ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဥတ္တရသီရိမြို့နယ်ရှိဒေသခံ ပြည်သူများအား ပန်းခင်းစီမံချက် ဖြင့် ဆောင်ရွက်ပြီးဖြစ်သည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ်၊ ဝန်ကြီးဌာန၏ လုပ်ငန်းခွင်မွမ်းမံသင်တန်း ဖွင့်ပွဲတက်ရောက်။

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဥတ္တရသီရိမြို့နယ်ရှိဒေသခံ ပြည်သူများအား ပန်းခင်းစီမံချက် ဖြင့် ဆောင်ရွက်ပြီးဖြစ်သည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ်၊ ဝန်ကြီးဌာန၏ လုပ်ငန်းခွင်မွမ်းမံသင်တန်း ဖွင့်ပွဲတက်ရောက်။

နေပြည်တော်၊ ဇွန် ၇ ။

ပြည်ထောင်စုနယ်မြေနေပြည်တော်၊ ဥတ္တရသီရိမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ အတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက် ပြီးဖြစ်သည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားပေးအပ်ပွဲကို ဇွန်လ ၇ ရက်၊ ယနေ့ နံနက် (၉) နာရီခွဲတွင် ဥတ္တရသီရိမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ စုပေါင်း ခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အား ဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်နှင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ ဖိတ်ကြားထားသူများနှင့်ဒေသခံ ပြည်သူများ တက်ရောက်ကြသည်။

အစီအစဉ်အရ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က အမှာစကားပြောကြားရာတွင် ပြီးခဲ့သည့် အထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းတွင်ပါရှိသည့် မဲဆန္ဒရှင်များတွင် ကိုင်ဆောင်ကတ်ပြား တစ်မျိုးမျိုး ဖြည့်သွင်းထားရှိခြင်းမရှိသူ အများအပြားပါရှိနေကြောင်းကို စိစစ်တွေ့ရှိရပါကြောင်း၊ ယင်းစာရင်းတွင်ပါရှိသူသည် နိုင်ငံသား ဟုတ်/မဟုတ် မသိရှိနိုင်ခြင်း၊ အသက် (၁၈)နှစ် ပြည့်/မပြည့် မသိရှိနိုင်ခြင်းတို့ကြောင့် မဲပေးပိုင်ခွင့် ရှိ/မရှိ စိစစ်နိုင်ခြင်းမရှိပါကြောင်း၊ ထို့ကြောင့် နောင်ကျင်းပ မည့် ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူတိုင်း ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်၍ ဆန္ဒမဲပေးနိုင်ရေးဆောင်ရွက်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ လမ်းညွှန်မှုအရ မိမိတို့ဌာနအနေဖြင့် ပန်းခင်းစီမံချက်ရေးဆွဲဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်းသည် ခေတ် အဆက်ဆက် စဉ်ဆက်မပျက် ဆောင်ရွက်ပေးနေသည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ပါကြောင်း၊ သို့သော် လည်း အခြေအနေအကြောင်းအမျိုးမျိုးကြောင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားမရှိသူများ အများအပြားရှိနေသေးပါကြောင်း၊ မြန်မာနိုင်ငံသားတိုင်းရင်းသားများနှင့် ဥပဒေအရ နိုင်ငံသားများအား ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ ပန်းခင်းစီမံချက်ဖြင့် တိုင်းဒေသ ကြီး/ ပြည်နယ်အလိုက် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်း လုပ်ငန်းကို ၂၀၂၁ ခုနှစ် ၊ မေလ ၃ ရက်မှ ၂၀၂၂ ခုနှစ် ၊ နိုဝင်ဘာ ၃ ရက်အထိ (၁၈) လကြာ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံသားစိစစ်ရေးကတ်သည် နိုင်ငံသားတစ်ဦးအတွက် နိုင်ငံသားအခွင့်အရေး အပြည့်အဝရရှိခံစားနိုင်သကဲ့သို့ ကတ်ပြားကိုင်ဆောင်သူအနေဖြင့် နိုင်ငံတော် အပေါ်သစ္စာစောင့်သိပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် တတ်စွမ်းသမျှ အထောက်အကူပြုရန် တာဝန်ရှိပါကြောင်း၊ ပန်းခင်းစီမံချက်ဆောင်ရွက်ရာတွင် တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများ နှင့်အညီ ဆောင်ရွက်ရသည့်အတွက် ပြည်သူများအနေ ဖြင့် လိုအပ်သောအထောက်အထားများအား မှန်ကန်ပြည့်စုံစွာ ဖြည့်သွင်းဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ ယင်းလုပ်ငန်းစဉ်သည် လုပ်ငန်း ပမာဏကြီးမားကျယ်ပြန့်ပြီး ကာလသတ်မှတ်ချက်အတွင်း ပြီးစီးအောင်ဆောင်ရွက်ရမည် ဖြစ်သည့် အတွက် ဒေသအာဏာပိုင်အဖွဲ့အစည်းများ၊ အခြားဆက်စပ်ဌာနများမှ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက် ပေးကြရန်နှင့် ကာယကံရှင်ပြည်သူများကလည်း သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ၊ စီမံအုပ်ချုပ်ရေး အဖွဲ့သို့ အသိပေးဆက်သွယ်ဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်းဖြင့် အကျယ်တဝင့် ရှင်းလင်း ပြောကြားသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က ပြည်ထောင်စု နယ်မြေ နေပြည်တော်အတွင်း ပန်းခင်းစီမံချက် အကောင်အထည်ဖော်ဆောင်ရွက်နေမှုနှင့် ပြည်သူ များ ပူးပေါင်းဆောင်ရွက်နိုင်ရေးအခြေအနေများကို ရှင်းလင်းပြောကြားပြီးနောက် ပြည်ထောင်စု ဝန်ကြီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဥတ္တသီရိရပ်ကွက်၊ ရွှေနံ့သာရပ်ကွက်၊ မင်းကုန်းကျေးရွာအုပ်စုနှင့် နယ်မြေခံတပ်နယ်အတွင်း ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီးဖြစ်သော အိမ်ထောင်စုလူဦးရေစာရင်း(၁၀၀)စောင်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၁၂၅)ကတ် တို့ကို ရပ်ကွက်/ကျေးရွာကိုယ်စားလှယ်များနှင့် ကာယကံရှင်ပြည်သူများထံ အသီးသီး ပေးအပ်ကြသည်။

