ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ နေပြည်တော်ကောင်စီ၊ သန်းခေါင်စာရင်းဆိုင်ရာ တိုင်းအဆင့် နည်းပြသင်တန်းဖွင့်လှစ် ပို့ချနေမှုကြည့်ရှု၊
ပြည်သူကို ယဉ်ယဉ်ကျေးကျေးဆက်ဆံ၍ ကြည်သာ ရွှင်ပြစွာ မေးမြန်းကောက်ယူနိုင်ရေး ဆွေးနွေးပို့ချဆောင်ရွက်ကြရန်မှာကြား။
နေပြည်တော်၊ ဩဂုတ် ၂၆။
ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ဒုတိယဝန်ကြီး ဦးဌေးလှိုင်နှင့် တာဝန်ရှိသူများနှင့် အတူ ဩဂုတ်လ (၂၆) ရက်၊ ယနေ့ နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သင်တန်းခန်းမ၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးအတွက် ဖွင့်လှစ်လျက်ရှိသည့် ပြည်ထောင်စုနယ်မြေ၊ တိုင်းအဆင့် နည်းပြသင်တန်းသို့ သွားရောက်ကြည့်ရှုအားပေးသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က သင်တန်းသားများအား အမှာစကား ပြောကြားရာတွင် ၂၀၂၄ ခုနှစ်၊ ပြည်လုံးကျွတ်သန်းခေါင်စာရင်းကို လာမည့်အောက်တိုဘာလ (၁) ရက်မှ (၁၅) ရက်အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကောက်ယူမည်ဖြစ်ရာ ကွင်းဆင်းကောက် ယူမည့် အချိန်ကာလ နီးကပ်နေပြီဖြစ်ပါကြောင်း၊ သန်းခေါင်စာရင်း အောင်မြင်စွာကောက်ယူနိုင် ရန် ယခုနည်းပြသင်တန်းသားများသည် အရေးကြီးသည့်အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ကြရ မည်ဖြစ်ပါကြောင်း၊ သန်းခေါင်စာရင်းအချက်အလက်များ၏ အသုံးဝင်မှုနှင့် မေးမြန်းရမည့် မေးခွန်းများ၏အရေးပါမှုကို သိရှိနားလည်ရန်လည်း လိုအပ်ပါကြောင်း၊ သင်တန်းသားများ အနေဖြင့် ခရိုင်အဆင့် ဆင့်ပွားနည်းပြသင်တန်းများနှင့် မြို့နယ်အဆင့်စာရင်းစစ်၊ စာရင်းကောက် သင်တန်းများကို ဆက်လက်ပို့ချဆွေးနွေး ဆောင်ရွက်ကြရမည်ဖြစ်သည့်အတွက် သင်တန်းမှ ပို့ချချက်များကို မိမိတို့၏အတွေ့အကြုံများနှင့် ပေါင်းစပ်ကာ မြေပြင်တွင်ကြုံတွေ့ရမည့် အခက်အခဲများအပေါ် ကျော်လွှားဖြေရှင်းနိုင်ရေး အလေးထားဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ နည်းပညာအသုံးပြု မေးမြန်းကောက်ယူမည်ဖြစ်သည့်အတွက် လုပ်ငန်းစဉ်အဆင့်ဆင့်ကိုလည်း တတ်ကျွမ်းနားလည်သိရှိထားကြရန်လိုကြောင်း၊ သန်းခေါင်စာရင်းလုပ်ငန်းစဉ်သည် နိုင်ငံတော် အစိုးရနှင့် ပြည်သူများအားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်မှသာ အောင်မြင်နိုင်မည်ဖြစ်၍ ပြည်သူလူထုအသိပညာပေး လုပ်ငန်းများကိုလည်း ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လျက်ရှိပါ ကြောင်း၊ သတ်မှတ်ကောက်ကွက်များအလိုက် မထပ်မကျန် အပြည့်အဝကောက်ယူနိုင်ရေး အတွက်လည်း ဒေသအာဏာပိုင်များ၊လူမှုရေးအဖွဲ့အစည်းများနှင့် ပေါင်းစပ်ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ထို့ပြင် သန်းခေါင်စာရင်းလုပ်ငန်းစဉ်အတွက် ထုတ်ပြန်ပြဋ္ဌာန်းထားသည့် သန်းခေါင်စာရင်းဥပဒေကိုလည်း သိရှိနားလည်ပြီး စာရင်းစစ်၊ စာရင်းကောက်များနှင့် ပြည်သူ များအတွက် အကာအကွယ်ပေးထားသည့်ဥပဒေပြဋ္ဌာန်းချက်များကို ရှင်းလင်းချပြထားကြရန် လည်းလိုကြောင်း၊ စာရင်းစစ်၊ စာရင်းကောက်များသည် တစ်အိမ်တက်ဆင်းဖြင့် ပြည်သူနှင့် တိုက်ရိုက်ထိတွေ့ကာ သတ်မှတ်မေးခွန်းများကိုမေးမြန်း၍ ဖြေကြားချက်များကို ရေးမှတ် ကောက်ယူရမည်ဖြစ်သည့်အတွက် ပြည်သူကိုယဉ်ယဉ်ကျေးကျေးဆက်ဆံ၍ ကြည်သာရွှင်ပြစွာ မေးမြန်းဆောင်ရွက်နိုင်ရေး နည်းပြများမှဆွေးနွေးချပြထားရန်လိုကြောင်း၊ သန်းခေါင်စာရင်း ကောက်ယူရာတွင် လိုအပ်ချက်များ၊ အခက်အခဲများရှိပါက ရုံးချုပ်သို့ အချိန်နှင့်တစ်ပြေးညီ တင်ပြဆောင်ရွက်ကြရန်နှင့် လုပ်ငန်းစဉ်အောင်မြင်ရေးအတွက် အားလုံးက တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားလိုကြောင်းဖြင့် အကျယ်တဝင့်ရှင်းလင်းပြောကြားသည်။
ထို့နောက် သင်တန်းသားများက သင်တန်းပို့ချမှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များအပေါ်လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး သင်တန်းနည်းပြများက သန်းခေါင်စာရင်းဆိုင်ရာ သင်တန်းပို့ချနေမှုကိုကြည့်ရှုကာ သင်တန်းသား များအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးသည်။
၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အောင်မြင်စွာကောက်ယူ နိုင်ရေးအတွက် ဗဟိုအဆင့်နည်းပြသင်တန်းကို နေပြည်တော်(ရုံးချုပ်)၌ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၁)ရက်မှ (၁၂)ရက်အထိ ဖွင့်လှစ်ခဲ့ပြီး အဆိုပါနည်းပြသင်တန်းဆင်းအရာရှိများက နေပြည်တော် ကောင်စီ၊ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် ဩဂုတ်လ(၁၉) ရက်မှ (၃၀) ရက်အထိ ဖွင့်လှစ်သည့် တိုင်းအဆင့် နည်းပြသင်တန်းများတွင် ဆင့်ပွားရှင်းလင်းပို့ချလျက်ရှိကြောင်းနှင့် ခရိုင်အဆင့် နည်းပြသင်တန်းများနှင့် မြို့နယ်အဆင့်စာရင်းစစ်၊ စာရင်းကောက်သင်တန်းများကိုသတ်မှတ်ရက် များအတိုင်း ဆက်လက်ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ (-)
Sorry, the comment form is closed at this time.