ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ပန်းခင်းစီမံချက်အကောင်အထည်ဖော် ဆောင်ရွက်မှုဆိုင်ရာ (၆) လပတ် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးတက်ရောက်၊ နယ်မြေဒေသအလိုက် ကန့်သတ်ချက်များ၊ အခက်အခဲများကြားမှ ရည်မှန်းချက်အောင်မြင်ရေးအတွက် မဖြစ်မနေ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်မှာကြား။
နေပြည်တော်၊ နိုဝင်ဘာ ၁၂ ။
မြန်မာနိုင်ငံသားများဖြစ်ကြသည့် တိုင်းရင်းသားများနှင့် ဥပဒေအရနိုင်ငံသားများအား ဥပဒေ နှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုးထုတ်ပေးရေး လုပ်ငန်း ဖြစ်သည့် ပန်းခင်းစီမံချက် အကောင်အထည်ဖော်ဆောင်ရွက်မှုဆိုင်ရာ (၆) လပတ် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာလ ၂ ရက်၊ ၅ ရက်၊ ၉ ရက်နှင့် ၁၂ ရက်တို့တွင် နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပရာ အခမ်းအနား သို့ လူဝင်မှုကြီကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးများသည် သက်ဆိုင်ရာဒေသအသီးသီးမှ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီး/ပြည်နယ်အလိုက် ရက်သတ်မှတ် ရှင်းလင်းတင်ပြကြရာ နိုဝင်ဘာလ ၂ ရက်တွင် ကချင်၊တနင်္သာရီ၊ ရန်ကုန်၊ ဧရာဝတီတို့မှ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးများ ကလည်းကောင်း၊ နိုဝင်ဘာလ ၅ ရက်တွင် မကွေး၊ မန္တလေး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) တို့မှ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးများကလည်းကောင်း၊ နိုဝင်ဘာလ ၉ ရက်တွင် ကရင်၊ ပဲခူး၊ မွန်၊ ရခိုင်တို့မှ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးများက လည်းကောင်း၊ နိုဝင်ဘာလ ၁၂ ရက် ယနေ့တွင် ကယား၊ ချင်း၊ စစ်ကိုင်း၊ ပြည်ထောင်စုနယ်မြေ တို့မှ တိုင်းဒေသကြီး/ပြည်နယ် ဦးစီးမှူးများကလည်းကောင်း နယ်မြေဒေသအလိုက် ပန်းခင်းစီမံချက် အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှု၊ တွေ့ကြုံရသည့် အခက်အခဲများ၊ လုပ်ငန်းလိုအပ်ချက်များ နှင့် ဆက်လက်ဆောင်ရွက်သွားမည့်အစီအစဉ်များကို ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် အသီးသီးရှင်းလင်း ဆွေးနွေးတင်ပြကြသည်။
ယင်းသို့ ရှင်းလင်းတင်ပြချက်များအပေါ် ပန်းခင်းစီမံချက်လုပ်ငန်းဆိုင်ရာ ကော်မတီအသီးသီးမှ တာဝန်ရှိသူများက ကော်မတီအလိုက် လုပ်ငန်းဆောင်ရွက်နေမှုနှင့် တိုင်းဒေသကြီး/ပြည်နယ်များသို့ လိုအပ်ချက်များ ပံ့ပိုးဖြည့်ဆည်းဆောင်ရွက်ပေးမှုအခြေအနေများကိုလည်းကောင်း၊ ဒုတိယဝန်ကြီး ဦးဌေးလှိုင်က တိုင်းဒေသကြီး/ပြည်နယ်အလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းပမာဏ၊ လက်ရှိဆောင်ရွက် ပြီးစီးမှုနှင့် လုပ်ငန်းဆိုင်ရာ အားနည်းချက်၊ အားသာချက်များကိုလည်းကောင်း ဖြည့်စွက်ဆွေးနွေး တင်ပြကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ရက်အလိုက် ရှင်းလင်းတင်ပြချက်များကို ခြုံငုံ သုံးသပ်ပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာနမှ ဆောင်ရွက်နေသည့် ပန်းခင်းစီမံချက်သည် နိုင်ငံတော်၏ အနာဂတ်အတွက် အရေးကြီးသည့် လုပ်ငန်းတစ်ခုဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်းစဉ်သည် သတ်မှတ် ထားသည့်အချိန်ကာလအတွင်း ပြီးစီးရမည့် လုပ်ငန်းပမာဏအတိုင်း မဖြစ်မနေ ပြီးစီးအောင် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ လက်ရှိအခြေအနေအရ နယ်မြေဒေသအသီးသီး၌ ကိုဗစ်-၁၉ ရောဂါကန့်သတ်ချက်များ၊ လုံခြုံရေးဆိုင်ရာကန့်သတ်ချက်များရှိကြသော်လည်း ကန့်သတ်ချက်များ အခက်အခဲများကြားမှ ရည်မှန်းချက်အောင်မြင်အောင် နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းဆောင်ရွက်ကြရ မည်ဖြစ်ပါကြောင်း၊ ၂၀၂၁ ခုနှစ်၊ မေလမှစတင်ခဲ့သည့် ပန်းခင်းစီမံချက်သည် ယခု (၆) လတာကာလ အတွင်း အခက်အခဲများကြားမှ အရွေ့တစ်ခုသို့ ရောက်ရှိသည်ကို တွေ့ရသော်လည်း ပြီးစီးရမည့် လုပ်ငန်းပမာဏထက် လျော့နည်းနေသေးသည့်အတွက် အရှိန်အဟုန်ဖြင့် ထပ်မံကြိုးပမ်းဆောင်ရွက် ကြရန်လိုကြောင်း၊ ပန်းခင်းစီမံချက်သည် နိုင်ငံတော်၏ စီမံချက်တစ်ခုဖြစ်သည်နှင့်အညီ သက်ဆိုင်ရာ ဒေသအာဏာပိုင်အဖွဲ့အစည်းများ၊ အခြားသော ဆက်စပ်ဌာနများ၏ ပံ့ပိုးကူညီမှုများအပြင် ပြည်သူများ ပူးပေါင်းပါဝင်မှသာ အောင်မြင်နိုင်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူး များသည် မိမိတို့၏ ဆောင်ရွက်ချက်တိုင်းကို ဝန်ကြီးဌာနထံ တင်ပြသကဲ့သို့ သက်ဆိုင်ရာ ဒေသအာဏာပိုင်များသို့လည်း အချိန်နှင့်တစ်ပြေးညီ တင်ပြဆောင်ရွက်ကြရန်လိုကြောင်း၊ သို့မှသာ လုပ်ငန်းလိုအပ်ချက်များကို အခြားဆက်စပ်ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း၌ အချိန်မီ ဖြည့်ဆည်းပေး နိုင်မည်ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့်လည်း လုပ်ငန်းဆောင်ရွက်မှုများကို နေ့စဉ်မျက်ခြေမပြတ် စောင့်ကြည့်သုံးသပ်၍ လိုအပ်ချက်များကို အတတ်နိုင်ဆုံးဖြည့်ဆည်းပေးလျက်ရှိပါကြောင်း၊ လုပ်ငန်း ပမာဏအလိုက် ဆောင်ရွက်ရမည့် နယ်မြေဒေသများကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်မည့် နယ်မြေ၊ အခြေအနေပေးသည်နှင့် ဆောင်ရွက်နိုင်မည့်နယ်မြေ စသည့်ဖြင့် မြေပုံနှင့်တကွ ခွဲခြား သတ်မှတ်၍ တစ်စိုက်မတ်မတ်ဆောင်ရွက်ကြရန်လိုကြောင်း၊ ထို့ပြင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံ သည့်နေရာများ၌လည်း ပန်းခင်းစီမံချက် ဆောင်ရွက်နိုင်ရန် တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ကြရန်လိုကြောင်း၊ မိမိတို့ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ပြည်သူများ ကျယ်ကျယ် ပြန့်ပြန့်သိရှိနားလည် ပူးပေါင်းဆောင်ရွက်လာစေရေးအတွက် မီဒီယာလုပ်ငန်းဆောင်ရွက်မှုများကို အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်ကြရန်လိုကြောင်း၊ ကန့်သတ်ချက်များကြောင့် ကွင်းဆင်း နိုင်ခြင်းမရှိသည့်ဒေသအတွက် ရုံးထိုင်ဆောင်ရွက်ရမည့်ကိစ္စများကို စာရင်းပြုစုဆောင်ရွက်ကာ ရှေ့ပြေးလျှောက်လွှာများ ကြိုတင်ပေးပို့ခြင်း၊ ဖြည့်သွင်းရမည့်အချက်များနှင့်ပတ်သက်၍ သင်ကြား ပြသခြင်းနှင့် လက်ကမ်းစာစောင်များ ကြိုတင်ဖြန့်ဝေခြင်း စသည့်လုပ်ငန်းများကို ကြိုတင်ဆောင်ရွက် ထားရန်လိုကြောင်း၊ အခြေအနေပေးသည်နှင့်တစ်ပြိုင်နက် ချက်ချင်းကွင်းဆင်းဆောင်ရွက်ရန်အတွက် စုဖွဲ့ပြင်ဆင်မှုများကိုလည်း စီစဉ်ထားရမည်ဖြစ်ပါကြောင်း၊ နောင်ထပ်မံပြုလုပ်မည့် အစည်းအဝေးတွင် တိုင်းဒေသကြီး/ပြည်နယ်အလိုက် လက်ရှိဆောင်ရွက်ပြီးစီးမှုပမာဏထက် နှစ်ဆတိုးတက်ပြီးစီးအောင် ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ ပန်းခင်းစီမံချက်ကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန် အတွက် အသစ်ခန့်အပ်ပေးထားသည့် ဝန်ထမ်းသစ်များကိုလည်း ထိုက်သင့်သည့် လုပ်ငန်းဆိုင်ရာ ရက်တိုသင်တန်းပေးခြင်း၊ ဌာနနှင့်ပတ်သက်သည်များကို ရှင်းလင်းပြောကြားခြင်းနှင့် လိုအပ်ချက်များ ကိုပံ့ပိုးကူညီပေးခြင်းဖြင့် လက်တွဲခေါ်ဆောင်ကြရမည်ဖြစ်ပါကြောင်း၊အသိတူမှ အလုပ်တူမည်ဖြစ်သည့် အတွက် ဝန်ထမ်းအားလုံးသည် ပန်းခင်းစီမံချက်၏ အရေးကြီးမှုအပေါ် သိရှိနားလည်ကြပြီး အားသွန် ခွန်စိုက်ကြိုးပမ်းဆောင်ရွက်ကြရေးအတွက် တာဝန်ရှိသူအဆင့်ဆင့်က ရှင်းလင်းချပြ ကြပ်မတ်ဆောင်ရွက် ကြရန်လိုကြောင်း၊ မိမိဆောင်ရွက်ရမည့်တာဝန်ကို လုပ်ပိုင်ခွင့်တစ်ရပ်အနေဖြင့် သတ်မှတ် ဆောင်ရွက် ခြင်းမျိုးမဖြစ်စေရေးနှင့် ပြည်သူကို ယဉ်ကျေးပျူငှာစွာဖြင့် ဝန်ဆောင်မှုပေးနိုင်ရေးအတွက် သွန်သင် ညွှန်ပြကြရန်လည်းလိုကြောင်း၊ ပန်းခင်းစီမံချက်အပြင် အခြားသော မိမိတို့ဌာန၏ ရည်မှန်းချက် လုပ်ငန်းတာဝန်များကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်ကြရမည်ဖြစ်သကဲ့သို့ နိုင်ငံတော်အတွက် အရေးကြီးသည့် ပန်းခင်းစီမံချက်အား သတ်မှတ်ကာလအတွင်း လုပ်ငန်းပမာဏလျာထားချက် ဆောင်ရွက်ပြီးစီးနိုင်ရေးအတွက် ဝန်ထမ်းအားလုံးက စည်းလုံးညီညွတ်စွာဖြင့် တက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်းဖြင့် အကျယ်တဝင့် တိုက်တွန်းပြောကြားကာ အစည်းအဝေးကိုရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။(-)
Sorry, the comment form is closed at this time.