ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဝန်ကြီးဌာန၊ အမျိုးသားဘော်လီဘောပြိုင်ပွဲဖွင့်ပွဲတက်ရောက်၊ အမျိုးသားအားကစားပွဲတော်၌ ဝန်ကြီးဌာနကိုယ်စားပြု ဘော်လီဘောအသင်းအဖြစ် ပါဝင် ယှဉ်ပြိုင်နိုင်ရေး ရည်မှန်းချက်ထား ကြိုးစားယှဉ်ပြိုင်ကြရန်တိုက်တွန်း။
နေပြည်တော်၊ စက်တင်ဘာ ၉ ။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဖလား၊ အမျိုးသားဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာလ (၉) ရက်၊ ယနေ့နံနက် (၉) နာရီက နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ အေရုံ၌ကျင်းပရာ အခမ်းအနားသို့ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းဝန်ထမ်းများနှင့် ပြိုင်ပွဲဝင် ဘော်လီဘောအသင်းများ တက်ရောက်အားပေးကြသည်။
အစီအစဉ်အရ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က အမှာစကားပြောကြား ရာတွင် ယခုကဲ့သို့ ဝန်ကြီးဌာန၏ အမျိုးသားဘော်လီဘောပြိုင်ပွဲ ကျင်းပရခြင်းမှာ ဝန်ကြီးဌာနရှိ ဝန်ထမ်းများအားလုံး ကျန်းမာပျော်ရွှင်ပြီး ခင်ခင်မင်မင် ရင်းရင်းနှီးနှီးရှိစေရေး၊ တစ်သင်းနှင့် တစ်သင်း အားကစားစိတ်ဓာတ်အပြည့်ဖြင့် ယှဉ်ပြိုင်ခြင်းအပေါ် အစုအဖွဲ့စိတ်ဓာတ်ဖြင့် ပူးပေါင်း ဆောင်ရွက်တတ်စေရေး၊ အားကစားလှုပ်ရှားမှုများကြောင့် ကိုယ်ကာယကြံ့ခိုင်မှု၊ စိတ်ဓာတ် ကြံ့ခိုင်မှုရှိစေရေး၊ ဝန်ကြီးဌာနအတွက် အင်အားတောင့်တင်းပြီး ခိုင်မာအားကောင်းသည့် ပြိုင်ပွဲဝင်ဘောလီဘောအသင်းတစ်သင်း ဖြစ်ပေါ်လာပြီး အမျိုးသားအားကစားပွဲတော်တွင် ဝန်ကြီးဌာနကိုယ်စားပြုအသင်းအဖြစ် ပါဝင်ယှဉ်ပြိုင်နိုင်ရေး စသည့်ရည်ရွယ်ချက်များဖြင့် ကျင်းပ ရခြင်းဖြစ်ပါကြောင်း၊ အားကစားနည်းအမျိုးမျိုးရှိပြီး တစ်ဖက်နှင့်တစ်ဖက် ယှဉ်ပြိုင်ကြရင်း အားကစားပြိုင်ပွဲများ ဖြစ်ပေါ်လာပြီး လူ့အသိုင်းအဝိုင်းတွင် စိတ်ချမ်းမြေ့ပျော်ရွှင်မှုများကို ဆောင်ကျဉ်းပေးနိုင်သည့် ပြိုင်ပွဲများဖြစ်လာပါကြောင်း၊ ယင်းနောက် အောက်ခြေအဆင့်ပြိုင်ပွဲ များမှ နိုင်ငံတကာအဆင့်မီ နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများ ပေါ်ထွန်းလာခြင်းဖြစ်ပါ ကြောင်း၊ နိုင်ငံတော်အနေဖြင့်လည်း မြန်မာ့အားကစား အဆင့်အတန်းမြင့်မားရေးနှင့် နိုင်ငံတကာ အဆင့်မီ အားကစားနည်းများတွင် ပါဝင်ယှဉ်ပြိုင်နိုင်သည့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ ပေါ်ထွန်းလာရေးအတွက် အဖက်ဖက်က ဖြည့်ဆည်းအကောင်အထည်ဖော် ဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊ ဘော်လီဘောကစားနည်းသည် တစ်ဦးကောင်း၊ တစ်ယောက်ကောင်းဖြင့် ကစားရခြင်းမျိုးမဟုတ်ဘဲ ပြိုင်ပွဲဝင် အသင်းသားအားလုံးက သူ့နေရာနဲ့သူ၊ အပေးအယူ မျှမျှတတဖြင့် အားလုံးပူးပေါင်း ဆောင်ရွက်ရသည့် ကစားနည်းဖြစ်ပါကြောင်း၊ အသင်းအဖွဲ့ စိတ်ဓာတ်ဖြင့် ညီညီညွတ်ညွတ် စုပေါင်းဆောင်ရွက်မှသာ တစ်ဖက်ပြိုင်ဘက်အသင်းအပေါ် အနိုင်ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ အားကစားစိတ်ဓာတ်ရှိမှု၊ ကိုယ်ကာယကြံ့ခိုင်မှု၊ လေ့ကျင့်သား ပြည့်ဝမှု၊ ပူးပေါင်းဆောင်ရွက်မှုများက ပြိုင်ပွဲအောင်နိုင်ရေးအတွက် အဆုံးအဖြတ် ပေးနိုင်မည့် အဓိကကျသည့် အချက်များပင်ဖြစ်ပါကြောင်း၊ ပြိုင်ပွဲဝင်အသင်းများအနေဖြင့်လည်း အသင်းအဖွဲ့ စိတ်ဓာတ်ဖြင့် အချင်းချင်းညှိနှိုင်းပူးပေါင်းကာ အောင်မြင်လိုသည့်စိတ်ဓာတ်ကို အခြေခံပြီး ဇွဲ၊ လုံ့လ၊ ဝီရိယတို့ဖြင့် လေ့ကျင့်သားပြည့်ဝနေရေးအတွက် ပွဲမဝင်ခင်အပြင်က ကျင်းပဆိုသည့် အတိုင်း ကြိုတင်လေ့ကျင့်ကြိုးပမ်း အားထုတ်ကြရမည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာန၏ ဝန်ထမ်း အသင်းများဖြစ်သည်နှင့်အညီ တစ်သင်းနှင့်တစ်သင်း ရင်းနှီးချစ်ကြည်စွာ အပြန်အလှန် လေးစား ယုံကြည်မှု၊ လုပ်ဖော်ကိုင်ဖက်စိတ်ဓာတ်ဖြင့် ပျော်ရွှင်စွာယှဉ်ပြိုင်ကစားမှု၊ ယှဉ်ပြိုင်ခြင်းသည်သာ အဓိကဖြစ်၍ အားကစားစိတ်ဓာတ်အပြည့်ဖြင့် အနိုင်မခံ၊ အရှုံးမပေး ပြိုင်ပွဲဝင်မှုတို့ဖြင့် စည်းကမ်း တကျယှဉ်ပြိုင် ကြိုးစားကြရမည်ဖြစ်ပါကြောင်း၊ ယခုအချိန်တွင် နိုင်ငံတော်က မြန်မာ့အားကစား ကဏ္ဍ တိုးတက်မြင့်မားရေးအတွက် အဖက်ဖက်က ကြိုးပမ်းဆောင်ရွက်နေချိန်တွင် ဝန်ကြီးဌာန အနေဖြင့် ယခုပြိုင်ပွဲကတစ်ဆင့် ဝန်ကြီးဌာနဂုဏ်ဆောင် ဘော်လီဘောအားကစားသမားများ ပေါ်ထွန်းလာပြီး နိုင်ငံတော်အဆင့်ကျင်းပမည့် အမျိုးသား အားကစားပွဲတော်ကြီး၌ ဝန်ကြီးဌာန ကိုယ်စားပြု ဘော်လီဘောအသင်းအဖြစ် ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် ရည်မှန်းချက်ထားကာ အားကစားစိတ်ဓာတ်အပြည့်ဖြင့် ကြိုးစားယှဉ်ပြိုင်ကြရန် တိုက်တွန်းပါကြောင်းဖြင့် ပြောကြား ပြီး ပြိုင်ပွဲကို ဖွင့်လှစ်ပေးလိုက်သည်။
ထို့နောက် ပြိုင်ပွဲဝင် အားကစားသမားများက အားကစားသစ္စာအဓိဋ္ဌာန် (၄) ချက်ကို ရွတ်ဆိုကြပြီးနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် အသင်းလိုက်ပြိုင်ပွဲဝင် အားကစားသမားများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တက်ရောက်လာကြသူများသည် ဖွင့်ပွဲပွဲစဉ်အဖြစ် ဝန်ကြီးရုံးနှင့် e-ID ကိုယ်စားပြုအသင်းနှင့် မန္တလေးတိုင်းကိုယ်စားပြုအသင်းတို့ ယှဉ်ပြိုင်ကစားမှု ကို ကြည့်ရှုအားပေးကြကြောင်းနှင့် အဆိုပါ ဘော်လီဘောပြိုင်ပွဲကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဝန်ကြီးရုံး၊ ဦးစီးဌာနများနှင့် တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံး များမှ ပြိုင်ပွဲဝင်အသင်း (၈) သင်းအား အုပ်စု (၂) ခုခွဲကာ စက်တင်ဘာလ (၉) ရက်မှ (၁၄) ရက်အထိ အုပ်စုပတ်လည်ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။ (-)
Sorry, the comment form is closed at this time.