ပြည်ထောင်စုဝန်ကြီးဦးခင်ရီ၊ နိုင်ငံခြားသားအမြဲနေထိုင်ခွင့်ပြုခြင်း (PR System) ဆိုင်ရာ အကောင်အထည်ဖော်ရေးဗဟိုကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်၊ လူတွေ့မေးမြန်း အကဲဖြတ်၍ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဝိုင်းဝန်းအကြံပြုသုံးသပ် အကဲဖြတ်ရေးမှာကြား။

ပြည်ထောင်စုဝန်ကြီးဦးခင်ရီ၊ နိုင်ငံခြားသားအမြဲနေထိုင်ခွင့်ပြုခြင်း (PR System) ဆိုင်ရာ အကောင်အထည်ဖော်ရေးဗဟိုကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်၊ လူတွေ့မေးမြန်း အကဲဖြတ်၍ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဝိုင်းဝန်းအကြံပြုသုံးသပ် အကဲဖြတ်ရေးမှာကြား။

နေပြည်တော်၊ မတ်  11  ။

          မြန်မာနိုင်ငံတွင် နိုင်ငံခြားသား အမြဲနေထိုင်ခွင့်လျှောက်ထားသူများနှင့် ပတ်သက်၍ နိုင်ငံခြားသားအမြဲနေထိုင်ခွင့်ပြုခြင်း (Permanent Residence System-PR System) ဆိုင်ရာ အကောင်အထည်ဖော်ရေး ဗဟိုကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေးနှင့် ဗဟိုကော်မတီမှ စိစစ်အတည်ပြုပြီးသူများအား လူတွေ့မေးမြန်းအကဲဖြတ်ခြင်းကို မတ်လ (၁၁) ရက် ယနေ့နံနက် (၁၁)နာရီက နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမ၌ကျင်းပရာ အခမ်းအနားသို့ နိုင်ငံခြားသားအမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည်ဖော်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ဒုတိယဝန်ကြီး ဌေးလှိုင်၊ ဗဟိုကော်မတီဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

