ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ သန်းခေါင်စာရင်းအုပ်ချုပ်မှုသင်တန်းအမှတ်စဉ် (၁) ဖွင့်ပွဲ တက်ရောက်၊ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းများကို အနီးကပ်ကြီးကြပ်၍ စီမံခန့်ခွဲ ဆောင်ရွက်နိုင်ရေး မှတ်သားဆောင်ရွက်ကြရန်မှာကြား

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ သန်းခေါင်စာရင်းအုပ်ချုပ်မှုသင်တန်းအမှတ်စဉ် (၁) ဖွင့်ပွဲ တက်ရောက်၊

သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းများကို အနီးကပ်ကြီးကြပ်၍ စီမံခန့်ခွဲ ဆောင်ရွက်နိုင်ရေး မှတ်သားဆောင်ရွက်ကြရန်မှာကြား

နေပြည်တော်၊ မေ ၂၇။

          ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရာတွင် အုပ်ချုပ်မှုနှင့် စီမံခန့်ခွဲမှုဆိုင်ရာကိစ္စရပ်များအား အဆင်ပြေစွာ အနီးကပ်ကြီးကြပ်၍ ဆောင်ရွက် နိုင်ရေးအတွက် သန်းခေါင်စာရင်းအုပ်ချုပ်မှုသင်တန်းအမှတ်စဉ်(၁) ဖွင့်ပွဲကို မေလ ၂၇ ရက်၊ ယနေ့နံနက် (၉) နာရီခွဲက နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားသင်တန်းကျောင်း၌ကျင်းပရာ အခမ်းအနားသို့ ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဒုတိယ ဝန်ကြီးများဖြစ်ကြသည့် ဦးဌေးလှိုင်နှင့်ဒေါက်တာမျိုးသန့်၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းဇော်အောင် နှင့်ညွှန်ကြားရေးမှူးချုပ်များ ၊ သင်တန်းနည်းပြများနှင့်တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ပြည်နယ် အသီးသီးမှ သင်တန်းသားအရာရှိများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

