ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မွန်ပြည်နယ် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းဆိုင်ရာ တွေ့ဆုံပွဲသို့ တက်ရောက်ရှင်းလင်း၊ မော်လမြိုင်မြို့၊ အထက(၁၀)၌ ဒေသခံပြည်သူများအား နိုင်ငံသားကတ်ပြားထုတ်ပေး၍ Biometric ကောက်ယူကာ UID နံပါတ်ထုတ်ပေးမှုကြည့်ရှုအားပေး

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မွန်ပြည်နယ် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း

ကောက်ယူရေးလုပ်ငန်းဆိုင်ရာ တွေ့ဆုံပွဲသို့ တက်ရောက်ရှင်းလင်း၊

မော်လမြိုင်မြို့၊အထက(၁၀)၌ ဒေသခံပြည်သူများအား နိုင်ငံသားကတ်ပြားထုတ်ပေး၍ Biometric ကောက်ယူကာ UID နံပါတ်ထုတ်ပေးမှုကြည့်ရှုအားပေး

နေပြည်တော်၊ ဩဂုတ် ၁၆။

          ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း‌ ကောက်ယူရေးလုပ်ငန်း ဆိုင်ရာတွေ့ဆုံပွဲကို ဩဂုတ်လ (၁၆) ရက် ၊  ယနေ့မွန်းလွဲ (၁) နာရီက မွန်ပြည်နယ်၊ မော်လမြိုင် မြို့ရှိ ပြည်နယ်ခန်းမ၌ကျင်းပရာ အခမ်းအနားသို့ ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ၊ လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မွန်ပြည်နယ် သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ အဖွဲ့ဝင်ဝန်ကြီးများ၊ မွန်ပြည်နယ် သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီ အဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စု သန်းခေါင်စာရင်းကော်မတီဝင် များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

0-02-06-05f6c760fab728bd422ae3b915d5482176ac37600bcf9ec57135d9b601e17d26_f4017c9230bcc34a

