ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ပန်းခင်းစီမံချက်အကောင်အထည်ဖော် ဆောင်ရွက်မှုဆိုင်ရာ (၆) လပတ် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးတက်ရောက်၊ နယ်မြေဒေသအလိုက် ကန့်သတ်ချက်များ၊ အခက်အခဲများ ကြားမှ ရည်မှန်းချက်အောင်မြင်ရေးအတွက် မဖြစ်မနေ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်မှာကြား။

ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ပန်းခင်းစီမံချက်အကောင်အထည်ဖော် ဆောင်ရွက်မှုဆိုင်ရာ (၆) လပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်၊ နယ်မြေဒေသအလိုက် ကန့်သတ်ချက်များ၊ အခက်အခဲများကြားမှ ရည်မှန်းချက်အောင်မြင်ရေးအတွက် မဖြစ်မနေ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်မှာကြား။

နေပြည်တော်၊ နိုဝင်ဘာ ၂ ။

နိုင်ငံသားများ၏ လူမှုဘဝပြည့်စုံနိုင်ရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် ပန်းခင်းစီမံချက် အကောင်အထည်ဖော် ဆောင်ရွက်မှုဆိုင်ရာ (၆) လပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာလ ၂ ရက်၊ ယနေ့ နံနက် (၁၀) နာရီက နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ အခမ်းအနားသို့ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ အမြဲတမ်းအတွင်းဝန်နှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများတက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်ဦးစီးမှူးများသည် သက်ဆိုင်ရာဒေသ အသီးသီးမှ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။

အစီအစဉ်အရ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက အမှာစကားပြောကြားရာတွင် နိုင်ငံတော်၏ စီမံချက်တစ်ခုဖြစ်သော ပန်းခင်းစီမံချက်ကို မိမိတို့ဝန်ကြီးဌာနမှ ၂၀၂၁ ခုနှစ်၊ မေလမှ စတင်ဆောင်ရွက်ခဲ့ရာ ယခုဆိုလျှင် (၆) လတာကြာမြင့်ပြီဖြစ်၍ အရွေ့တစ်ခုသို့ ရောက်ရှိနေပြီ ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် စီမံချက်ပါအတိုင်း နေ့စဉ်အကောင်အထည်ဖော် ဆောင်ရွက်နေမှုများအား မိမိတို့မှစောင့်ကြပ်ကြည့်ရှု့လျက်ရှိပြီး လိုအပ်ချက်များကို အချိန်မီဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နိုင်ငံတော်အတွက် အရေးကြီးသည့် လုပ်ငန်းဖြစ်သည်နှင့်အညီ နယ်မြေဒေသအလိုက် လုံခြုံရေးဆိုင်ရာကန့်သတ်ချက်၊ ကိုဗစ်-၁၉ ရောဂါကန့်သတ်ချက် စသည့် အခက်အခဲများကြားမှ အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ရုံးထိုင် ဆောင်ရွက်ရမည့်လုပ်ငန်းများရှိသကဲ့သို့ ကွင်းဆင်းဆောင်ရွက်ရမည့် လုပ်ငန်းများရှိရာ လုပ်နိုင်သမျှ သောလုပ်ငန်းများကို ထိုးထွင်းကြံဆကာ ရည်မှန်းချက် အရွေ့တစ်ခုသို့ရောက်အောင် ဆောင်ရွက်ကြ ရမည်ဖြစ်ပါကြောင်း၊ ပန်းခင်းစီမံချက်ဆောင်ရွက်ရာတွင် မိမိတို့ဝန်ကြီးဌာနမှ ဆောင်ရွက်ပေးရ မည့်အပိုင်း၊ အခြားသောအဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရမည့်အပိုင်း၊ ပြည်သူများ သိရှိနားလည်စေရေးအတွက် မီဒီယာလုပ်ငန်းဖြင့် ဆောင်ရွက်ရမည့်အပိုင်း ဟူ၍ အပိုင်း (၃) ပိုင်းဖြင့် ဖော်ဆောင်နေခြင်းဖြစ်ရာ မိမိတို့ဝန်ကြီးဌာနမှ ဆောင်ရွက်ပေးရမည့်အပိုင်းကို အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အခြားဆက်စပ်ဌာနအဖွဲ့အစည်းများနှင့် ပေါင်းစပ် ဆောင်ရွက်ရမည့်အပိုင်းတွင်လည်း လိုအပ်ချက်များနှင့် မိမိတို့မှ ချိတ်ဆက်ပြောကြားပေးရန်ရှိပါက လည်း တင်ပြပေးကြရန်လိုကြောင်း ၊ မီဒီယာပိုင်းအနေဖြင့်လည်း Online အပါအဝင် ဘက်ပေါင်းစုံမှ ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းဆောင်ရွက်မှုတိုင်းတွင် ခေါင်းဆောင်မှု သည် အရေးကြီးပါကြောင်း၊ ခေါင်းဆောင်၏ ကြီးကြပ်ကွပ်ကဲမှု၊ ထိုးထွင်းကြံဆရှိမှု၊ စိတ်ပါဝင်စားမှု၊ အတွေ့အကြုံရှိမှုတို့အပေါ်မူတည်၍ တွေ့ကြုံလာသည့် အခက်အခဲများကို ရင်ဆိုင်ကျော်လွှားကြရ မည်ဖြစ်ပါကြောင်း၊ ပန်းခင်းစီမံချက်သည် နိုင်ငံတော်အတွက် အရေးကြီးသည့်လုပ်ငန်းဖြစ်သကဲ့သို့ ပြည်သူတစ်ဦးချင်းအတွက် နိုင်ငံသားအခွင့်အရေး အပြည့်အဝရရှိနိုင်မည့် လုပ်ငန်းဖြစ်သည်ကို ဝန်ထမ်းတိုင်းသိရှိနားလည်ကြရန် လိုအပ်ပါကြောင်း၊ နယ်မြေဒေသအလိုက်ကန့်သတ်ချက်များ၊ အခက်အခဲများကြားမှရည်မှန်းချက် အောင်မြင်ရေးအတွက် မဖြစ်မနေ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်း၊ ယခုအစည်းအဝေးတွင် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ပန်းခင်းစီမံချက် လုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်ရမည့်အခြေအနေ၊ ဖြည့်ဆည်းပေးရန် လိုအပ်ချက်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးတင်ပြကြရန်ဖြစ်ကြောင်းဖြင့် အကျယ်တဝင့် ပြောကြားသည်။

