက်အဆင့်ဆင့်သို့ ဆက်လက်တင်ပြကာ လုပ်ငန်းများအမြန်အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရေး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကိုရုတ်သိမ်းလိုက်ကြောင်း သတင်းရရှိ သည်။(-)

Sorry, the comment form is closed at this time.