ပန်းခင်းဆီသို့ လှမ်းခဲ့ပါ

ပန်းခင်းဆီသို့ လှမ်းခဲ့ပါ

          နိုင်ငံသားတစ်ဦးသည် နိုင်ငံသားအခွင့်အရေး အပြည့်အဝ ရရှိနိုင်ရမည်ဖြစ်သည်။ ယင်းအခွင့်အရေးများ ရရှိနိုင်ရန် နိုင်ငံသားအဖြစ် အသိအမှတ်ပြုဖို့က နိုင်ငံသားစိစစ်ရေးကတ်ပြား ရှိဖို့လိုအပ်သည်။ နိုင်ငံသားစိစစ်ရေးကတ်ပြားရှိပါမှ နိုင်ငံသားတစ်ယောက်အဖြစ် ခိုင်ခိုင်မာမာ အသိအမှတ်ပြုနိုင်ပြီး နိုင်ငံသားတစ်ယောက် ရရှိခံစားခွင့်ရှိသည့် အခွင့်အရေးများကို ရရှိခံစား နိုင်မည်ဖြစ်သည်။ ယင်းလုပ်ငန်းစဉ်ကို လဝက က ပန်းခင်းစီမံချက်ဖြင့် မြန်မာနိုင်ငံ တစ်နံတစ်လျား ဆောင်ရွက်ပေးလျက်ရှိပါသည်။

          ပန်းခင်းစီမံချက်သည် နိုင်ငံသားအားလုံးအတွက် ဖြစ်သည်။ နိုင်ငံသားစိစစ်ရေးကတ်ပြား ရရှိပြီးသူများအနေဖြင့် မထောင်းတာလှသော်လည်း မရရှိသေးသည့် နိုင်ငံသားများအတွက်က မဖြစ်မနေ ဆောင်ရွက်ရမည့် လုပ်ငန်းစီမံချက်တစ်ရပ် ဖြစ်ပါသည်။ ယင်းလုပ်ငန်းစဉ်သည် နိုင်ငံတော်အစိုးရက ပြည်သူများ၏ အကျိုးအတွက် စေတနာရှေ့ရှုဆောင်ရွက်မှု တစ်ခုပင်ဖြစ်သည်။ နိုင်ငံသားတစ်ဦးအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိပါက သူ့အနေဖြင့် အလိုလို နိုင်ငံမဲ့ ဖြစ်နေမည်။ နိုင်ငံသားအခွင့်အရေးများ အလိုလိုဆုံးရှုံးနေမည်။ “ကိုယ်နေတဲ့နေရာမှာ ကိုယ့်အလုပ် ကိုယ်လုပ်၊ ကိုယ့်ထမင်းကိုယ်စားနေတာ နိုင်ငံသားအခွင့်အရေး မလိုပါဘူး” လို့ပြောမည့်သူများ လည်းရှိနိုင်သည်။ “ဒီမှာမွေး၊ ဒီမှာကြီးပြင်းပြီး ဘယ်မှသွားတာမှ မဟုတ်တာ မလိုပါဘူး” လို့ ပြောသူများလည်း ရှိပါမည်။ ခေတ်စနစ်များက မတူတော့၊ ကမ္ဘာကြီးတွင် သူ့နေရာနှင့်သူ အရာရာ တိုးတက်ပြောင်းလဲနေမှုများကို မည်သူမျှ လစ်လျူရှုနေလို့မရနိုင်။ တစ်နေရာနှင့်တစ်နေရာ လမ်းပန်း ဆက်သွယ်မှု ကောင်းမွန်လာသည်နှင့်အမျှ တိုးတက်ပြောင်းလဲမှုက ပိုမိုလျင်မြန်လျက်ရှိသည်။ ကျေးလက်နေ ပြည်သူများအနေဖြင့် မိရိုးဖလာလုပ်ငန်းများကိုသာ လုပ်ကိုင်ကြရင်း ကြီးပြင်းလာကြ သော်လည်း ၎င်းတို့၏ သားသမီးလူငယ်များသည် မိဘလက်ငုတ် လုပ်ကိုင်မှုထက် အသိအမြင် ကြွယ်ကြွယ်ဖြင့် မြို့ပေါ်တက် အလုပ်အကိုင်ရှာဖွေလုပ်ကိုင်ရင်း ကြီးပွားတိုးတက်မှုကို လမ်းစရှာ ဆောင်ရွက်ကြသည်သာ။ ယင်းကဲ့သို့ မြို့ပေါ်တက်လာသည်နှင့် ၎င်းတို့အတွက် နိုင်ငံသား အထောက်အထားမဖြစ်မနေလိုအပ်ပြီဖြစ်သည်။ ကျေးရွာလူကြီး ထောက်ခံချက်ဖြင့် မြို့တက် လာပါက ဘယ်ရွာသားဆိုသည့်အဖြစ်တော့ သိနိုင်ကြသော်လည်း အလုပ်အကိုင်အခွင့်အလမ်း အတွက် ယင်းထောက်ခံချက်က အသုံးမဝင်။ နိုင်ငံသားတစ်ဦးအတွက် ဘယ်အလုပ်ဖြစ်ဖြစ် အလုပ် လျှောက်လိုက်သည်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား(အများအခေါ်-မှတ်ပုံတင်) ပြရသည်။ မိတ္တူ တင်ပြရသည်။ လျှောက်လွှာတွင် မှတ်ပုံတင်နံပါတ်ဖြည့်သွင်းရသည်။ နိုင်ငံအတွင်း ဘယ်အရပ် ဒေသကလာလာ၊ ဘယ်အရပ်ဒေသရောက်ရောက်၊ ဘယ်အရပ်ဒေသ၌ မည်သည့်အလုပ်ကို လုပ်ကိုင်သည်ဖြစ်စေ မရှိမဖြစ်က နိုင်ငံသားစိစစ်ရေးကတ်ပြား ဖြစ်သည်။