          အစီအစဉ်အရ ရှေးဦးစွာ ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက အမှာ စကားပြောကြားရာတွင် မြန်မာနိုင်ငံတွင် တည်ဆဲဥပဒေအရ နိုင်ငံသားတစ်ဦးသည် တစ်ချိန်တည်းမှာ နှစ်နိုင်ငံ၏ နိုင်ငံသားအဖြစ် ခံယူခွင့်ပြုထားခြင်းမရှိသော်လည်း နိုင်ငံတော်၏ အကျိုး၊ အခြားနိုင်ငံသားခံယူထားသည့် မြန်မာနိုင်ငံသားဟောင်းများ၏အကျိုးအတွက် နိုင်ငံခြား သားအမြဲနေထိုင်ခွင့်ကို ၂၀၁၂ ခုနှစ်မှစတင်ကာ မိမိတို့နိုင်ငံနှင့် ကိုက်ညီမည့်စနစ်ဖြစ်စေရေး ကျယ်ကျယ်ပြန့်ပြန့် လေ့လာဆောင်ရွက်ခဲ့ပါကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင်လည်း နိုင်ငံတော်လုံခြုံရေးနှင့် အမျိုးသားအကျိုးစီးပွားမထိခိုက်စေရေး၊ ပြည်တွင်းရှိ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ပြိုကွဲပျက်စီးမှုမရှိစေရေးအတွက် အဖက်ဖက်မှ စဉ်းစား သုံးသပ်ကာ အဆင့်ဆင့်တင်ပြဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ နိုင်ငံခြားသားအမြဲနေထိုင်ခွင့် စနစ်ဖြင့် အရည်အချင်းပြည့်မီသူ ကျွမ်းကျင်ပညာရှင်သူများ၊ ရင်းနှီးမြှုပ်နှံလိုသည့် စီးပွားရေး လုပ်ငန်းရှင်များ၊ နိုင်ငံကိုအထောက်အကူပြုမည့် မြန်မာနိုင်ငံသားဟောင်းများနှင့် မြန်မာ နိုင်ငံသားနှင့် သွေးချင်းဆက်စပ်သူ နိုင်ငံခြားသားများဟူ၍ အမျိုးအစား(၄)မျိုး ခွဲခြားခွင့်ပြုနိုင်ရေး ဆောင်ရွက်ခဲ့ပါကြောင်း၊ ယင်းစနစ်ကို ဥပဒေနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်နိုင် ရန်အတွက် နိုင်ငံခြားသားအမြဲနေထိုင်ခွင့်ဆိုင်ရာ နည်းဥပဒေကိုလည်း မိမိတို့ဝန်ကြီးဌာနမှ ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ(၁၈) ရက်တွင် ထုတ်ပြန်ပြဋ္ဌာန်းခဲ့ပါကြောင်း၊ ထို့ပြင် နိုင်ငံခြားသားအမြဲ နေထိုင်ခွင့်ကနဦးလျှောက်ထားခြင်းကို မြန်မာနိုင်ငံတွင်သာမက ပြည်ပရှိ မြန်မာသံရုံးများတွင်ပါ လျှောက်ထားနိုင်ရေးအတွက် ၂၀၁၇ ခုနှစ်၊ ဧပြီလ (၂) ရက်က နည်းဥပဒေကိုပြင်ဆင်သည့် နည်းဥပဒေထုတ်ပြန်ခဲ့ပါကြောင်း၊ ယင်းလုပ်ငန်းစဉ်အား ၂၀၁၅ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့ရာ ယခုနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူချိန်ကာလ၌ မြန်မာနိုင်ငံတွင် နိုင်ငံခြားသား အမြဲနေထိုင်ခွင့်စနစ် (Permanent Residence System)  စီမံခန့်ခွဲမှုကော်မတီကို နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဥက္ကဋ္ဌအဖြစ်ဦးဆောင်၍ အဖွဲ့ဝင် (၁၀) ဦးဖြင့်လည်းကောင်း၊ နိုင်ငံခြားသားအမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည်ဖော်ရေး ဗဟိုကော်မတီကို မိမိမှ ဥက္ကဋ္ဌအဖြစ် အဖွဲ့ဝင်(၁၀) ဦးဖြင့်လည်းကောင်း၊ နိုင်ငံခြားသားအမြဲ နေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီကို မိမိတို့ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်က ဥက္ကဋ္ဌအဖြစ် အဖွဲ့ဝင်(၁၃)ဦးဖြင့်လည်းကောင်း ဖွဲ့စည်းခဲ့ပြီးဖြစ်ပါ ကြောင်း၊ နိုင်ငံခြားသားအမြဲနေထိုင်ခွင့်စနစ်အား ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ(၂၉)ရက်မှ စတင် ဆောင်ရွက်ခဲ့ရာ ၂၀၂၂ ခုနှစ်၊ မတ်လ(၁၀)ရက်နေ့အထိ လျှောက်ထားသူနှင့် မိသားစုအပါအဝင် စုစုပေါင်း (၇၁၇) ဦးရှိပြီး ပြည်ထောင်စုအစိုးရအဖွဲ့ရုံးမှ အတည်ပြုခွင့်ပြုပေးပြီးသူ မိသားစု အပါအဝင် (၆၁၇) ဦးရှိပြီဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်းစဉ်အား PR နည်းဥပဒေနှင့်အညီ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လျှောက်ထားသူများအနက် PR နည်းဥပဒေအရ ငြင်းပယ်ခဲ့သူ (၇)ဦး၊ လျှောက်ထားခြင်းအား ပြန်လည်ပယ်ဖျက်သူ (၁)ဦး၊ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုအခြေအနေအရ လေကြောင်းလိုင်းများပိတ်ထားခြင်းကြောင့် ဗဟိုကော်မတီမှ လူတွေ့စစ်ဆေးအကဲဖြတ်ရန် ကျန်ရှိသူမိသားစုများအပါအဝင် (၈၁)ဦး ၊ ထပ်မံလျှောက်ထားသော်လည်း လုပ်ငန်းကော်မတီနှင့် ဗဟိုကော်မတီတို့မှ မစိစစ်ရသေးသူ မိသားစုအပါအဝင် (၁၁)ဦးရှိပါကြောင်း၊ ယခုအစည်းအဝေး တွင် ယခင်အစိုးရလက်ထက်က လုပ်ငန်းကော်မတီနှင့် ဗဟိုကော်မတီတို့မှ အဆင့်ဆင့်စိစစ်ထား ပြီး ကိုဗစ်-၁၉ ကပ်ရောဂါ အခြေအနေကြောင့် ဗဟိုကော်မတီမှ လူတွေ့စစ်ဆေးအကဲဖြတ်ရန် ကျန်ရှိသည့် မိသားစုအပါအဝင် စုစုပေါင်း (၈၁) ဦးအနက် ပြည်တွင်း၌ လက်ရှိရောက်ရှိနေသည့် မိသားစုဝင်အပါအဝင်  စုစုပေါင်း (၃၀)ဦးတို့အား လူတွေ့စစ်ဆေးအကဲဖြတ်ဆောင်ရွက်သွားရ မည်ဖြစ်ပါကြောင်း၊ ပြည်ပတွင်ရောက်ရှိနေသဖြင့် ကျန်ရှိသည့် မိသားစုအပါအဝင် (၅၁)ဦးကို လည်း လေကြောင်းလိုင်းများပြန်လည်ဖွင့်လှစ်ပြီး အဆင်ပြေမည့်အချိန်တွင် လူတွေ့စစ်ဆေးခြင်း ကို ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံတွင်ရောက်ရှိနေ သည့်မိသားစုဝင်အပါအဝင် စုစုပေါင်း(၃၀)ဦးတို့အား ကော်မတီဝင်များမှ လူတွေ့မေးမြန်း အကဲဖြတ်ပေးကြပါရန်နှင့် ဗဟိုကော်မတီမှ လူတွေ့အကဲဖြတ်အတည်ပြုပြီးပါက အထက် အဆင့်ဆင့်သို့ တင်ပြခွင့်ပြုချက်ရယူသွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံခြားသားအမြဲနေထိုင်ခွင့်စနစ် သည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံအတွက် နိုင်ငံခြားငွေရရှိရေးနှင့် ရေရှည်အကျိုးစီးပွား ဖြစ်ထွန်းရေးတို့အတွက် များစွာအထောက်အကူပြုသည့်နည်းတူ လုပ်ထုံးလုပ်နည်းနှင့်အညီ ဖြစ်စေရေးအတွက် ဝိုင်းဝန်းအကြံပြု သုံးသပ်အကဲဖြတ် ဆောင်ရွက်ပေးကြစေလိုကြောင်းဖြင့် အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။