          အစီအစဉ်အရ ရှေးဦးစွာ ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က အမှာစကားပြောကြားရာ၌ မိမိတို့နိုင်ငံတွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ် အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့မှ (၁၅) ရက်နေ့အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကောက်ယူဆောင်ရွက်သွားမည် ဖြစ်ရာ အချိန်ကာလအားဖြင့် (၁)လကျော်သာလိုတော့ပါကြောင်း၊ ယင်းလုပ်ငန်းစဉ်၏ သန်းခေါင် စာရင်း ရည်ညွှန်းချိန်အဖြစ် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်၊ ညသန်းခေါင်ယံအချိန် ကိုသတ်မှတ်ထားပြီး သန်းခေါင်စာရင်းရည်ညွှန်းချိန်တွင် မြန်မာနိုင်ငံအတွင်းရှိနေသူ အားလုံးကို ကောက်ယူသွားမည်ဖြစ်ပါကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင် ၂၀၂၄ ခုနှစ်၌ရှိမည့် ခန့်မှန်း လူဦးရေ(၅၆)သန်းကျော်နှင့် ခန့်မှန်းအိမ်ထောင်စု(၁၃)သန်းခန့်ကို အခြေခံတွက်ချက် ကောက်ယူ မည်ဖြစ်ပါကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စာရင်းကောက်ကွက်ပေါင်း (၁)သိန်း (၁)သောင်းခန့်ရှိမည်ဖြစ်ရာ သန်းခေါင်စာရင်းကောက်ယူရာတွင် စာရင်းစစ်၊ စာရင်းကောက် (၄)သောင်း (၂)ထောင်ခန့်ဖြင့် ကောက်ယူဆောင်ရွက်ရန် လျာထားပါကြောင်း၊ မွန်ပြည်နယ်အနေ ဖြင့် ကောက်ကွက်ပေါင်း (၃၆၀၀) ကျော်ဖြင့် ဖွဲ့စည်း၍ စာရင်းစစ်၊ စာရင်းကောက် (၁၂၀၀) ခန့် ဖြင့်ကောက်ယူရန်လျာထားပါကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင်လည်း နယ်မြေဒေသ တစ်ချို့၌ လုံခြုံရေးအခြေအနေနှင့် လမ်းပန်းဆက်သွယ်မှု အခက်အခဲများကြောင့် ရက်ထပ်မံတိုးမြှင့် ကောက်ယူရန်လိုအပ်ပါက ကြိုတင်စီစဉ်ဆောင်ရွက်ထားကြရန်လိုကြောင်း၊ ပြည်လုံးကျွတ် သန်းခေါင်စာရင်းကို အိမ်ထောင်စုမေးခွန်းပုံစံအတွက် မေးခွန်း(၆၈)ခု၊ အဖွဲ့အစည်းမေးခွန်းပုံစံ အတွက်မေးခွန်း(၁၈)ခုဖြင့် တစ်အိမ်တက်ဆင်း ကောက်ယူမည်ဖြစ်ရာ ပြည်သူများအနေဖြင့် မေးခွန်းများကို မှန်မှန်ကန်ကန်ဖြေကြားခြင်းဖြင့် ပူးပေါင်းကူညီနိုင်ရေးအတွက် ပြည်သူလူထု အသိပညာပေးလုပ်ငန်းများကိုလည်း ထိထိရောက်ရောက်၊ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လျက် ရှိပါကြောင်း၊ ယခုအခါ နေပြည်တော်ရုံးချုပ်တွင် သန်းခေါင်စာရင်းဆိုင်ရာ ဗဟိုအဆင့်နည်းပြ သင်တန်းဖွင့်လှစ်ပြီးဖြစ်ရာ တိုင်းဒေသကြီး/ပြည်နယ်/ခရိုင်အဆင့် နည်းပြသင်တန်းများနှင့် မြို့နယ် အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းများကို စီမံချက်အတိုင်း ဆက်လက်ဖွင့်လှစ်နိုင်ရေး စဉ်ဆက်မပြတ် ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ ယခုသန်းခေါင်စာရင်းကို နည်းပညာ အသုံးပြု၍ Tablet များဖြင့် ကောက်ယူပြီးရုံးချုပ်သို့ Online စနစ်ဖြင့်ပေးပို့ ဆောင်ရွက်မည် ဖြစ်သည့်အတွက် အချက်အလက်များကို မှန်မှန်နှင့်မြန်မြန် သိရှိဆောင်ရွက်နိုင်မည်ဖြစ်ပြီး ရှေ့ပြေး လူဦးရေစာရင်းကိုလည်းအချိန်တိုတိုအတွင်း သိရှိထုတ်ပြန်နိုင်မည်ဖြစ်ပါကြောင်း၊ သန်းခေါင်စာရင်း မှရရှိသော အခြေခံကိန်းဂဏန်းများအရ တိုင်းဒေသကြီး/ပြည်နယ်အလိုက် ဆောင်ရွက်ရမည့် လူမှုစီးပွား ဖွံ့ဖြိုးရေးစီမံကိန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ပြီး လာမည့်ရွေးကောက်ပွဲအတွက် မဲစာရင်းမှန်ကန်ရေး နှိုင်းယှဉ်သုံးသပ်နိုင်မည်ဖြစ်ပါကြောင်း၊  သန်းခေါင်စာရင်းလုပ်ငန်းစဉ်များကို သတ်မှတ်ကာလအတိုင်းပြီးမြောက်အောင်မြင်ရေးအတွက် ကော်မတီအဆင့်ဆင့်က ကြိုတင်စီမံ ဆောင်ရွက်ကြရန်နှင့် အမျိုးသားရေးတာဝန်အဖြစ်ခံယူကာ အားလုံးကတက်ညီလက်ညီ ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်းဖြင့် အကျယ်တဝင့်ရှင်းလင်းပြောကြားသည်။

0-02-06-0e82c0aa1c1a825fb4b1c05e3d9c6166d9c3b6d4ad8f5360f794f1b50a17b783_b7c3d44574b7aa25

          ထို့နောက် မွန်ပြည်နယ် သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက မွန်ပြည်နယ်အတွင်း ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အောင်မြင်စွာကောက်ယူရေးအတွက် လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းများ နှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းပြောကြားသည်။

          ဆက်လက်၍ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်သူ့အင်အားဦးစီး ဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာခိုင်ခိုင်စိုးက သန်းခေါင်စာရင်းအချက်အလက်များ အပေါ်အခြေခံ၍ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် လုံခြုံရေးဆိုင်ရာလုပ်ငန်းများတွင် ထိရောက်စွာ အသုံးပြု ဆောင်ရွက်နိုင်ရေးအခြေအနေများကို ရှင်းလင်းဆွေးနွေးတင်ပြပြီး သန်းခေါင်စာရင်း ကောက်ယူခြင်းနှင့်ပတ်သက်၍ ရုပ်မြင်သံကြား Channel များတွင် ထုတ်လွှင့်ပြသမည့် ပြည်သူ လူထုအသိပညာပေး TV Spot များကိုပြသသည်။

ထို့နောက် ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က သန်းခေါင်စာရင်း ကောက်ယူခြင်းဆိုင်ရာ အထောက်အကူပြုပစ္စည်းများကို လွှဲပြောင်းပေးအပ်ရာ မွန်ပြည်နယ် သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးတိုးဝင်းက လက်ခံရယူပြီး အခမ်းအနားကို ရုတ်သိမ်းလိုက်ပြီးနောက် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည်  ပြည်လုံးကျွတ် သန်းခေါင်စာရင်းတွင် အသုံးပြုမည့်ပစ္စည်းများ ခင်းကျင်းပြသထားမှုကို ကြည့်ရှုအားပေးကြ သည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည် မော်လမြိုင်မြို့၊ အမှတ်(၁၀) အခြေခံပညာအထက်တန်းကျောင်း သို့သွားရောက်၍ မြတ်ပန်းမာလာခန်းမ၌ မြို့နယ်ရုံးဝန်ထမ်းများက ဒေသခံပြည်သူများအား ပန်းခင်းစီမံချက် အဆင့်(၃) ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို လည်းကောင်း၊ နိုင်ငံသားကတ်ပြား ထုတ်ပေးသူများနှင့် နိုင်ငံသားကတ်ပြားရရှိပြီးသူများအား    e-ID စနစ်ဖြင့် ကိုယ်ရေးအချက်အလက် (Biographic) နှင့် ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူကာ ဂဏန်း (၁၀) လုံးပါသည့် Unique ID နံပါတ်ထုတ်ပေးခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကိုလည်းကောင်း လှည့်လည်ကြည့်ရှုအားပေးကာ တာဝန်ရှိသူများ၏ လိုက်လံ ရှင်းလင်းတင်ပြချက်များအပေါ်  ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များမှာကြားညှိနှိုင်း ဆောင်ရွက်ပေးပြီး လာရောက်ဆောင်ရွက်သည့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက် အားပေးသည်၊၊

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ပြည်နယ်ခန်းမ၌ မွန်ပြည်နယ်အတွင်းရှိ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ဦးစီးမှူးရုံးများမှ ဝန်ထမ်း များအားတွေ့ဆုံကာ ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်၏ရှေ့လုပ်ငန်းစဉ်(၅)ရပ် အနက် အရေးကြီးဆုံးလုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည့် လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် တိကျမှန်ကန်သည့်မဲစာရင်းပြုစုနိုင်ရေး ကြိုးပမ်း ဆောင်ရွက်နေမှု၊ ယင်းသို့ဆောင်ရွက်နိုင်ရေးအတွက် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူခြင်း လုပ်ငန်းဆောင်ရွက်ခဲ့မှု၊ မကြာမီဆောင်ရွက်မည့် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းအောင်မြင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုနှင့် မဲပေးပိုင်ခွင့်ရှိသူ နိုင်ငံသားတိုင်း ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေးအတွက် ပန်းခင်းစီမံချက်များဖြင့် နိုင်ငံသားကတ်ပြားထုတ်ပေး ဆောင်ရွက်နေမှု၊ ထို့ပြင် နိုင်ငံသားကတ်ရရှိပြီးသူများကို e-ID စနစ်ဖြင့် Biographic/Biometric ကောက်ယူကာ Unique ID နံပါတ်ထုတ်ပေးဆောင်ရွက်နေမှု၊ ယင်းလုပ်ငန်းစဉ်အားလုံးသည် တစ်ခုနှင့်တစ်ခု ချိတ်ဆက်နေပြီး သတ်မှတ်ကာလအတွင်း ပြီးစီး အောင် ဆောင်ရွက်ရသည့်လုပ်ငန်းများဖြစ်မှု၊ နိုင်ငံတော်အတွက် အရေးကြီးသည့်လုပ်ငန်းများ ဖြစ်ပြီး ပြည်သူကိုဝန်ဆောင်မှုပေးရသည့် လုပ်ငန်းများဖြစ်သည်နှင့်အညီ လုပ်ငန်းများဆောင်ရွက် ရာ၌ ကြည်သာရွှင်ပြစွာဖြင့် ကျေပွန်စွာဆောင်ရွက်ကြရေးနှင့် အချင်းချင်း စည်းလုံးညီညွတ်စွာ ဖြင့် လုံခြုံရေးကို အထူးအလေးဂရုပြုဆောင်ရွက်ကြရေး အခြေအနေများနှင့်စပ်လျဉ်း၍ အကျယ် တဝင့် ရှင်းလင်းမှာကြားကာ ဝန်ထမ်းများအတွက် ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။ (-)

 

 

Sorry, the comment form is closed at this time.