          နိုင်ငံသားစိစစ်ရေးကတ်ပြားသည် အိမ်ထောင်စုလူဦးရေစာရင်းကို အခြေခံပြီး ဘိုးဘွားမိဘ မျိုးရိုးစဉ်ဆက် သွေးသားဆက်စပ်မှုအပေါ်မူတည် ဆောင်ရွက်ပေးရသည့်ကတ်ပြား ဖြစ်သည်။ ဘိုးဘွား မိဘက နေသာသလိုနေ၊ ဘယ်မှမသွား၊ လက်ရှိနေရာ လက်ငုတ်လက်ရင်း၌သာ နေထိုင် လုပ်ကိုင် စားသောက်ပြီး မည်သည့်အထောက်အထားမှမရှိ။ ၎င်းတို့၏ သားသမီးများကြတော့ ယင်းကဲ့သို့မဟုတ်။ ပညာတတ်ကြီးဖြစ်စေရေးအတွက် ကျောင်းထားကြသည်။ တစစနှင့် ကလေး များက အမြင်ကျယ်လာသည်။ အသက်(၁၀)နှစ်ပြည့်တော့ လဝက က ကျောင်းများတွင် ကွင်းဆင်း ၍ မှတ်ပုံတင်ပြုလုပ်ပေးသည်။ ဘိုးဘွားမိဘများ၌ မှတ်ပုံတင်နှင့်ပတ်သက်၍ မည်သည့် အထောက်အထားမျှမရှိပါက အခက်တွေ့ပြီ။ ဘိုးဘွားမိဘနောက်ကြောင်းလိုက်၍ သက်ရှိထင်ရှား ရှိနေပါက ၎င်းတို့ကို ဦးစားပေးကာ မှတ်ပုံတင်ပြုလုပ်ပေးရတော့သည်။ ၎င်းတို့ကိုအခြေခံ၍ သွေးသားဆက်စပ်မှုအရ သားသမီးများအတွက် မှတ်ပုံတင်ဆောင်ရွက်ကြသည်။ ဘိုးဘွားမိဘများ ကမည်သည့်ကတ်ပြားမှ ကိုင်ဆောင်ထားခြင်းမရှိပါက သားသမီးများအတွက် အခက်အခဲရှိသည်။ ပညာကြိုးစားသင်ပြီး (၁၀)တန်းအောင်၊ တက္ကသိုလ်ဆက်တက်ပြီး ဘွဲ့ရပြီဆိုပါက ဘွဲ့လက်မှတ်ရရှိ ရေးမှာ နိုင်ငံသားစိစစ်ရေးကတ်ပြား(မှတ်ပုံတင်) ရှိမှဖြစ်မည်။ ဘွဲ့လက်မှတ် ရရှိဦးတော့၊ မှတ်ပုံတင် မရှိလျှင် မည်သည့်အလုပ်မျှ ရရှိနိုင်မည်မဟုတ်ပေ။ ဤသည်မှာ ပြည်တွင်းအလုပ်အတွက် ဘွဲ့လက်မှတ်အထောက်အထားနှင့် မှတ်ပုံတင်လိုအပ်ချက်ဖြစ်သော်လည်း ၎င်းအနေဖြင့် ပြည်ပနိုင်ငံ တစ်ခုခုသို့ သွားရောက်အလုပ်လုပ်ကိုင်မည်၊ ပြည်ပတွင် ကျောင်းသွား တက်မည်ဆိုပါစို့၊ မြန်မာနိုင်ငံ ကူးလက်မှတ် (Passport) စာအုပ်လုပ်ရမည်။ Passport စာအုပ် ပြုလုပ်မည်ဆိုပါက အိမ်ထောင်စု လူဦးရေစာရင်းနှင် နိုင်ငံသားစိစစ်ရေးကတ်၊ မှတ်ပုံတင်၊ ဒီနိုင်ငံသားဖြစ်ကြောင်း အသိအမှတ်ပြု ကတ်ပြားတစ်ခုခုဖြင့်သာ လျှောက်ထားရယူကြရသည်။ အိမ်ထောင်စုလူဦးရေစာရင်းနှင့် မှတ်ပုံတင် ကတ်ပြားမရှိပါက Passport စာအုပ်လျှောက်၍မရ၊ ပြည်ပသို့ တရားဝင်သွားရောက်ရန် မဖြစ်နိုင်။

