ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဧရာဝတီတိုင်းဒေသကြီး ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ် အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းဆိုင်ရာ တွေ့ဆုံပွဲသို့ တက်ရောက် ရှင်းလင်း၊ ပုသိမ်ခရိုင်၊ သန်းခေါင်စာရင်းဆိုင်ရာ ခရိုင်အဆင့်နည်းပြသင်တန်းဆွေးနွေးပို့ချနေမှု ကြည့်ရှုအားပေး။
နေပြည်တော်၊ စက်တင်ဘာ ၁၂။
၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်း ဆိုင်ရာတွေ့ဆုံပွဲကို စက်တင်ဘာလ (၁၂) ရက်၊ ယနေ့မွန်းလွဲ(၁)နာရီက ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ကျင်းပရာ အခမ်းအနားသို့ ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဧရာဝတီ တိုင်းဒေသကြီး သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးသန်းခေါင် စာရင်းကြီးကြပ်မှုကော်မတီ အဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စု သန်းခေါင် စာရင်းကော်မတီဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။
အစီအစဉ်အရ ရှေးဦးစွာ ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က အမှာစကားပြောကြားရာ၌ မိမိတို့နိုင်ငံတွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ် အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို လာမည့် အောက်တိုဘာလ (၁) ရက်မှ (၁၅) ရက်အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကောက်ယူဆောင်ရွက်သွားမည်ဖြစ်ရာ ရက်အားဖြင့် (၁၈) ရက်သာလိုတော့ပါကြောင်း၊ ယင်းလုပ်ငန်းစဉ်၏ သန်းခေါင်စာရင်း ရည်ညွှန်းချိန်အဖြစ် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်၊ ညသန်းခေါင်ယံအချိန် ကိုသတ်မှတ် ထားပြီး သန်းခေါင်စာရင်းရည်ညွှန်းချိန်တွင် မြန်မာနိုင်ငံအတွင်းရှိနေသူအားလုံးကို ကောက်ယူ သွားမည်ဖြစ်ပါကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင် ၂၀၂၄ ခုနှစ်၌ရှိမည့် ခန့်မှန်းလူဦးရေ (၅၆) သန်းကျော်နှင့် ခန့်မှန်းအိမ်ထောင်စု(၁၃)သန်းခန့်ကို အခြေခံတွက်ချက် ကောက်ယူမည်ဖြစ်ပါ ကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စာရင်းကောက်ကွက်ပေါင်း (၁)သိန်း (၁)သောင်းခန့် ရှိမည်ဖြစ်ရာ သန်းခေါင်စာရင်းကောက်ယူရာတွင် စာရင်းစစ်၊ စာရင်းကောက် (၄)သောင်း (၂)ထောင်ခန့်ဖြင့် ကောက်ယူဆောင်ရွက်ရန် လျာထားပါကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင် လည်း နယ်မြေဒေသတစ်ချို့၌ လုံခြုံရေးအခြေအနေနှင့် လမ်းပန်းဆက်သွယ်မှုအခက်အခဲများ ကြောင့် ရက်ထပ်မံတိုးမြှင့် ကောက်ယူရန်လိုအပ်ပါက ကြိုတင်စီစဉ်ဆောင်ရွက် ထားကြရန်လို ကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးအနေဖြင့် ကောက်ကွက်ပေါင်း (၁၄၀၀၀) ကျော်ဖြင့် ဖွဲ့စည်း၍ စာရင်းစစ်၊စာရင်းကောက် (၅၄၀၀) ကျော် ဖြင့်ကောက်ယူရန်လျာထားပါကြောင်း၊ ပြည်လုံးကျွတ်သန်းခေါင်စာရင်းကို