အယ်ဒီတာထံပေးစာ

အယ်ဒီတာထံပေးစာ

  • ၁၉-၈-၂၀၁၃ နေ့ထုတ် 7 day Daily သတင်းစာ အယ်ဒီတာထံပေးစာ ကဏ္ဍ၌ “ မူမမှန်သော ကြိုးနီစနစ်များ” ခေါင်းစဉ်ပါ နေမျိုးကျော်စွာဆိုသူ၏ ဖေါ်ပြစာနှင့် ပတ်သက်၍ လူဝင်မှုကြီးကြပ် ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနနှင့် ပြည်သူ့အင်အား ဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ် များ ဦးဆောင်‌သော စီမံခန့်ခွဲရေးကော်မတီဝင်များမှ အချက်တစ်ချက်ချင်းအပေါ် သတ်မှတ်ချက်၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်၊ တစ်ဦးချင်းစီအတွက် ရရှိအထောက်အထားများကို စာရေးသား သူအား ခေါ်ယူပြသရှင်းလင်းနိုင်ပါသည်။ သို့သော် ရေးသားသူမှာ မည်သူမည်ဝါဆိုသည်ကို မသိခြင်း၊ ဌာနဆိုင်ရာ လုပ်ငန်းစဉ်များဖြစ်၍ တည်ဆဲဥပဒေများအရ လက်လွှတ်စပယ် ရေးသား ဖြန့်ဝေရှင်းလင်းရန် မဖြစ်နိုင်ခြင်း စသည်တို့ကြောင့် တုံ့ပြန်ရေးသားရန် ဆန္ဒမရှိသော်လည်း ဌာနအတွက် ဂုဏ်ယူစိတ်ရှိနေကြသော ဝန်ထမ်းများမှ လည်းကောင်း၊ အစိုးရသစ်ကာအတွင်း လမ်းညွှန်ချက်များနှင့်အညီ ပြည်သူ့ဆန္ဒအား ပိုမိုဖြည့်ဆည်းပေးနိုင်ရန် နေ့/ညမပြတ် တိုင်းနှင့် ပြည်နယ်အနှံ့ ကွင်းဆင်းဆောင်ရွက်နေကြသော အဆင့်စုံ ဝန်ထမ်း အမျိုးသား/အမျိုးသမီး များမှ လည်းကောင်း၊ ပြည်သူသို့ အသိပေးခြင်း ဟူသော ခေါင်းစဥ်ဖြင့် နိုင်ငံပိုင်သတင်းစာများတွင် ဌာနလုပ်ဆောင်ချက်များအား ဖော်ပြ၍ ပြည်သူများ၏ အကြံပြုချက်၊ တိုင်ကြားချက်များကို နေ့စဥ် ကာယကံရှင်များထံ ပြန်လည် ဖြေရှင်းပေးနေသည့်အကြားမှ ပကတိ ဆောင်ရွက်ချက်ကို မသိဘဲ ယခုကဲ့သို့ ရည်ရွယ်ချက်ဖြင့် အထောက်အထားမဲ့ ဖြန့်ကျက် တိုက်ခိုက်ခြင်းသည် မည်သည့်နည်းနှင့် မျှ မိမိတို့ လုပ်ဖော်ကိုင်ဖက်များ ဌာနဝန်ထမ်းမဖြစ်နိုင်ပါဟု ယူဆနေကြသော ဝန်ထမ်းအချို့မှ လည်းကောင်း၊ အမှန်တရားနှင့် ဂုဏ်သိက္ခာအား ထိခိုက်မခံလိုကြသည့် ဦးစီးဌာန စီမံခန့်ခွဲရေး ကော်မတီဝင်များမှ လည်းကောင်း၊ ဤဆောင်းပါးစတင်ပါရှိလာသည့် နေ့မှစ၍ တစ်နည်းနည်းဖြင့် မဖြစ်မနေ ပြန်လည်ရှင်းလင်းပေးပါရန် လူကိုယ်တိုင်/ တယ်လီဖုန်း/ စာတို့ဖြင့် အကြိမ်ကြိမ် တိုက် တွန်းချက်များကြောင့် ဤနေရာမှပင် ယခုကဲ့သို့ ပြန်လည်ဖော်ပြ ထုတ်ပြန်ရခြင်းဖြစ်ပါသည်။
  • သို့ပါ၍ ဂျာနယ်တွင် ရေးသားခဲ့သော နေမျိုးကျော်စွာ ဆိုသူအပါအဝင် မည်သူကိုမဆို ဌာနတွင်း စီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စရပ်များမှာ ဥပဒေနှင့်မညီ ဘက်လိုက်မှုရှိသည်၊ လာဒ်ပေးလာဒ်ယူမှု ရှိခဲ့သည်ဟု သံသယဖြစ်သည်ဟုဆိုက ခိုင်လုံတိကျသော အထောက်အထားရှိသည်ဖြစ်စေ၊ မရှိသည် ဖြစ်စေ ကိုယ်တိုင်လာရောက်တွေ့ဆုံ မေးမြန်းရန် ဖိတ်ခေါ်ပါသည်။ စနစ်တကျ ရှင်းလင်းပြပါမည်။ လိုအပ်သော မည်သည့်ဝန်ထမ်းနှင့်မဆို တွေ့ဆုံမေးမြန်းခွင့် ပြုပါမည်။ စွပ်စွဲချက်မှန်ကန်ပါက ကျူးလွန်သူများအား ဌာနဆိုင်ရာ အရေးယူမှုအပြင် သက်ဆိုင်ရာ တရားရုံး တစ်ခုခုတွင် တရားစွဲဆို လိုပါက ကူညီဆောင်ရွက်ပေးပါမည်။ မှားယွင်းစွပ်စွဲ ပြောဆိုမိသည်ဆိုပါက လာရောက်ဆွေးနွေး သူအား တစ်စုံတစ်ရာ တန်ပြန်အရေးယူမည်မဟုတ်ပါ။ မှားယွင်းဖော်ပြခဲ့ခြင်း ဖြစ်သည်ဟု တရားဝင် ပြန်လည်ရှင်းလင်း ရေးသားပေးရန် တာဝန်ယူပေးရမည်ဖြစ်ပါသည်။
  • လူတစ်ဦးချင်းစီ၏ ပုဂ္ဂလိက ခံစားချက်အပေါ်မူတည်၍ မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ နစ်နာရန်ပြီးရောဆိုသည့် ရည်ရွယ်ချက်ဖြင့် ဖြန့်ကျက် ရေးသားခြင်းမျိုး ဖြစ်ပါက နိုင်ငံတော် အတွက်၊ ဌာနအတွက်၊ မိသားစုအတွက်နှင့် လူပုဂ္ဂိုလ်တစ်ဦးချင်းစီအတွက် ကြိုးပမ်းဆောင်ရွက် နေကြသည့် ဌာနတွင်း နိုင်ငံ့ဝန်ထမ်း မိသားစုဝင်အားလုံးကို မထိခိုက်စေသင့်ဟု ယူဆပါသည်။
  • ဂျာနယ်ပါ နေမျိုးကျော်စွာအပါအဝင် လာရောက်ဆက်သွယ် မေးမြန်းမည့်သူများအား ရက် သတ္တပတ် (၂) ပတ်ခန့် (၁၅-၉-၂၀၁၃) နေ့အထိ နေပြည်တော် ဦးစီး(ရုံးချုပ်)၊ စီမံနှင့် ဘဏ္ဍာဌာနခွဲ၊ (လဝက/ပသအ)၌ စောင့်ဆိုင်းပေးပါမည်။ လိုအပ်သော သွားလာ၊ နေထိုင်၊ တည်းခို၊ စားသောက် စရိတ်အပါအဝင် ကိစ္စအဝဝများအား စရိတ်ငြိမ်းတာဝန်ယူဆောင်ရွက်ပေးပါမည်။
  • သတ်မှတ်ချိန် အချိန်ကာလ ပြည့်မြောက်သည့် အချိန်အထိ လာရောက်တွေ့ဆုံဆွေးနွေးမှု မရှိတော့ပါက ဤကိစ္စအတွက် တရားဝင် ဖိတ်ခေါ်ချက်အပေါ် လာရောက်ရှင်းလင်းမည့်သူ မရှိ ကြောင်း ပြန်လည်ထုတ်ပြန်သွားပါမည်။                               