IMG_4770

          အစီအစဉ်အရ ရှေးဦးစွာ ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က သင်တန်းအဖွင့်အမှာစကားပြောကြားရာတွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ် အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ(၁)ရက်မှ (၁၅) ရက်အထိ ကောက်ယူမည်ဖြစ်ရာ ယင်းလုပ်ငန်းစဉ် အောင်မြင်ရေးအတွက် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ပြီးစီးရေး အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် လုပ်ငန်းစဉ်အဆင့် အလိုက် အနီးကပ်ကြီးကြပ်ဆောင်ရွက်ရသူများအနေဖြင့် သန်းခေါင်စာရင်းနှင့်ပတ်သက်၍ အုပ်ချုပ်မှုနှင့် စီမံခန့်ခွဲမှုဆိုင်ရာကိစ္စရပ်များ၊ ဘဏ္ဍာငွေသုံးစွဲရေးဆိုင်ရာကိစ္စရပ်များကို လုပ်ထုံး လုပ်နည်းနှင့်အညီ စနစ်တကျဆောင်ရွက်နိုင်ရေးအတွက် ယခုသင်တန်းကိုဖွင့်လှစ်ပို့ချရခြင်း ဖြစ်ပါကြောင်း၊ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို စီမံချက်ရေးဆွဲ၍ ၂၀၂၁ ခုနှစ် ကတည်းက စတင်ဆောင်ရွက်နေခြင်းဖြစ်ပြီး ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများအနေဖြင့် အခြေခံ ဒေသစာရင်းပြုစုခြင်း၊ သန်းခေါင်စာရင်းလုပ်ငန်းအသေးစိတ်စီမံချက်ရေးဆွဲခြင်း၊ ဗဟိုသန်းခေါင် စာရင်းကော်မရှင်အပါအဝင် သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီအဆင့်ဆင့် ဖွဲ့စည်းခြင်း၊ သန်းခေါင်စာရင်းဆိုင်ရာ စက်ပစ္စည်းကိရိယာများ ဝယ်ယူဖြည့်တင်းတပ်ဆင်ခြင်း၊ မေးခွန်းပုံစံ၊ စာရင်းစစ်၊ စာရင်းကောက် လက်စွဲစာစောင်ပြုစုခြင်းနှင့် စမ်းသပ်သန်းခေါင်စာရင်းကောက်ယူ ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း၊ ထို့ပြင် GIS နည်းပညာအသုံးပြု၍ မြေပုံ ရေးဆွဲခြင်းနှင့် စာရင်းကောက်ကွက်များဖွဲ့စည်းနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာတည်နေရာ Point များကောက်ယူခြင်း၊ သန်းခေါင်စာရင်းယူနစ်ရေးဆွဲခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့ပြီး မကြာမီ စာရင်းကောက်ကွက်မြေပုံများကို ပုံနှိပ်ဖြန့်ဝေနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ စမ်းသပ် သန်းခေါင်စာရင်းကိုလည်း ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်မှ (၁၅) ရက်ထိ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်အလိုက် ရွေးချယ်သတ်မှတ်ထားသည့် မြို့နယ် (၂၀) အတွင်းရှိ စာရင်း ကောက်ကွက် (၁၀၀) ကို အောင်မြင်စွာ ကောက်ယူခဲ့ပြီးဖြစ်ပါကြောင်း၊ သန်းခေါင်စာရင်းဆိုင်ရာ အသိပညာပေးလုပ်ငန်းများကိုလည်း သတ်မှတ်အချိန်ဇယားများအတိုင်း ဆက်လက်ဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်း၊ သန်းခေါင်စာရင်းကောက်ယူရာတွင် စာရင်းကောက်ကွက်ပေါင်း တစ်သိန်းကျော်ကို စာရင်းစစ်၊ စာရင်းကောက် လေးသောင်းခန့် ခန့်အပ်တာဝန်ပေး ကောက်ယူ သွားမည်ဖြစ်ပါကြောင်း၊ စာရင်းစစ် စာရင်းကောက်များအနေဖြင့် ပညာရေးဝန်ထမ်းများကို အဓိကထား၍ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအဖွဲ့အစည်းများ၊ တက္ကသိုလ်ကျောင်းသား/ ကျောင်းသူများနှင့် စိတ်ပါဝင်စားသူ (Volunteers) များဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ သန်းခေါင်စာရင်းကောက်ယူခြင်းမှရရှိသည့် အချက်အလက်များအပေါ် မူတည်၍ နိုင်ငံတော်မူဝါဒများနှင့် လူမှုစီးပွားဆိုင်ရာ စီမံကိန်းများအတွက် နှစ်စဉ်လူဦးရေစာရင်း များကိုလည်း မှန်ကန်စွာတွက်ချက်ပေးနိုင်မည်ဖြစ်သဖြင့် သန်းခေါင်စာရင်းကို  မထပ်မကျန် အမှန်ရှိစေရေး ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းတစ်ခုလုံးကို နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး ဘဏ္ဍာငွေလေလွင့် ဆုံးရှုံးမှုမရှိစေရေး၊ အုပ်ချုပ်မှုနှင့် စီမံခန့်ခွဲမှုဆိုင်ရာကိစ္စရပ်များတွင် လုပ်ထုံးလုပ်နည်းများနှင့် အညီ ဆောင်ရွက်နိုင်ရေးတို့အတွက်လုပ်ငန်းများကို အနီးကြပ် ကြီးကြပ်ဆောင်ရွက်ကြမည့် သင်တန်းသားအရာရှိများအနေဖြင့် သိရှိနားလည်သဘောပေါက်ကာ မိမိတို့၏ အတွေ့အကြုံ များဖြင့် ပေါင်းစပ်ဆောင်ရွက်ကြရန်လိုကြောင်း၊ ထို့ကြောင့် သင်တန်းကာလအတွင်း သင်တန်း နည်းပြများ၏ သင်ကြားပို့ချချက်များကို လေးလေးနက်နက် လိုက်နာမှတ်သားကာ မြေပြင် အခြေအနေနှင့်ကိုက်ညီအောင် အကောင်းဆုံးဆောင်ရွက်နိုင်ရေး အချင်းချင်းအပြန်အလှန် ဆွေးနွေးညှိနှိုင်းကြစေလိုကြောင်း၊ သင်တန်းသားများသည် သင်တန်းတက်ရောက်ပြီး မိမိတို့ ဒေသရုံးအသီးသီးသို့ ပြန်လည်ရောက်ရှိသည့်အခါ သက်ဆိုင်ရာဌာနအကြီးအကဲများအား ဆောင်ရွက်ရမည့်လုပ်ငန်းတာဝန်များကို အသေးစိတ်ရှင်းလင်းတင်ပြရန် လိုအပ်သကဲ့သို့ မိမိနှင့်အတူ တာဝန်ထမ်းဆောင်မည့် လက်အောက်ဝန်ထမ်းများကိုလည်း ပြန်လည်ရှင်းလင်း ပြောကြားကြရန်လိုကြောင်းနှင့် သန်းခေါင်စာရင်းကော်မတီအဆင့်ဆင့်က ပေးအပ်သော တာဝန် များကို မိမိတို့၏အတွေ့အကြုံ၊ စွမ်းဆောင်ရည်၊ တာဝန်ကျေပွန်မှုတို့နှင့်ပေါင်းစပ်ကာ သန်းခေါင် စာရင်းကောက်ယူခြင်းဆိုင်ရာ လုပ်ငန်းများအောင်မြင်ရေးအတွက် အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်းဖြင့် အကျယ်တဝင့်ရှင်းလင်းပြောကြားသည်။

IMG_4753

IMG_4758 (1)

          ထို့နောက် သင်တန်းသားများက တိုင်းဒေသကြီး/ပြည်နယ်အလိုက် သင်တန်းစေလွှတ် တက်ရောက်မှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးကာ ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

          အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးသည်သင်တန်းကျောင်းအတွင်းရှိ သင်တန်းသား အိပ်ဆောင်များနှင့် ရေ၊ မီး ၊ မိလ္လာ အဆင်ပြေစေရေး ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် စားရိပ်သာအခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများ၏ လိုက်လံ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးသည်။

IMG_4850 IMG_4897 IMG_4908

          အဆိုပါသင်တန်းသို့ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ ဧရာဝတီတိုင်း ဒေသကြီးတို့နှင့် ရှမ်းပြည်နယ်တို့မှ သင်တန်းသားအရာရှိ (၅၁) ဦး တက်ရောက်ကြပြီး သင်တန်း ကာလမှာ (၃) ရက်ကြာမြင့်မည်ဖြစ်ကာ ယခုကဲ့သို့ အုပ်ချုပ်မှုသင်တန်းများကို တိုင်းဒေသကြီး/ ပြည်နယ်များမှ အရာရှိများအား ပုံမှန်လုပ်ငန်းတာဝန်များမထိခိုက်စေဘဲ (၇) ကြိမ်ခွဲ၍ ဖွင့်လှစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ (-)

Sorry, the comment form is closed at this time.