အိမ်ထောင်စုမေးခွန်းပုံစံအတွက် မေးခွန်း(၆၈)ခု၊ အဖွဲ့အစည်းမေးခွန်းပုံစံ အတွက်မေးခွန်း(၁၈)ခုဖြင့် တစ်အိမ်တက်ဆင်းကောက်ယူမည်ဖြစ်ရာ ပြည်သူများအနေဖြင့် မေးခွန်းများကို မှန်မှန်ကန်ကန်ဖြေကြားခြင်းဖြင့် ပူးပေါင်းကူညီဆောင်ရွက်နိုင်ရေးအတွက် ကြိုတင်အသိပေးရှင်းလင်းချပြထားရန် လိုအပ်ပါကြောင်း၊ သန်းခေါင်စာရင်းဆိုင်ရာ နည်းပြ သင်တန်းများအနေဖြင့် ယခုအခါ ခရိုင်အဆင့်နည်းပြသင်တန်းများဖွင့်လှစ်လျက်ရှိပြီး ခရိုင်အဆင့် နည်းပြသင်တန်းပြီးဆုံးပါက ကွင်းဆင်းစာရင်းကောက်ယူမည့် မြို့နယ်စာရင်းစစ်၊ စာရင်းကောက် သင်တန်းများကို ဆက်လက်ဖွင့်လှစ် ဆောင်ရွက်သွာမည်ဖြစ်ပါကြောင်း၊ သန်းခေါင်စာရင်း ကောက်ယူခြင်းနှင့်စပ်လျဉ်း၍ ၂၀၁၃ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ဥပဒေကို သိရှိနားလည်ထားကြရန်လည်း လိုအပ်ပါကြောင်း၊ သန်းခေါင်စာရင်းမှရရှိသော ကိန်းဂဏန်းအချက်အလက်များသည် နိုင်ငံတော်၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်မည့် စီမံကိန်းများရေးဆွဲချမှတ်ရာတွင် အသုံးပြုဆောင်ရွက်သွားမည်ဖြစ်သည့် အတွက် အချက်အလက်မှန်ကန်ရေးသည် အဓိကကျပါကြောင်း၊ ထို့ပြင် အထွေထွေရွေးကောက်ပွဲ အတွက် မဲစာရင်းပြုစုရာတွင်လည်း မြေပြင်ကွင်းဆင်းကောက်ယူရရှိသည့် စာရင်းအချက်အလက် များနှင့် တိုက်ဆိုင်၍ နှိုင်းယှဉ်သုံးသပ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းသည် ပြည်သူအားလုံး ပူးပေါင်းပါဝင်မှသာ အောင်မြင်နိုင်မည့် အမျိုးသားရေးလုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည်နှင့်အညီ အားလုံးကတက်ညီလက်ညီ ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်းဖြင့် အကျယ်တဝင့်ရှင်းလင်းပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက ဧရာဝတီတိုင်းဒေသကြီးအတွင်း ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း အောင်မြင်စွာကောက်ယူရေး အတွက် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများဆောင်ရွက်နေမှုနှင့် ကွင်းဆင်းကောက်ယူဆောင်ရွက် မည့်လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်သူ့အင်အားဦးစီး ဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာခိုင်ခိုင်စိုးက ၂၀၁၄ ခုနှစ်၊ သန်းခေါင်စာရင်းနှင့် ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းတို့မှရရှိသည့် သန်းခေါင်စာရင်းအချက်အလက်များအပေါ် အခြေခံ၍ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ထိရောက်စွာအသုံးပြု ဆောင်ရွက်နိုင် ရေးအခြေအနေများကို ရှင်းလင်းဆွေးနွေးတင်ပြပြီး သန်းခေါင်စာရင်း ကောက်ယူခြင်းနှင့် ပတ်သက်၍ ရုပ်မြင်သံကြား Channel များတွင် ထုတ်လွှင့်ပြသလျက်ရှိသည့် ပြည်သူလူထုအသိ ပညာပေး TV Spot များကိုပြသသည်။
