ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ နေပြည်တော်၌ ကျင်းပသည့် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းဆိုင်ရာ တွေ့ဆုံပွဲသို့ တက်ရောက်၊ နိုင်ငံတော်အတွက် လူဦးရေနှင့် လူမှုစီးပွားရေးဆိုင်ရာ စာရင်းအင်းအချက်အလက် များရရှိရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်တိုက်တွန်းပြောကြား။

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ နေပြည်တော်၌ ကျင်းပသည့် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းဆိုင်ရာ တွေ့ဆုံပွဲသို့ တက်ရောက်၊ နိုင်ငံတော်အတွက် လူဦးရေနှင့် လူမှုစီးပွားရေးဆိုင်ရာ စာရင်းအင်းအချက်အလက် များရရှိရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်တိုက်တွန်းပြောကြား။

နေပြည်တော်၊ ဧပြီ ၉။

          ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း‌ ကောက်ယူရေးလုပ်ငန်း ဆိုင်ရာ တွေ့ဆုံပွဲကို ဧပြီလ ၉ ရက်၊ ယနေ့နံနက် ၁၀ နာရီက ပြည်ထောင်စုနယ်မြေ၊နေပြည်တော် ကောင်စီ၊ ဇမ္ဗူသီရိခန်းမ၌ကျင်းပရာ အခမ်းအနားသို့ ဗဟိုသန်းခေါင်စာရင်း ကော်မရှင်ဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ နေပြည်တော် သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဦးဌေးလှိုင်နှင့်ဒေါက်တာမျိုးသန့်၊ နေပြည်တော်သန်းခေါင် စာရင်းကြီးကြပ်မှု ကော်မတီအဖွဲ့ဝင်များ၊ နေပြည်တော်ကောင်စီနှင့်ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စု သန်းခေါင်စာရင်းကော်မတီဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