          နိုင်ငံသားစိစစ်ရေးကတ်ပြားသည် နိုင်ငံသားတစ်ဦးအတွက် နိုင်ငံသားဖြစ်ကြောင်း အထောက်အထားဖြစ်ပြီး သားစဉ်မြေးဆက်သွေးချင်းဆက်စပ်၍ ၎င်း၏မိဘများသည် နိုင်ငံသား ဖြစ်ပါက ၎င်းအတွက်ဆောင်ရွက်ပေးရန် မခက်ခဲလှပေ။ မခက်ခဲသော်လည်း လူတစ်ဦးချင်းစီ၏ အချက်အလက် အထောက်အထားများဖြစ်ပြီး ဆောင်ရွက်ပေးရသည့် ဌာနအနေဖြင့် ဥပဒေလုပ်ထုံး လုပ်နည်းနှင့်အညီ မှတ်တမ်းမှတ်ရာများစနစ်တကျရေးသွင်း မှတ်တမ်းတင်ကြရသည်။ နိုင်ငံသား တစ်ဦးအတွက် ပြည်တွင်း၊ ပြည်ပအလုပ်အကိုင် အခွင့်အလမ်းရရှိရေး၊ ခရီးသွားလာမှုနှင့် နေရာ ဒေသတစ်ခုခု၌ တည်းခိုရေးနှင့် အခြေချနေထိုင်ရေး၊ တောင်သူများအတွက် စိုက်ပျိုးစရိတ်ချေးငွေ ရရှိရေး၊ စီးပွားရေးလုပ်ငန်းများအတွက် ရင်းနှီးမြှုပ်နှံမှု၊ ငွေကြေးရယူမှု၊ စုဆောင်းမှုအတွက် ဘဏ် လုပ်ငန်းများ ချိတ်ဆက်ဆောင်ရွက်နိုင်ရေး၊ တစ်ဦးနှင့်တစ်ဦး စာချုပ်စာတမ်းအထောက်အထားချုပ် ဆိုဆောင်ရွက်နိုင်ရေး စသည့်လူတစ်ဦးအတွက် အရေးပါအရာရောက်သည့် ဆောင်ရွက်မှုတိုင်းတွင် စတင်ရရှိချိန်မှ သေဆုံးသည်အထိ နံပါတ်တစ်ခုသီးသန့်ရှိသည့် မှတ်ပုံတင်ကတ်ပြားသည် မရှိမဖြစ် လိုအပ်ပေသည်။ ထို့ပြင် ယခုဒီမိုကရေစီခေတ်၌ ပို၍ပင်အရေးကြီးသော နိုင်ငံသားအထောက်အထား တစ်ခု ဖြစ်နေသည်။