ထို့နောက် ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က သန်းခေါင်စာရင်း ကောက်ယူခြင်းဆိုင်ရာ အထောက်အကူပြုပစ္စည်းများကို လွှဲပြောင်းပေးအပ်ရာ ဧရာဝတီတိုင်းဒေသကြီး သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးကျော်စိုးက လက်ခံရယူပြီး အခမ်းအနားကို ရုတ်သိမ်းလိုက်ပြီးနောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ် တို့သည် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူရာတွင် အသုံးပြုမည့်ပစ္စည်းများ ခင်းကျင်း ပြသထားမှုကို ကြည့်ရှုအားပေးကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် ပုသိမ်မြို့၊ မြို့တော်ခန်းမရှေ့၌ လည်းကောင်း၊ မင်းကြီးလမ်း၊ မဟာစေတီလမ်းနှင့် ကုန်သည်လမ်းဆုံရာ မြန်မာ့စီးပွားရေးဘဏ် ရှေ့၌လည်းကောင်း စိုက်ထူထားသည့် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင် စာရင်းကောက်ယူရေးဆိုင်ရာ ပြည်သူလူထု အသိပညာပေး Bill Board များစိုက်ထူထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးကြသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် ပုသိမ်မြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ ရတနာတန်ဆောင်ခန်းမ၌ ဖွင့်လှစ်လျက်ရှိသည့် ပုသိမ်ခရိုင် သန်းခေါင်စာရင်းဆိုင်ရာ ခရိုင်အဆင့်နည်းပြသင်တန်းသို့သွားရောက်၍ ပြည်ထောင်စု ဝန်ကြီးက သင်တန်းသားများအားသင်တန်းမှ ဆွေးနွေးပို့ချချက်များကို စနစ်တကျ အလေး ဂရုပြုမှတ်သားကာ မကြာမီဖွင့်လှစ်မည့် မြို့နယ်စာရင်းစစ်၊ စာရင်းကောက်သင်တန်းများတွင် ထိထိရောက်ရောက် ပြန်လည်ရှင်းလင်းပို့ချနိုင်ရေး၊ သန်းခေါင်စာရင်းဥပဒေကိုသိရှိနားလည်ပြီး ဥပဒေနှင့်အညီ စနစ်တကျဆောင်ရွက်ကြရေး၊ မေးခွန်းများမေးမြန်းရာတွင် ပြည်သူများရိုးရှင်း လွယ်ကူစွာ ပြန်လည်ဖြေကြားနိုင်ရေးအတွက် ဂရုပြုမေးမြန်းဆောင်ရွက်ကြရေး၊ ပြည်သူများ အပေါ် ကြည်သာရွှင်ပြစွာနှုတ်ဆက်၍ ယဉ်ယဉ်ကျေးကျေးဆက်ဆံမေးမြန်းကောက်ယူကြရေး၊ နည်းပြသင်တန်းမှ ဆွေးနွေးပို့ချချက်များနှင့် မိမိတို့၏အတွေ့အကြုံ ဗဟုသုတများ ပေါင်းစပ်ကာ စာရင်းစစ်၊ စာရင်းကောက်များအပေါ် ဆင့်ပွားပို့ချဆွေးနွေးနိုင်ရေးနှင့် ကြုံတွေ့လာသည့် အခက်အခဲများအပေါ် အထက်အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်ကြရေးအခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းမှာကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က သန်းခေါင်စာရင်းအောင်မြင်စွာ ကောက်ယူနိုင်ရေးနှင့် စပ်လျဉ်း၍ ဖြည့်စွက်ရှင်းလင်း ပြောကြားသည်။
ယင်းနောက် သင်တန်းနည်းပြများက သင်တန်းသားများအား သန်းခေါင်စာရင်း ကောက်ယူ ခြင်းဆိုင်ရာမေးခွန်းများနှင့် ပတ်သက်သည့် သင်ခန်းစာများကို ဆွေးနွေးပို့ချကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က လှည့်လည်ကြည့်ရှုအားပေးကြပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။ (-)
Sorry, the comment form is closed at this time.