IMG_2580

         IMG_2635

အစီအစဉ်အရ ရှေးဦးစွာ ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က အမှာစကားပြောကြားရာတွင် သန်းခေါင်စာရင်းဆိုသည်မှာ လူဦးရေဆိုင်ရာ အကြောင်းအရာ၊ စီးပွားရေး၊ လူမှုရေး အကြောင်းအရာများကို တစ်နိုင်ငံလုံး (သို့မဟုတ်) သတ်မှတ်နယ်မြေဒေသတစ်ခုအတွင်း၌ရှိသည့် လူတိုင်းကို တစ်ကြိမ်တည်း၊ တစ်ပြိုင်တည်း ကောက်ယူသည့်လုပ်ငန်းဖြစ်ပါကြောင်း၊ သန်းခေါင်စာရင်းကောက်ယူခြင်းကြောင့် နိုင်ငံတော်၏ လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေးလုပ်ငန်းများအတွက် ခိုင်လုံသော အခြေခံစာရင်းအင်း ကိန်းဂဏန်းများရရှိစေခြင်း၊ နောင်လာမည့်နှစ်များအတွက် စီမံကိန်းများရေးဆွဲရာတွင် ပိုမိုတိကျ မှုရှိစေရန် ခိုင်လုံသော ခန့်မှန်းလူဦးရေများ တွက်ချက်ပေးနိုင်ခြင်း၊ ယခင်ကောက်ယူခဲ့သည့် သန်းခေါင်စာရင်းများနှင့် ယခုကောက်ယူခဲ့သည့် သန်းခေါင်စာရင်းမှ ရရှိလာသည့် အချက်အလက် များကို နှိုင်းယှဉ်ဆန်းစစ်လေ့လာနိုင်ခြင်း၊ လူမှုရေး၊ စီးပွားရေးနှင့်  အခြားနမူနာကောက်စစ်တမ်း များအတွက် အခြေခံစာရင်းအင်းများရရှိနိုင်ခြင်း၊ မဲဆန္ဒရှင်စာရင်းခန့်မှန်းရရှိနိုင်ခြင်း၊ လူဦးရေ ပျံ့နှံမှုနှင့် နိုင်ငံသား၊ နိုင်ငံခြားသားစိစစ်ခြင်းလုပ်ငန်းများ၊ နိုင်ငံတကာလူဦးရေစာရင်းများတွင် မှန်ကန်စွာနှိုင်းယှဉ်နိုင်ခြင်း၊ နိုင်ငံတော်၏ လူဦးရေမူဝါဒရေးဆွဲရေးတွင် အထောက်အကူပြုနိုင် ခြင်း၊ သက်ဆိုင်ရာဒေသအလိုက် လိုအပ်မည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များဆောင်ရွက်ရန် တွက်ချက်နိုင်ခြင်း စသည်တို့ကို အကျိုးရှိရှိအသုံးပြုဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ကမ္ဘာ့နိုင်ငံအများစုတွင် သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို (၁၀) နှစ်လျှင် တစ်ကြိမ် ကောက်ယူလေ့ရှိပြီး မိမိတို့နိုင်ငံအနေဖြင့်လည်း ၂၀၁၄ ခုနှစ်တွင် ပြည်လုံးကျွတ်အဆင့် ဆောင်ရွက်ပြီးနောက် (၁၀) နှစ်အကြာ ၂၀၂၄ ခုနှစ်တွင် သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းကို စီမံဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ၂၀၁၄ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်ကြားကာလများတွင် မိမိတို့နိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှု၊ အကြမ်းဖက်အဖွဲ့အစည်းများ၏ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ပြည်တွင်း/ပြည်ပသို့ ရွှေ့ပြောင်းသွားလာမှုများရှိသည့် အတွက် လူဦးရေဆိုင်ရာ ပြောင်းလဲမှုဖြစ်စဉ်များ မလွဲမသွေ ဖြစ်ပေါ်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ၂၀၁၄ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်ကြား မြန်မာနိုင်ငံ၏ လူဦးရေနှင့် လူမှုစီးပွားဆိုင်ရာ ပြောင်းလဲမှုများကို နှိုင်းယှဉ်လေ့လာသုတေသနပြုပြီး လိုအပ်သည့် မူဝါဒ၊ စီမံကိန်းများ ချမှတ်ရန်အတွက် ၂၀၂၄ ခုနှစ်တွင် သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို မဖြစ်မနေ အကောင်အထည်ဖော် ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း၊ ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ခရိုင်/ မြို့နယ်/ ရပ်ကွက်/ ကျေးရွာ အုပ်စု စသည်တို့ကိုအခြေခံ၍ ၂၀၂၄ ခုနှစ်တွင် ရှိလာမည့်ခန့်မှန်းလူဦးရေ(၅၆)သန်းကျော်နှင့် ခန့်မှန်းအိမ်ထောင်စု အရေအတွက် (၁၃) သန်းခန့်ကို အခြေခံတွက်ချက်ထားပါကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာ အနေဖြင့် မြေပြင်ကွင်းဆင်းရေးဆွဲမှုအရ သန်းခေါင်စာရင်းယူနစ် (Census Unit) (၈၀၀၀၀) ခန့်ရှိပြီး စာရင်းကောက်ကွက်ပေါင်း (၁၁၀၀၀၀) ခန့် ရှိမည်ဖြစ် ပါကြောင်း၊ သန်းခေါင်စာရင်း ကောက်ယူရာတွင် စာရင်းစစ်၊ စာရင်းကောက် စုစုပေါင်း (၄၂၀၀၀) ခန့်ဖြင့် ကောက်ယူဆောင်ရွက်ရန်လျာထားပြီး နေပြည်တော်ကောင်စီအနေဖြင့် စာရင်းစစ်၊ စာရင်းကောက် စုစုပေါင်း (၁၀၉၄) ဦး ခန့်ထားဆောင်ရွက်ရန်လျာထားပါကြောင်း၊ စာရင်း ကောက်ယူရာတွင် တွေ့ရှိရာအရပ်၌ ကောက်ယူသည့်မူ (De Facto) ဖြင့် အသုံးပြုမည် ဖြစ်ပြီး စာရင်းကောက်များက Tablet များအသုံးပြု၍ ကွန်ပျူတာအထောက်အကူပြု လူတစ်ဦးချင်း ကောက်ယူသည့်စနစ် (Computer Assisted Personal Interviews-CAPI) စနစ်ဖြင့်ကောက်ယူ ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊စာရင်းကောက်ယူခြင်းကို(၁-၁၀-၂၀၂၄)ရက်နေ့မှ(၁၅-၁၀-၂၀၂၄) ရက်နေ့အထိ (၁၅) ရက်ကြာ ပြည်လုံးကျွတ်အဆင့် ဆောင်ရွက်မည်ဖြစ်ပြီး သန်းခေါင်စာရင်း ရည်ညွှန်းချိန်မှာ (၃၀-၉-၂၀၂၄) ရက်နေ့၊ ညသန်းခေါင်ယံအချိန်ဖြစ်ပြီး အိမ်ထောင်စုမေးခွန်းပုံစံ အတွက် မေးခွန်း(၆၈)ခု၊ အဖွဲ့အစည်းမေးခွန်းပုံစံအတွက် မေးခွန်း (၁၈) ခုကို မေးမြန်းကောက်ယူ မည်ဖြစ်ပါကြောင်း၊ သန်းခေါင်စာရင်းကောက်ယူရာတွင် Tablet များအသုံးပြု၍ CAPI စနစ်ဖြင့် ကောက်ယူသည့်အတွက် မေးမြန်းကောက်ယူထားသည့် အချက်အလက်များအား အချိန်တို အတွင်း နေပြည်တော်ရုံးချုပ်ရှိ Server သို့ပေးပို့နိုင်ပြီး အားလုံးကောက်ယူပြီးစီးသည်နှင့် လူဦးရေဆိုင်ရာအချက်အလက်များကို အမြန်ဆုံး ထုတ်ပြန်ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ၂၀၂၄ ခုနှစ်၊ သန်းခေါင်စာရင်း၏ ရှေ့ပြေးလူဦးရေစာရင်းကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလကုန်တွင် ထုတ်ပြန်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ သန်းခေါင်စာရင်းကောက်ယူခြင်း ကို ၂၀၁၃ ခုနှစ်က ပြဋ္ဌာန်းခဲ့သည့် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းဥပဒေနှင့် ၂၀၁၈ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် စာရင်းအင်းဥပဒေတို့နှင့်အညီ ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ သန်းခေါင်စာရင်းကောက်ယူခြင်းကို ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်း၊ စာရင်းကောက်ယူခြင်း လုပ်ငန်း၊ စာရင်းဇယားပြုစုခြင်းလုပ်ငန်း၊ ဆန်းစစ်ခြင်းနှင့် အစီရင်ခံစာထုတ်ပြန်ခြင်းလုပ်ငန်း ဟူ၍ လုပ်ငန်းစဉ်(၄)ရပ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ပြီး ယခုကာလသည် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်နေသည့် ကာလဖြစ်ပါကြောင်း၊ သန်းခေါင်စာရင်း လုပ်ငန်းစဉ်အောင်မြင်ရေးအတွက် စမ်းသပ်သန်းခေါင် စာရင်း ကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်မှ (၁၅) ရက်ထိ မြို့နယ် (၂၀) အတွင်းရှိ စာရင်းကောက်ကွက် (၁၀၀) ရွေးချယ်သတ်မှတ် ၍ အောင်မြင်စွာကောက်ယူခဲ့ပြီးဖြစ်ပါကြောင်း၊ ပြည်လုံးကျွတ်သန်းခေါင်စာရင်းအတွက် စာရင်းစစ်၊ စာရင်းကောက် နည်းပြသင်တန်းနှင့် ဆင့်ပွားသင်တန်းအဆင့်ဆင့်ကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လမှ စတင်ဖွင့်လှစ်သွားမည်ဖြစ်ပြီး ဗဟိုအဆင့်နည်းပြသင်တန်းကို နေပြည်တော်တွင် လည်းကောင်း၊ အထူးနည်းပြသင်တန်းကို နေပြည်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ်အားလုံး တွင်လည်းကောင်း၊ ခရိုင်နည်းပြသင်တန်းကို ခရိုင်အဆင့် (၁၂၆) နေရာတွင်လည်းကောင်း၊ စာရင်းစစ်၊ စာရင်းကောက်သင်တန်းကို မြို့နယ်အဆင့်နေရာ (၉၀၀) ခန့်တို့တွင်လည်းကောင်း ဖွင့်လှစ်သွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အတွက် မရှိမဖြစ်လိုအပ်သည့် လူဦးရေနှင့် လူမှုစီးပွားရေးဆိုင်ရာ စာရင်းအင်း အချက်အလက်များရရှိစေရန် ကြိုးပမ်းဆောင်ရွက်လျက် ရှိသည့် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို အမျိုးသားရေး တာဝန်တစ်ရပ် အဖြစ်ခံယူကာ ပြည်သူလူထုတစ်ရပ်လုံးက ဝိုင်းဝန်းပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်း ပါကြောင်းဖြင့် အကျယ်တဝင့်ရှင်းလင်း ပြောကြားသည်။