ဦးစီးဌာနစီမံခန့်ခွဲရေးကော်မတီဝင်များ
လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနပြည့်သူ့အင်အားဦးစီးဌာန
ဌာနအကျိုးလိုလားသူဝန်ထမ်းများ

ဆက်သွယ်ရန်
ညွှန်ကြားရေးမှူးချုပ် (လဝက)
ဖုန်း ၀၆၇-၄၃၁၀၁၆၊ ၀၆၇-၄၃၁၀၁၅၊ ၀၉၅၀၆၃၀၀၄၊ ၀၉၈၆၀၀၉၉၇

ညွှန်ကြားရေးမှူးချုပ် (ပသအ)
ဖုန်း ၀၆၇-၄၃၁၀၆၂၊ ၀၉၅၀၆၆၆၄၂

ရုံးအဖွဲ့မှူး
ဖုန်း ၀၆၇-၄၃၁၀၀၇၊ ၀၉၈၃၀၄၆၄၇

ညွှန်ကြားရေးမှူး (စီမံနှင့် ဘဏ္ဍာဌာနခွဲ၊ လဝက)
ဖုန်း ၀၆၇-၄၃၁၀၂၂၊ ၀၉၄၄၈၃၆၈၈၈၈

ညွှန်ကြားရေးမှူး (စီမံဌာနခွဲ ၊ ပသအ)
ဖုန်း ၀၆၇-၄၃၁၀၆၆၊ ၀၉၄၉၅၈၉၈၅၈

 

 

Sorry, the comment form is closed at this time.