ထို့နောက် ကချင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး နှင့် ဧရာဝတီတိုင်း ဒေသကြီး ဦးစီးမှူးများက ပန်းခင်းစီမံချက်နှင့်ပတ်သက်၍ နယ်မြေဒေသအလိုက် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားဆောင်ရွက်ပြီးစီးမှု၊ ပြည်သူများသိရှိပူးပေါင်း ဆောင်ရွက်နိုင်ရေးအတွက် မီဒီယာကဏ္ဍအပါအဝင် Billboard များစိုက်ထူပြီးစီးမှု၊ လက်ကမ်း စာစောင်များ ဖြန့်ဝေမှုအခြေအနေများ၊ တွေ့ကြုံရသည့်လုပ်ငန်းအခက်အခဲများ၊ ရည်မှန်းချက် အောင်မြင်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည့်အစီအစဉ်များကို ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် အသီးသီးရှင်းလင်းတင်ပြကြသည်။

ယင်းနောက် ဒုတိယဝန်ကြီးဦးဌေးလှိုင်က (၆) လတာကာလအတွင်း လုပ်ငန်းဆောင်ရွက် ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းပမာဏကိုလည်းကောင်း၊ ပန်းခင်းစီမံချက်လုပ်ငန်း ဆိုင်ရာကော်မတီအသီးသီးမှ တာဝန်ရှိသူများက ကော်မတီအလိုက် ပံပိုးကူညီဆောင်ရွက်ပေးနိုင်ရေး အခြေအနေများကိုလည်းကောင်း အသီးသီးရှင်းလင်းသုံးသပ်ဆွေးနွေးတင်ပြကြပြီး  ပြည်ထောင်စု ဝန်ကြီးက လုပ်ငန်းလိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးကာ ပန်းခင်းစီမံချက်သည် Time Line ဖြင့် ဆောင်ရွက်ရသည့်အတွက် ပြီးစီးအောင် ဆောင်ရွက်ကြရန် အားလုံးက တက်ညီလက်ညီကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်းဖြင့် နိဂုံးချုပ်အမှာစကားပြောကြား၍ အစည်းအဝေးကိုရုပ်သိမ်း လိုက်ကြောင်းနှင့် ယနေ့အစည်းအဝေးတွင်ကချင်ပြည်နယ်၊ တနင်္သာရီ၊ ရန်ကုန်နှင့် ဧရာဝတီတိုင်း ဒေသကြီး စသည့် တိုင်းဒေသကြီး/ပြည်နယ် (၄) ခုအတွင်း ပန်းခင်းစီမံချက်အကောင်အထည်ဖော် ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းဆွေးနွေးခြင်းဖြစ်ပြီး ကျန်တိုင်းဒေသကြီး၊ ပြည်နယ်များမှ လည်း သတ်မှတ်ရက်အလိုက် ရှင်းလင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ (-)

Sorry, the comment form is closed at this time.