ဒီနိုင်ငံတွင်မွေး၊ ဒီနိုင်ငံတွင် ကြီးပြင်းသော်လည်း မှတ်ပုံတင်မရှိပါက နိုင်ငံသားတစ်ဉီး၏  နိုင်ငံသားအခွင့်အရေး ဆုံးရှုံးပေမည်။ မိမိနိုင်ငံက လျှောက်လှမ်းနေသည့် စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ နိုင်ငံတော်ပေါ်ထွန်းရေးအတွက် တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် မှတ်ပုံတင်မရှိပါက မိမိကြိုက်နှစ်သက်သည့်  လွှတ်တော်ကိုယ်စားလှယ်အား မဲဆန္ဒပေးထောက်ခံဖို့ ခက်ခဲပေမည်။ ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် မှတ်ပုံတင်မရှိဘဲ မဲပေးမှုများ၊ မဲစာရင်းထပ်မှုများကြောင့် တရားမျှတသည့်  ရွေးကောက်ပွဲမဖြစ်ခဲ့ဘဲ ရလဒ်များကို ပယ်ဖျက် လိုက်ပြီဖြစ်သည်။ ယင်းအဖြစ်အပျက် အတွေ့အကြုံများအရ နောင်လာမည့် ရွေးကောက်ပွဲများတွင် မှတ်ပုံတင်မရှိသူအတွက် ဆန္ဒမဲပေးဖို့ မဖြစ်နိုင်တော့။ နိုင်ငံသားတစ်ဉီးဆိုပါလျှင် ၄င်း၏ နိုင်ငံသား ဖြစ်တည်မှုအရည်အချင်းအရ  ရသင့်ရထိုက်သည့် ကတ်ပြားတစ်မျိုးမျိုးကိုင်ဆောင် မဲပေးကာ ဒီမိုကရေစီနိုင်ငံအတွက် အုတ်တစ်ချပ်သဲတစ်ပွင့်အဖြစ် ပါဝင်နိုင်ရမည်ဖြစ်သည်။

မိမိနိုင်ငံတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား (မှတ်ပုံတင်)ကဲ့သို့  နိုင်ငံသားအထောက်အထား တစ်ခုခုရှိနေပါက မိမိကြိုက်နှစ်သက်သည့် လွှတ်တော်ကိုယ်စားလှယ်ကို မဲပေးကာ နိုင်ငံ၏ အုပ်ချုပ်ရေးပိုင်းတွင် ဆောင်ရွက်မည့်သူကို ရွေးချယ်ပေးနိုင်သကဲ့သို့ နိုင်ငံအတွက် မိမိကိုယ်တိုင် အားကြိုးမာန်တက် စွမ်းဆောင်နိုင်ရေးအတွက် ကိုယ်တိုင်ရွေးကောက်ပွဲဝင်ကာ ယှဉ်ပြိုင်ရေွးချယ်ခံ နိုင်ရေးမှာ မှတ်ပုံတင်ကတ်ပြားရှိမှ ဖြစ်ပေမည်။ မှတ်ပုံတင်မရှိပါက နိုင်ငံအကျိုးအတွက် မည်သို့ပင် စိတ်ဆန္ဒပြင်းပြစွာရှိနေစေကာမူ အချည်းနှီးသာ။ မှတ်ပုံတင်မရှိပါက အလိုလို နိုင်ငံမဲ့ဖြစ်နေသည်။ မော်တော်ယာဉ်များ မှတ်ပုံတင်နံပါတ်ပြားမရှိလျှင် လိုင်စင်မဲ့ဖြစ်ပြီး အများက Without ကား” ဟု ခေါ်သကဲ့သို့ မှတ်ပုံတင်မရှိသူအတွက် Without လူ ”   ဖြစ်နေပြီ။

