ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဝန်ကြီးဌာန၏ရှေ့လုပ်ငန်းစဉ်များဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်း အဝေးသို့တက်ရောက်၊ နိုင်ငံတော်၏အနာဂတ်အတွက် မဖြစ်မနေ အောင်မြင်အောင်ကြိုးပမ်း ဆောင်ရွက်ရမည့် လုပ်ငန်းများဖြစ်၍ ကျေပွန်စွာထမ်းဆောင်နိုင်ရေးတိုက်တွန်းမှာကြား။
နေပြည်တော်၊ ဇန်နဝါရီ ၁၁။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ရည်မှန်းချက်တာဝန်များ အကောင် အထည်ဖော်ဆောင်ရွက်မှုနှင့်ပတ်သက်၍ ရှေ့လုပ်ငန်းစဉ်များဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို ဇန်နဝါရီလ(၁၀)ရက်နှင့် (၁၁) ရက်တို့တွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ကျင်းပရာ အခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမြင့်ကြိုင်၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးဌေးလှိုင်နှင့် ဒေါက်တာမျိုးသန့်၊ အမြဲတမ်း အတွင်းဝန် ဦးဝင်းဇော်အောင်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် များနှင့် ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူး များနှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစီအစဉ်အရ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က အမှာစကားပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်တွင်ပါဝင်သော ဝန်ကြီးဌာနမှ ဆောင်ရွက်နေသည့် လုပ်ငန်းများ၊ ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေး ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ယင်းလုပ်ဆောင်ချက်များ၏ အားနည်းချက်၊ အားသာချက်များကို သုံးသပ်ညှိနှိုင်း၍ ရှေ့လုပ်ငန်းစဉ်များအောင်မြင်စွာဆောင်ရွက်နိုင်ရေး ကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် နိုင်ငံသားတစ်ဦးအတွက် နိုင်ငံသားဖြစ်မှု ဆိုင်ရာ အထောက်အထားတစ်ခုခု စိစစ်ထုတ်ပေးခြင်းနှင့် မဲပေးပိုင်ခွင့်ရှိသူနိုင်ငံသားများ နိုင်ငံသား ဖြစ်မှုဆိုင်ရာ ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေးအတွက် လက်ရှိနိုင်ငံတော် အစိုးရတာဝန်ယူချိန်မှစ၍ ပန်းခင်းစီမံချက်များဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားစိစစ်ထုတ်ပေးဆောင်ရွက်လျက်ရှိရာ ယခုအခါ ပန်းခင်းစီမံချက် အဆင့်(၃) အပါအဝင် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူကတ်ပြား စုစုပေါင်း (၉၁၂၈၈၇၂) ကတ်ထုတ်ပေးပြီး ဖြစ်ပါကြောင်း၊ ယခုထပ်မံ၍ ပန်းခင်းစီမံချက်အဆင့် (၃)ကာလအား (၃၁-၁၀-၂၀၂၅)ရက်အထိ တိုးမြှင့်၍ စုစုပေါင်းလူဦးရေ(၄)သိန်းကျော်ကို ဆောင်ရွက်ပေးရန် လျာထားသတ်မှတ်ဆောင်ရွက် လျက်ရှိပါကြောင်း၊ ထို့ပြင် နေပြည်တော်၊ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးကြီးကြပ်မှုကော်မတီများက (၃၁-၁၂-၂၀၂၅) ရက်တွင်ရှိမည့် အသက်(၁၈)နှစ်နှင့်အထက် လူဦးရေစာရင်းများကို အဆင့်ဆင့် စိစစ်အတည်ပြုပေးပို့လျက်ရှိရာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဗဟိုမဲဆန္ဒရှင်စာရင်းစီမံခန့်ခွဲမှုစနစ် (CVLMS) သို့ထည့်သွင်း၍ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အပြန်အလှန်စိစစ်မှု (Cross Check) ပြုလုပ်ခဲ့ရာ အချက်အလက်ကွဲလွဲမှု၊ မပြည့်စုံမှု၊ အချက်အလက်ထပ်မှုနှင့်မပါရှိမှု စသည့်ကွဲလွဲမှုများ မဖြစ်ပေါ်စေရေးအတွက် ကြီးကြပ်မှု ကော်မတီအဆင့်ဆင့်က စနစ်တကျစိစစ်အတည်ပြု၍ သတ်မှတ်ရက်အရောက် ပြုစုပေးကြရမည် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသားများနှင့် အကြောင်းအမျိုးမျိုးဖြင့် မြန်မာနိုင်ငံကိုလာရောက်ကြသည့် နိုင်ငံခြားသားများအတွက် ပြည်ဝင်ဗီဇာကိစ္စရပ်များ၊ နိုင်ငံအတွင်း တရားဝင် ဝင်ထွက်သွားလာ နိုင်ရေးနှင့် တရားမဝင် ဝင်ထွက်မှုမရှိစေရေး အလေးထားဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံခြားသားထိန်းသိမ်းရေး လုပ်ငန်းများကိုလည်း လုပ်ထုံးလုပ်နည်းများ နှင့်အညီ စနစ်တကျဆောင်ရွက်ကြရန်နှင့် တာဝန်ရှိသူအဆင့်ဆင့်က အမြဲမပြတ်ကြပ်မတ်ဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်း၊ ထို့ပြင် ၂၀၂၄ ခုနှစ် လူဦးရေ နှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်မှ ၁၅ ရက်အထိ နိုင်ငံတစ်ဝန်းစာရင်းကောက်ယူခဲ့ပြီး လုံခြုံရေး နှင့် လမ်းပန်းဆက်သွယ်ရေးအခြေအနေများကြောင့် ဒေသအချို့တွင် ရက်တိုးမြှင့်ကောက်ယူခဲ့ရာ ယခုအခါ သန်းခေါင်စာရင်း ရှေ့ပြေးလူဦးရေစာရင်းကိုလည်း ဒီဇင်ဘာလ (၃၁) ရက်က တရားဝင် ထုတ်ပြန်ခဲ့ပြီးဖြစ်ပါကြောင်း၊ ပင်မသန်းခေါင်စာရင်း အစီရင်ခံစာနှင့် နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်အစီရင်ခံစာများကိုလည်း ၂၀၂၅ ခုနှစ် အတွင်း ဆက်လက်ထုတ်ပြန်သွားနိုင်ရေး ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ e-ID စနစ်ဖြင့် နိုင်ငံအတွင်းနေထိုင်သူ အသက် (၁၀)နှစ်နှင့် အထက်ရှိသူများ၏ Biographic Data နှင့် Biometric Data များ ကောက်ယူ၍ Database တွင် သိမ်းဆည်းပြီး ဂဏန်း(၁၀)လုံးပါ Unique ID နံပါတ်တစ်ခုစီထုတ်ပေးလျက်ရှိပါကြောင်း၊ နိုင်ငံသား များအနေဖြင့် UID လျှောက်ထားရယူပြီးမှသာ နိုင်ငံကူးလက်မှတ်လျှောက်ထားခြင်း၊ အပြည်ပြည် ဆိုင်ရာ လေဆိပ်/ ရေဆိပ်၊ နယ်စပ်ဝင်/ထွက်ဂိတ်များမှ ဖြတ်သန်းသွားလာခြင်း ဆောင်ရွက်နိုင်သည့် အတွက် မသိနားမလည်သောပြည်သူများအပေါ် နိုင်ငံသားစိစစ်ရေးကတ်ပြား (အတု)၊ အိမ်ထောင်စု လူဦးရေစာရင်း (အတု)ဖြင့် နိုင်ငံကူးလက်မှတ်လျှောက်ထားခြင်း၊ UID (အတု) လျှောက်ထားခြင်း များကို ဆောင်ရွက်နေသူများရှိသည့်အတွက် ဝန်ကြီးဌာနအနေဖြင့် စောင့်ကြည့်ဖော်ထုတ်ခဲ့ရာ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ မကွေး၊ ဧရာဝတီ၊ ကရင်၊ ရှမ်း စသည့် တိုင်းဒေသကြီး/ ပြည်နယ်များမှ စုစုပေါင်း(၅၇)ဦးကို ဥပဒေနှင့် အညီဖော်ထုတ်အရေးယူဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ယင်းကဲ့သို့ ဖြစ်စဉ်များ ထပ်မံမဖြစ်ပွားစေရေးအတွက် တာဝန်ရှိသူအဆင့်ဆင့်က အောက်ခြေအဆင့်ထိ အလေးထား ကြပ်မတ်ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ကာယကံရှင် တစ်ဦးချင်းစီ၏ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းတို့တွင်ပါရှိသည့် အချက်အလက်များကို ရုံးလက်ခံမှတ်တမ်းများနှင့် တိုက်ဆိုင်စစ်ဆေးနိုင်သည့် Online Web Application ကို (၂-၁-၂၀၂၅) ရက်နေ့မှ စတင် အကောင်အထည်ဖော် စိစစ်ဆောင်ရွက်ပေးလျက်ရှိရာ ယင်း Online Web Application ကို ပြည်သူများ ပိုမိုအသုံးပြုနိုင်ရန်အတွက် ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးဆောင်ရွက်ရန်လည်း လိုအပ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနကဆောင်ရွက်နေသည့် ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်း၊ တိကျမှန်ကန်သည့် မဲစာရင်းပြုစုနိုင်ရေးဆောင်ရွက်ခြင်း၊ ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူခြင်း၊ e-IDစနစ်ဖြင့် မဲစာရင်းတိကျမှန်ကန်ရေးနှင့် ပြည်သူကိုထိရောက်သော ဝန်ဆောင်မှုပေးနိုင်ရေးဆောင်ရွက်ခြင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံခြားသားထိန်းသိမ်းရေးလုပ်ငန်းများကို စနစ်တကျကြီးကြပ် ဆောင်ရွက် ခြင်းစသည့်လုပ်ငန်းများကို လက်ရှိအခြေအနေတွင် ရာနှုန်းပြည့်နီးပါး အောင်မြင်အောင် ဆောင်ရွက် နိုင်သည်ကို တွေ့ရှိရပါကြောင်း၊ ယင်းလုပ်ငန်းစဉ်များသည် နိုင်ငံတော်၏အနာဂတ်အတွက် မဖြစ်မနေ ရာနှုန်းပြည့်အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ရမည့် လုပ်ငန်းများဖြစ်သည့်အတွက် နိုင်ငံတော်၏ အနာဂတ်အတွက် ကန့်သတ်ချက်များ၊ အခက်အခဲများကြားမှ ဆက်လက်ကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ လက်ရှိအခြေအနေတွင် ဝန်ထမ်းများအားလုံး လုံခြုံရေးအသိ၊ လုံခြုံရေး သတိရှိစေရေးနှင့်ဝန်ထမ်းများ၏ သက်သာချောင်ချိရေးကိစ္စရပ်များကို တတ်နိုင်သမျှ ဖြည့်ဆည်းပေးနိုင်ရေးအတွက် တာဝန်ရှိသူအဆင့်ဆင့်က အလေးထားဆောင်ရွက်ပေးကြရမည် ဖြစ်ပါကြောင်း၊ ယခု အစည်းအဝေးတွင် တိုင်းဒေသကြီး/ပြည်နယ်အလိုက် လုပ်ငန်းစဉ်တစ်ခုချင်း အပေါ်ဆောင်ရွက်နေမှုအခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်များနှင့် တွေ့ကြုံနိုင်သည့် အခက်အခဲများအပေါ် ဖြည့်ဆည်းပေးရန် လိုအပ်ချက်များကို ပွင့်ပွင့်လင်းလင်း ရှင်းလင်းဆွေးနွေးတင်ပြကြရန်နှင့်လုပ်ငန်းများအောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်ချက် များကို အချိန်မီဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းဖြင့် အကျယ်တဝင့် ရှင်းလင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး/ပြည်နယ် ဦးစီးမှူးများက တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ပန်းခင်းစီမံချက် အဆင့်(၃) နှင့် e-ID စနစ်လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက် ဆောင်ရွက်မည့်အစီအစဉ်များ၊ မဲစာရင်းမှန်ကန်ရေးအတွက် လူဦးရေအတည်ပြုစာရင်း မူကြမ်း ပေးပို့မှုနှင့် ကွဲလွဲချက်များအပေါ် စိစစ်ပြင်ဆင်နေမှု၊ သန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းစဉ် တွင် ဆက်လက်ဆောင်ရွက်ရန်ကျန်ရှိသည့် လုပ်ငန်းအခြေအနေများ၊ လုပ်ငန်းစဉ်တစ်ခုချင်းအပေါ် ဌာနမှဆောင်ရွက်ပေးရမည့်အခြေအနေများ၊ လုပ်ငန်းလိုအပ်ချက်များကို အသီးသီး ရှင်းလင်းတင်ပြ ကြသည်။
ယင်းနောက် အမြဲတမ်းအတွင်းဝန်နှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များက လုပ်ငန်း ကဏ္ဍအလိုက် ဆောင်ရွက်နေမှုများအပေါ် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်ပေးရမည့်အခြေအနေများ၊ လုပ်ငန်းလိုအပ်ချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက် ပေးမည့်အစီအစဉ်များကို ရှင်းလင်းတင်ပြဆွေးနွေးကြပြီး ဒုတိယဝန်ကြီး ဦးဌေးလှိုင်နှင့် ဒေါက်တာ မျိုးသန့်တို့က လိုအပ်ချက်များကို ဖြည့်စွက်ဆွေးနွေးတင်ပြကြသည်။
ထို့နောက် ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးပြီး လုပ်ငန်းစဉ်များအလိုက် သတ်မှတ်ကာလအတွင်း ပြီးစီး အောင်မြင်ရေးတို့အတွက် ဝန်ထမ်းအားလုံးစည်းလုံးညီညွတ်စွာဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရေး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုတ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။ (-)
Sorry, the comment form is closed at this time.