          ထို့နောက် နေပြည်တော်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းနှင့် ပတ်သက်၍ ကော်မတီအဆင့်ဆင့်ဖွဲ့စည်းထားရှိမှု၊ ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းပြောကြားသည်။

          ဆက်လက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်သူ့အင်အား ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာခိုင်ခိုင်စိုးက လူဦးရေ၏အခန်းကဏ္ဍ၊ သန်းခေါင်စာရင်းကောက်ယူခြင်းမှရရှိနိုင်မည့် အချက်အလက်များ၊ လူဦးရေပြောင်းလဲမှုဖြစ်စဉ် ၏ အရေးပါမှု၊ သန်းခေါင်စာရင်းအချက်အလက်များမှ ဖော်ထုတ်ချက်အကျဉ်းချုပ်တို့ကို ရှင်းလင်း ဆွေးနွေးတင်ပြသည်။

          ယင်းနောက် ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က သန်းခေါင်စာရင်းကောက်ယူခြင်းဆိုင်ရာ အထောက်အကူပြုပစ္စည်းများကို လွှဲပြောင်းပေးအပ်ရာ နေပြည်တော် သန်းခေါင်စာရင်းကော်မတီ ဥက္ကဋ္ဌ ဦးတင်မောင်ဆွေက လက်ခံရယူပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်ပြီးနောက် ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။ (-)

 

Sorry, the comment form is closed at this time.