ယခုကဲ့သို့ ရေးသားဖော်ပြအသိပေးရခြင်းမှာ မိမိတို့နိုင်ငံတွင် မှတ်ပုံတင်မရှိသေးသူ အများအပြား ကျန်ရှိနေသေးခြင်းကြောင့်ဖြစ်သည်။ အကြောင်းအမျိုးမျိုးကြောင့်ဟု သုံးသပ် သော်လည်း “ဥစ္စာရင်လို ဥစ္စာရင်ခဲ”  ဖြစ်စေလိုခြင်းကြောင့် အသိပေးနေရခြင်းဖြစ်သည်။ ကျေးလက် ဒေသလမ်းပန်းဆက်သွယ်ရေး ခက်ခဲမှု၊ အချို့ဒေသတို့တွင် တည်ငြိမ်အေးချမ်းရေး လိုအပ်ချက်ရှိမှု၊ စားဝတ်နေရေးအရ အခြေတကျနေထိုင်မှုမရှိဘဲ ‌ရွှေ့ပြောင်းနေထိုင် လုပ်ကိုင်ဆောင်ရွက်မှု၊        ရုံးပြင်ကနား သွားရောက်ဆောင်ရွက်ရမည်ကို ဝန်လေးနေမှု၊ ငွေကုန်ကြေးကျ အထိုက်အလျောက် ကုန်ကျမှုအား ကျခံနိုင်ခြင်းမရှိမှု၊ မှတ်ပုံတင်မရှိလည်း ဘာမျှမဖြစ်နိုင်၊ နေလို့ရပ်တည်လို့ရနေတာဘဲ ဟု တစ်လွဲသိရှိနေမှု စသည့် အကြောင်းကြောင်းတို့ကြောင့် မှတ်ပုံတင်မပြုလုပ်ရသေးသူများ ကျန်ရှိ နေသေးသည်။ ခေတ်အဆက်ဆက် အုပ်ချုပ်သူအစိုးရများက နိုင်ငံသားတိုင်း မှတ်ပုံတင်ရရှိရေး၊ လွယ်ကူစွာထုတ်ပေးနိုင်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးခဲ့ကြသည်။ ဒီမိုကရေစီ အစိုးရများလက်ထက်တွင် မိုးပွင့်စီမံချက်၊ သစ္စာစီမံချက်စသည်ဖြင့် နိုင်ငံနှင့်အဝှမ်း နိုင်ငံသား စိစစ်ရေးကတ်ပြားထုတ်ပေးရေးလုပ်ငန်းများကို အားသွန်ခွန်စိုက် ကြိုးပမ်းဖော်ဆောင်ခဲ့ကြသည်။ ယင်းဆောင်ရွက်ချက်များသည် နိုင်ငံသားတစ်ဦးအတွက် အိမ်ထောင်စုလူဦးရေစာရင်းအပေါ် အခြေတည်ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။ ယခု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံတော် တာဝန်ကို စတင်တာဝန်ယူပြီးနောက် လဝက က နိုင်ငံသားတစ်ဦးအတွက် နိုင်ငံသားအခွင့်အရေး အပြည့်အဝရရှိစေရေးအတွက် အရေးကြီးသည့် နိုင်ငံသားအထောက်အထားဖြစ်သည့် နိုင်ငံသား စိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်းကို ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ခဲ့သည်။

ပန်းခင်းစီမံချက်သည် ယခင်စီမံချက်များနှင့် အနည်းငယ်ကွဲပြားသည်။ ယခု လဝကမှ ဆောင်ရွက်လျက်ရှိသော ပန်းခင်းစီမံချက်သည် မြန်မာနိုင်ငံသားများအား ဥပဒေနှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုးထုတ်ပေးရေး ဆောင်ရွက်ပေးသည့် စီမံချက်ဖြစ်သည်။ ပန်းခင်းစီမံချက်သည်  အိမ်ထောင်စုလူဦးရေစာရင်း လုံးဝ မရှိသေးသည့် နိုင်ငံသားပြည်သူများကိုလည်း ၎င်းတို့ရောက်ရှိ နေထိုင်ရာဒေသ၊ နယ်မြေများတွင်ပင် အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်ပေးပြီးနောက် လိုအပ်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ဆက်လက်ဆောင်ရွက်ပေးခြင်းဖြစ်သည်။ အိမ်ထောင်စုစာရင်းရရှိရေးအတွက် မြို့နယ်အဆင့် အရာရှိကိုယ်စားလှယ်များ ပါဝင်သည့်(၅)ဦး ကော်မတီအဖွဲ့က ထောက်ခံလက်မှတ်ထိုးအတည်ပြု ချက်တော့လိုအပ်မည်ဖြစ်သည်။ နိုင်ငံတော်၏ စေတနာမေတ္တာဖြင့် ဖြေလျှော့ဆောင်ရွက်ပေးမှု အပေါ် မုဒိတာပွားမိပါသည်။

