ဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ e-ID Server သို့ အချက်အလက်များဖြည့်သွင်းရာတွင် ကြုံတွေ့ရသည့်အခက်အခဲများ ဖြေရှင်းဆောင်ရွက်နိုင်ရေး
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်၊ လုပ်ထုံးလုပ်နည်းနှင့်အညီအမြန်ဆုံးဆောင်ရွက်ပေးနိုင်ရေး အလေးထားဆောင်ရွက်ကြရန်မှာကြား
နေပြည်တော်၊ ဩဂုတ် ၂၅ ။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ်အသီးသီး ရှိ မြို့နယ်ဦးစီးမှူးရုံးများမှ နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်းမှတ်ပုံတင်စာအုပ် (နိုင်-၄) မှတ်တမ်းနှင့် အိမ်ထောင်စုလူဦးရေစာရင်းအချက်အလက်များအား e-ID Server သို့ အချက်အလက် များ ဖြည့်သွင်းရာတွင် ကြုံတွေ့ရသည့်အခက်အခဲများနှင့်ပတ်သက်၍ ဖြေရှင်းဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဩဂုတ်လ(၂၅)ရက်၊ ယနေ့နံနက် (၁၀)နာရီက နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ကျင်းပရာ အခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ် များနှင့်တာဝန်ရှိသူများတက်ရောက်ကြပြီး တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးများက သက်ဆိုင်ရာ ဒေသများမှ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။
အစီအစဉ်အရ ရှေးဦးစွာ ဒုတိယဝန်ကြီး ဦးဌေးလှိုင်က အမှာစကားပြောကြားရာတွင် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ မြို့နယ်ဦးစီးမှူးရုံးများမှ နိုင်-၄ မှတ်တမ်းများနှင့်အိမ်ထောင်စု လူဦးရေစာရင်းအချက်အလက်များအား နေပြည်တော်ရုံးချုပ်ရှိ e-ID Server သို့ ဖြည့်သွင်း ဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ ယင်းအချက်အလက်များအား မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူ ခဲ့သည့် အချက်အလက်များနှင့် တိုက်ဆိုင်စိစစ်ကာ ပြင်ဆင်ဖြည့်စွက်အတည်ပြု ဆောင်ရွက် လျက်ရှိပါကြောင်း၊ သို့ရာတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးပြီးသူများ၏ အချက်အလက် ကွဲလွဲမှုများကျန်ရှိနေသေးရာ ယင်းလုပ်ငန်းစဉ်မှန်ကန်မြန်ဆန်စွာ ပြီးစီးရေးအတွက် အလေးထား ဆောင်ရွက်ကြရန်လိုကြောင်း၊ အမျိုးသားမှတ်ပုံတင်လက်မှတ် ထုတ်ပေးထားသူများကိုလည်း ဥပဒေနှင့်အညီ စနစ်တကျစိစစ်၍ ကိုင်ဆောင်သင့်သည့်ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးနိုင်ရေး အတွက်လည်း ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ အိမ်ထောင်စုလူဦးရေစာရင်းနှင့်ပတ်သက် ၍လည်း အချက်အလက်များဖြည့်သွင်းမှုမှန်ကန်ရေး၊ ပြောင်းဝင်/ပြောင်းထွက် လုပ်ငန်းစဉ်များ နှင့် အိမ်ထောင်စုလူဦးရေစာရင်း မရှိသေးသူများအား လုပ်ထုံးလုပ်နည်းနှင့်အညီ အမြန်ဆုံး ဆောင်ရွက်ပေးနိုင်ရေးအတွက် အလေးထားဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ သို့မှသာ မဲစာရင်းမှန်ကန်စွာ ပြုစုနိုင်မည်ဖြစ်ပြီး မဲပေးပိုင်ခွင့်ရှိသူတိုင်း ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်မည်ဖြစ်ပါကြောင်း၊ လုပ်ငန်းများအချိန်မီပြီးစီးနိုင်ရေး ဆောင်ရွက်ရာတွင် လုပ်ငန်းဆိုင်ရာအခက်အခဲများနှင့် ဖြေရှင်းနိုင်မည့် နည်းလမ်းများကိုလည်း လက်တွေ့ကျကျ ပွင့်ပွင့်လင်းလင်း တင်ပြဆွေးနွေးကြရန်နှင့် သတ်မှတ်ကာလအတွင်း လုပ်ငန်းများ ပြီးစီး အောင်မြင်ရေးအတွက် ဝိုင်းဝန်ကြိုးပမ်း ဆောင်ရွက်ကြရန် လိုကြောင်းဖြင့် အကျယ်တဝင့် ရှင်းလင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး၊ ပြည်နယ်ဦးစီးမှူးများက ကိုင်ဆောင် ကတ်ပြားထုတ်ပေးပြီးသူများအား e-ID Server ဖြင့်ဖြည့်သွင်း၍ အချက်အလက်များတိုက်ဆိုင် စိစစ် ပြင်ဆင်ဖြည့်စွက်အတည်ပြုဆောင်ရွက်နေမှု၊ အမျိုးသားမှတ်ပုံတင်လက်မှတ် ကိုင်ဆောင် ထားသူများအား ဥပဒေနှင့်အညီ စိစစ်၍ ကိုင်ဆောင်သင့်သည့်ကတ်ပြားတစ်မျိုးမျိုး လဲလှယ် ဆောင်ရွက်ပေးမှု၊ အိမ်ထောင်စု ပြောင်းဝင်/ပြောင်းထွက် လုပ်ငန်းများဆောင်ရွက်မှု မြန်ဆန် စေရေး မြို့နယ်အချင်းချင်း ညှိနှိုင်းဆောင်ရွက်နေမှု၊ လုပ်ငန်းဆောင်ရွက်မှုများအပေါ် တွေ့ကြုံရ သည့်အခက်အခဲများ၊ ဖြေရှင်းဆောင်ရွက်သွားမည့်နည်းလမ်းများ၊ ဖြည့်ဆည်းပေးရန် လိုအပ်ချက် များကို အသီးသီးရှင်းလင်းတင်ပြကြသည်။
ယင်းနောက် အမျိုးသားမှတ်ပုံတင်နှင့်နိုင်ငံသားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထိန်ဝင်း က တိုင်းဒေသကြီး/ပြည်နယ်အလိုက် မြို့နယ်ရုံးများရှိ ကိုယ်ရေးမှတ်တမ်းများအား e-ID Server သို့ ထည့်သွင်းတိုက်ဆိုင်စိစစ်ပြင်ဆင်အတည်ပြုခြင်းနှင့် အိမ်ထောင်စု ပြောင်းဝင်/ပြောင်းထွက် ဆောင်ရွက်ခြင်းတို့အတွက် ဆောင်ရွက်ရမည့်နည်းလမ်းများ ချပြထားရှိမှု၊ လုပ်ငန်းလိုအပ်ချက် များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးမှု အခြေအနေကိုလည်းကောင်း၊ အီလက်ထရောနစ် မှတ်ပုံတင်စနစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းဟိန်းက မြို့နယ်ရုံးများရှိ အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်ကတ်ပြားထုတ်ပေးမှုများမှ အချက်အလက်များအား e-ID Server သို့ ဖြည့်သွင်းစိစစ်ဆောင်ရွက်နေမှု၊ ကွဲလွဲသည့် အချက်အလက်များပေါ် ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း ရှင်းလင်းဆွေးနွေးတင်ပြကြသည်။
ထို့နောက် ရှင်းလင်းတင်ပြချက်များနှင့်ပတ်သက်၍ ဒုတိယဝန်ကြီးက လုပ်ငန်းလိုအပ်ချက် များကို ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးပြီး မိမိတို့ဝန်ကြီးဌာနအနေဖြင့် ပြည်သူကို ထိရောက် သောဝန်ဆောင်မှုပေးနိုင်ရေးနှင့် ယခုလုပ်ငန်းစဉ်များ အချိန်ကာလသတ်မှတ်ချက်များအတွင်း မဖြစ်မနေပြီးစီးအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရေး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကိုရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။ (-)
Sorry, the comment form is closed at this time.