          ထို့နောက် ဗဟိုကော်မတီအတွင်းရေးမှူး အမြဲတမ်းအတွင်းဝန် ဦးအောင်ကျော်စိုးက နိုင်ငံခြားသားအမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ ကော်မတီအဆင့်ဆင့်ဖွဲ့စည်းမှုနှင့် လုပ်ငန်းတာဝန် များ၊ အမျိုးအစားအလိုက် ခွင့်ပြုဆောင်ရွက်မှုနှင့်အမှတ်ပေးစည်းမျဉ်းများ၊ လက်ရှိ လူတွေ့ စစ်ဆေးအကဲဖြတ်မည့် PR လျှောက်ထားသူ မိသားစုအပါအဝင် (၃၀)ဦးနှင့်ပတ်သက်၍ ယခင် ဗဟိုကော်မတီက စိစစ်ဆောင်ရွက်ခဲ့မှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး တာဝန်ခံအရာရှိက PR အမျိုးအစားပြောင်းလဲလျှောက်ထားမှုနှင့် သက်တမ်းတိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းတင်ပြ၍  ဗဟိုကော်မတီဝင်များက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြသည်။

          ယင်းနောက် ဗဟိုကော်မတီ ဥက္ကဋ္ဌနှင့် ကော်မတီဝင်များက နိုင်ငံခြားသားအမြဲနေထိုင်ခွင့် လျှောက်ထားသူများအား တစ်ဦးချင်းတွေ့ဆုံကာ ၎င်းတို့၏ကိုယ်ရေးအချက်အလက်များမှ သိရှိ လိုသည်များ၊ ပြဋ္ဌာန်းထားသည့် နည်းဥပဒေအပေါ် သိရှိလိုက်နာဆောင်ရွက်ရေးနှင့် တည်ဆဲ ဥပဒေများနှင့် နေထိုင်နိုင်ရေးအခြေအနေများကို မေးမြန်းဆွေးနွေးကြကာ အကဲဖြတ်အတည်ပြု ဆုံးဖြတ်ကြသည်။

          ယခုအစည်းအဝေးတွင် ယခင်အစိုးရလက်ထက်က လုပ်ငန်းကော်မတီနှင့် ဗဟိုကော်မတီ တို့မှ စိစစ်ပြီးသူများအနက် မြန်မာနိုင်ငံတွင်လက်ရှိ ရှိနေသည့် မိသားစုဝင်အပါအဝင် စုစုပေါင်း (၃၀)ဦးအတွက် လူတွေ့စစ်ဆေးအကဲဖြတ်ဆောင်ရွက်မည်ဖြစ်ပြီး အတည်ပြုပြီးပါက အထက် အဆင့်ဆင့်သို့တင်ပြကာ အတည်ပြုခွင့်ပြုသူများအား နေထိုင်ခွင့်လက်မှတ်နှင့် ကတ်ပြားများ ထုတ်ပေးနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။ (-)

Sorry, the comment form is closed at this time.