ယင်းကဲ့သို့ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်‌ရေးကတ်ပြား ဆောင်ရွက်ထုတ် ပေးရာတွင် လာရောက်ဆောင်ရွက်မည့်သူက သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ၊ အုပ်ချုပ်ရေးမှူးများ နှင့် ဒေသခံတာဝန်ရှိသူများထံ ဆက်သွယ်သတင်းပို့ရန်သာ ဖြစ်သည်။ အိမ်ထောင်စုစာရင်းရှိပြီးသူ၊ ဘိုးဘွားမိဘများတွင် နိုင်ငံသားအသိအမှတ်ပြု အထောက်အထားတစ်ခုခုရှိပြီးသူများအနေဖြင့် ၎င်းအထောက်အထားများ ယူဆောင်တင်ပြကြရန် လိုအပ်ပါသည်။ ဖြည့်သွင်းရေးသားရန် လိုအပ်သည့် စာရွက်စာတမ်းများကို သက်ဆိုင်ရာ လဝကဝန်ထမ်းများက စီစဉ်ထားပြီးဖြစ်သည်။ ပန်းခင်းစီမံချက်သည် လဝကမှ ရေးဆွဲတင်ပြသည့် စီမံချက်ဖြစ်သော်လည်း ၎င်းဌာနတစ်ခုတည်း ဆောင်ရွက်ရမည့် လုပ်ငန်းတော့မဟုတ်၊ နိုင်ငံတော်စီမံချက် ဖြစ်သည်နှင့်အညီ ဌာနဆိုင်ရာ အားလုံးက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်မှသာ အောင်မြင်မည်ဖြစ်သည်။ ထို့ပြင် ကာယကံရှင် ပြည်သူများကိုယ်တိုင် မပြုလုပ်ရသေး၊ မရရှိသေးပါက မရှိသေးကြောင်းကို သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများထံ ဆက်သွယ်အသိပေး အကြောင်းကြားထားဖို့‌တော့ လိုအပ်မည်ဖြစ်သည်။ အထက်ဖော်ပြပါအတိုင်း “ဥစ္စာရင်လို ဥစ္စာရင်ခဲ” ပေါ့။ ကာယကံရှင်အနေဖြင့် ဘိုးဘွား မိဘ၊ ညီအစ်ကိုမောင်နှများနှင့် ပတ်သက်သည့် နိုင်ငံသားဆိုင်ရာအထောက်အထားရှိလျှင် ပိုမိုအဆင်ပြေ လွယ်ကူမည် ဖြစ်သည်။ ၎င်းတို့၏ ကိုယ်ရေးအချက်အလက်များကို ပြန်လည်စိစစ် အတည်ပြု၍ ထိုက်သင့်သည့် နိုင်ငံသားဆိုင်ရာ ကတ်တစ်မျိုးမျိုးကို မြန်မြန်ဆန်ဆန် ထုတ်ပေးနိုင်မည်။ Without လူ” ဘဝမှ လွတ်မြောက်သွားမည်ဖြစ်သည်။ ပန်းခင်းစီမံချက်တွင် သွေးစစ်ဆေးမှုနှင့် ဓာတ်ပုံရိုက် ခြင်းတို့အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များက စီစဉ်ပေးမည်ဖြစ်ပြီး  ကာယကံရှင်ပြည်သူများက ကျခံရမည့် ငွေကြေးမရှိ၊ အခမဲ့ဆောင်ရွက်ပေးသည့်သဘောပင်။ နိုင်ငံတော်သို့ တရားဝင်ဘဏ်ချလံဖြင့် ပေးသွင်းရမည့် နိုင်ငံသားကတ်တန်ဘိုးအတွက် ကျသင့့််ငွေ ကိုလည်း တာဝန်ရှိသူများက စိုက်ထုတ်ပေးချေရန် စီစဉ်ထားပြီးဖြစ်သည်။ အခြားလုပ်ငန်းဆိုင်ရာ အထွေထွေကုန်ကျမှုများအတွက်လည်း ဒေသတွင်း အလှူရှင်များက တစ်ဖက်တစ်လမ်းက လှူဒါန်း ပေးကြသေးသည်။ နိုင်ငံတော်၏ စေတနာ မေတ္တာ၊ အလှူရှင်များ၏ သဒ္ဒါတရားတို့အပေါ် ထပ်မံ မုဒိတာပွားရပြန်ပါသည်။