ထို့နောက် ပန်းခင်းစီမံချက် ဆောင်ရွက်ပေးမှုနှင့်ပတ်သက်၍ ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ တက်ရောက်လာကြသူများသည် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်၍ အခမ်းအနားကို ရုတ်သိမ်းလိုက်ပြီးနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူ များသည် ဥတ္တရသီရိမြို့နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများက ဒေသခံပြည်သူများအား အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များ ထုတ်ပေးဆောင်ရွက်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှု၍ ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးသည်။

ယင်းနောက် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ပန်းခင်းစီမံချက်အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ရေးညှိနှိုင်းအစည်းအဝေးကို ဥတ္တရသီရိမြို့နယ် အဆိုပါရုံး အစည်းအဝေးခန်းမ၌ ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက ဌာနမှဆောင်ရွက်လျက်ရှိသည့် ပန်းခင်းစီမံချက်နှင့်ပတ်သက်သည့် အချက်အလက်များ၊ ပြည်ထောင်စုနယ်မြေ နေပြည်တော် အတွင်း ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးရမည့်လုပ်ငန်း ပမာဏနှင့်လုပ်ငန်း လိုအပ်ချက်များ၊ တည်ဆဲဥပဒေနှင့်အညီ ဆောင်ရွက်ပေးရမည့်အခြေအနေများ၊ ဒေသအာဏာပိုင်များနှင့် ဆက်စပ် ဌာနများမှ ပူးပေါင်းကူညီဆောင်ရွက်ပေးစေလိုသည့် အချက်များ၊ လုပ်ငန်းအောင်မြင်ရေးအတွက် ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်နိုင်ရေး အခြေအနေများကို ရှင်းလင်းပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်နှင့် တာဝန်ရှိသူများက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ပန်းခင်းစီမံချက် အကောင်အထည်ဖော် ဆောင်ရွက် နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များ၊ ဆက်စပ်ဌာနအချင်းချင်း ပူးပေါင်း ဆောင်ရွက်နေမှုများနှင့် လုပ်ငန်းလိုအပ်ချက်များကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည် များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည့် အရာထမ်း၊ အမှုထမ်း များ လုပ်ငန်းခွင်မွမ်းမံသင်တန်းအမှတ်စဉ်(၁/၂၀၂၁)သင်းတန်းဖွင့်ပွဲသို့ တက်ရောက်ကာ အလုပ်သမား ရေးရာကိစ္စများနှင့်ပတ်သက်၍ ရည်မှန်းချက် (၉)ရပ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေမှု၊ ဝန်ထမ်းများအနေဖြင့် အလုပ်သမားရေးရာဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့် ရုံးလုပ်ငန်းဆိုင်ရာများ၊ လက်တွေ့နယ်ပယ်၌ ဆောင်ရွက်ရမည့် လုပ်ငန်းဆိုင်ရာ ဘာသာရပ်များကို ရက်တိုမွမ်းမံသင်တန်းအဖြစ် ဖွင့်လှစ်ပို့ချမည့်အစီအစဉ်၊ သင်တန်းမှာပို့ချမည့်ဘာသာရပ်များအပေါ် လက်တွေ့လုပ်ငန်းခွင် အတွေ့အကြုံများနှင့်နှိုင်းယှဉ်၍ ပွင့်ပွင့်လင်းလင်း မေးမြန်းဆွေးနွေး ဆောင်ရွက်နိုင်ရေးအခြေအနေ၊ ဝန်ထမ်းများသည် ဝန်ထမ်းကျင့်ဝတ်နှင့်အညီ နေထိုင်ကျင့်ကြံရင်း လုပ်ငန်းစွမ်းဆောင်ရည် ပြည့်ဝနေစေရေးအတွက် အစဉ်လေ့လာသင်ယူကာ ပေးအပ်သည့် တာဝန်ကို ကျေပွန်စွာထမ်းဆောင်နိုင်ရေး အခြေအနေများနှင့်စပ်လျဉ်း၍ အကျယ်တဝင့်အမှာစကား ပြောကြားကာ ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

အဆိုပါသင်တန်းသို့ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနနှင့် လူမှုဖူလုံရေးအဖွဲ့တို့ရှိ နေပြည်တော်ရုံးချုပ်မှ အင်အား (၆၀) နှင့် တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးရှိ ရုံးများမှ virtual စနစ်ဖြင့် တက်ရောက်မည့် အင်အား (၁၅) ဦး၊ စုစုပေါင်း အရာထမ်း၊ အမှုထမ်း သင်တန်းသား အင်အား (၇၅) ဦးတက်ရောက်၍ သင်တန်းကာလ ရက်သတ္တ (၂) ပတ် ကြာမြင့်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ (

Sorry, the comment form is closed at this time.