          ယခုကဲ့သို့ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းသည် နိုင်ငံတော်အစိုးရက ပြည်သူတို့၏ အကျိုးကို ရှေ့ရှု၍ ပြည်သူတို့ အမှန်တကယ် လိုအပ်ချက်ကို ဖြည့်ဆည်းပေးခြင်းဖြစ်သည်။ နိုင်ငံတော်အစိုးရက ပြည်သူ့အတွက် ဖော်ဆောင်သည့် ပန်းခင်းစီမံချက်သည် လက်ရှိဇာတိဒေသတွင် အမြဲတမ်း နေထိုင်၍ အိမ်ထောင်စုလူဦးရေ စာရင်းရှိပြီး ကိုင်ဆောင်လက်မှတ်မရှိသူများကိုလည်းကောင်း၊ လက်ရှိဇာတိဒေသတွင် အမြဲတမ်းနေထိုင်၍ အိမ်ထောင်စုလူဦးရေစာရင်းမရှိ၊ ကိုင်ဆောင်လက်မှတ် မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ ရွှေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသတွင် အိမ်ထောင်စု လူဦးရေစာရင်းရှိသော်လည်း လက်ရှိဒေသတွင် ကိုင်ဆောင်လက်မှတ်မရှိသူများကိုလည်းကောင်း၊ ‌ရွှေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသတွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင် လက်မှတ်မရှိ၊ လက်ရှိဒေသတွင်လည်း အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်လက်မှတ် မရှိသူများကိုလည်းကောင်းစသည့် နေထိုင်မှုပုံစံအလိုက် အမျိုးအစား(၄)မျိုးဖြင့် ဆောင်ရွက်ပေး ခြင်းဖြစ်သည်။ ပန်းခင်းစီမံချက်သည် ၂၀၂၁ ခုနှစ်၊ မေလမှ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလအထိ (၁၈)လ ကြာသတ်မှတ်ဆောင်ရွက်ရန် လျာထားရာ ယခုအခါ ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ဖြစ်ပွားနေချိန် ဖြစ်သည့်အတွက် ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ကြရန်လည်း လိုအပ်ပါသည်။ ယခုကဲ့သို့  ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားကို အခမဲ့လွယ်ကူစွာ ထုတ်ပေးခဲ့သည့်အတွက် နိုင်ငံသားတစ်ယောက်အနေဖြင့် နိုင်ငံတော်အပေါ် တာဝန်ကျေရန်လည်း လိုအပ်ပါသည်။ နိုင်ငံတော်၏ကျေးဇူးသစ္စာကို စောင့်သိရိုသေပြီး နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်‌ရေး အတွက် အုတ်တစ်ချပ် သဲတစ်ပွင့်အဖြစ် ကျရာကဏ္ဍက ဆောင်ရွက်ကြဖို့လည်း တိုက်တွန်းလိုပါ သည်။ ရရှိပြီးဖြစ်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကိုလည်း ပျောက်ပျက်ဆုံးရှုံးမှု မရှိစေရေး ဂရုပြုကိုင်တွယ်ထိန်းသိမ်းကြရန်လည်း လိုပါသည်။ ပြည်သူများအတွက် နိုင်ငံတော်အစိုးရ၏ စေတနာမေတ္တာအရင်းခံဖြင့် စီမံပေးမှု၊ လဝကဝန်ထမ်းများနှင့် ဌာနပေါင်းစုံမှ တာဝန်ရှိသူများ၏ အပင်ပန်းခံ ကွင်းဆင်းဆောင်ရွက်ပေးမှုများကို အသိအမှတ်ပြု မုဒိတာပွားရင်း အသွေးအရောင်စုံစုံ မွှေးရနံ့သင်းထုံကာ ပန်းပေါင်းစုံ ပွင့်ဖူးဝေဆာနေသည့် ပန်းခင်းဆီသို့လှမ်းခဲ့ဖို့သာ မုဒိတာ စိတ်ထားဖြင့် ဖိတ်ခေါ်ပါရစေ။ ပန်းခင်းဆီသို့ လှမ်းခဲ့ပါ။

          စေတနာရင်းခံ          မေတ္တာမှန်ဖြင့်

          သူ့ထံဆင့်ကမ်း         ပြည့်ဝန်ထမ်းသည်

          တိုင်းကျိုးပြည်တော်  ပုံဖော်ထုဆစ်

          လှသည့်ခေတ်ပေါ့     ကြော့ကြော့လေးလာ

          စာရင်းသာသွင်း        စိတ်ရင်းသိအောင်

           အသွေးရောင်စုံ         ရနံ့ထုံသင်း

            ပန်းခင်းဆီသို့           လှမ်းခဲ့ပါ။

 

မောင်မုဒိတာ

 

 

 

Sorry, the comment form is closed at this time.