ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ် မြေပြင် ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဝင်များအားတွေ့ဆုံ၍ မဲစာရင်းမှန်ကန်စေရေး နှင့် ပန်းခင်းစီမံချက်အောင်မြင်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်တိုက်တွန်း၊ မင်္ဂလာဒုံမြို့နယ် အတွင်း ပန်းခင်းစီမံချက်အဆင့် (၃) ကွင်းဆင်းဆောင်ရွက်မှုကြည့်ရှုအားပေး။
နေပြည်တော်၊ ဇန်နဝါရီ ၂၄။
မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ရန်ကုန်တိုင်းဒေသကြီး မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အတူ ဇန်နဝါရီလ ၂၄ ရက်၊ နံနက်(၉)နာရီခွဲက ရန်ကုန်မြို့ရှိ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ၌ကျင်းပသည့် တိုင်းဒေသကြီးအစိုးရအဖွဲ့ အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှု ကော်မတီဝင်များနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးသို့တက်ရောက်သည်။
အစီအစဉ်အရ ရှေးဦးစွာ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က အမှာစကားပြောကြားရာတွင် လွတ်လပ်ပြီး တရားမျှတ သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းပြုစုရာတွင် အခြေခံအသုံးပြုမည့် တိကျမှန်ကန်သည့် လူဦးရေစာရင်းရရှိနိုင်ရေးအတွက် မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူခြင်းလုပ်ငန်းကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလအတွင်းက ဆောင်ရွက်ခဲ့ပြီးဖြစ်ရာ ရန်ကုန်တိုင်းဒေသကြီးအနေဖြင့် ရာနှုန်းပြည့်ကောက်ယူနိုင်ခဲ့ပါကြောင်း၊ ယင်းစာရင်းများကို လဝကမြို့နယ်ရုံးများရှိ ရုံးလက်ခံမှတ်တမ်းများဖြင့် တိုက်ဆိုင်စိစစ်ပြင်ဆင် အတည်ပြုခြင်းလုပ်ငန်းများကို အဆင့်ဆင့်ဆောင်ရွက်ခဲ့ကြပြီး အသက်(၁၈) နှစ်နှင့်အထက် လူဦးရေစာရင်းကို တိုင်း၊ ခရိုင်၊ မြို့နယ် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကော်မတီ အဆင့်ဆင့်က စိစစ်အတည်ပြုကာ ဗဟိုကော်မတီသို့ ပေးပို့ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်း အတည်ပြုစာရင်းများအား ဗဟိုကော်မတီမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသို့ တင်ပြခွင့်ပြု ချက်ဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ မဲစာရင်းပြုစုနိုင်ရေး ပေးပို့ဆောင်ရွက်လျက် ရှိပါကြောင်း၊ ယခုအခါ ပြည်လုံးကျွတ် လူဦးရေနှင့်အိမ် အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူပြီး၍ ရှေ့ပြေးလူဦးရေစာရင်းများကိုလည်း ထုတ်ပြန်ခဲ့ပြီးဖြစ်သည့်အတွက် မြေပြင် ကွင်းဆင်းကောက်ယူခဲ့သည့် လူဦးရေစာရင်းများနှင့် သန်းခေါင်စာရင်းမှရရှိသည့် လူဦးရေစာရင်း အချက်အလက်များကို နှိုင်းယှဉ်သုံးသပ်ကာ ပြည့်စုံမှန်ကန်သည့်မဲစာရင်းကို ပြုစုဆောင်ရွက်ကြ ရမည်ဖြစ်ပါကြောင်း၊ မဲစာရင်းပြုစုရာတွင် မဲပေးပိုင်ခွင့်ရှိသူတိုင်း မဲစာရင်းတွင်ပါရှိပြီး မဲပေးပိုင်ခွင့် မရှိသူများ မဲစာရင်းတွင် မပါရှိမှသာ ပြည့်စုံမှန်ကန်သည့် မဲစာရင်းဖြစ်မည်ဖြစ်ပါ ကြောင်း၊ ထို့ကြောင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ အတည်ပြုလူဦးရေစာရင်းများ ပေးပို့ရာတွင် အချက် အလက်ကွဲလွဲမှုနှင့် မပြည့်စုံ၊ မချက်အလက်ထပ်နေမှုနှင့် မပါရှိမှုများမဖြစ်စေရေး အတွက် မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး၊ ပြည်နယ် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဝင် များက စနစ်တကျစိစစ်အတည်ပြု၍ သတ်မှတ်ရက်အရောက် ပေးပို့ကြရန်လိုအပ်ပါကြောင်း၊ ထို့ပြင် မဲပေးပိုင်ခွင့်ရှိသူနိုင်ငံသားတိုင်း ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေးအတွက် လည်း မိမိတို့ဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်များဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားကတ် ပြားထုတ်ပေးခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ရာ ယခုပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၃၁) ရက်အထိ ဆောင်ရွက်ပေးရန် ရန်ကုန်တိုင်းဒေသကြီး အနေဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြား စုစုပေါင်း (၅) သောင်း (၈) ထောင်ကျော် ထုတ်ပေးရန် လျာထားဆောင်ရွက် လျက်ရှိပါကြောင်း၊ ပန်းခင်းစီမံချက် အဆင့်(၃)လျာထားချက် ပြီးစီးအောင်မြင် ရေးအတွက်လည်း ကြီးကြပ်မှုကော်မတီအဆင့်ဆင့်က အလေးထားကြပ်မတ်ဆောင်ရွက်ပေးကြရမည်ဖြစ်ပါကြောင်း၊ ယခုအခါ ဒေသအချို့၌ဖြစ်ပွားခဲ့သည့် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာ ရွှေ့ပြောင်းသွားလာနေထိုင်မှုများ ရှိနေကြပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း၌လည်း အခြားဒေသ အချို့မှ ယာယီရွေ့ပြောင်းနေထိုင်မှုများရှိနေသည့်အတွက် ယင်းတို့၏စာရင်း အချက် အလက်များ တိကျမှန်ကန်စွာရရှိရေးဆောင်ရွက်ရန် လိုအပ်သကဲ့သို့ ရွှေ့ပြောင်းနေထိုင်သူများနှင့် ပတ်သက်၍ ဥပဒေနှင့်ကိုက်ညီသူများ မဲစာရင်းတွင်ပါဝင်စေရေး၊ မဲစာရင်းတစ်နေရာထက်ပိုမိုပါဝင်မှုမရှိစေရေး တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် အပြန်အလှန် ဆက်စပ်ချိတ်ဆက်ညှိနှိုင်း ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ သို့မှသာ ပြည့်စုံမှန်ကန်သည့် မဲဆန္ဒရှင်စာရင်းရရှိနိုင်မည်ဖြစ်ပြီး မဲပေးပိုင်ခွင့် ရှိသူတိုင်း နိုင်ငံသားကတ်ပြားကိုင်ဆောင်မဲပေးနိုင်ကြမည်ဖြစ်သည့်အတွက် အားလုံးက တက်ညီ လက်ညီ ဝိုင်းဝန်းပူးပေါင်း ကြိုးပမ်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပါကြောင်းဖြင့် အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက ရန်ကုန်တိုင်းဒေသကြီးအတွင်း မြေပြင် ကွင်းဆင်းစာရင်းကောက်ယူရရှိသည့် လူဦးရေအချက်အလက်များ ကွဲလွဲမှုမရှိစေရေး၊ ပြည့်စုံမှန်ကန် ရေးအတွက် စိစစ်ပြင်ဆင်ဆောင်ရွက်နေမှု၊ ပန်းခင်းစီမံချက်အဆင့်(၃) လျာထားသတ်မှတ်ချက်အား အကောင်အထည်ဖော်ဆောင်ရွက်မည့်အစီအစဉ်၊ ယာယီရွှေ့ပြောင်းနေထိုင်လာသူများအား စာရင်း ကောက်ယူ၍ စာရင်းပြုစုတင်ပြဆောင်ရွက်မည့် အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြ သည်။
ယင်းနောက် တာဝန်ရှိသူများကလုပ်ငန်းများအောင်မြင်ရေးအတွက်ကဏ္ဍအလိုက် ဆောင်ရွက် နေမှုအခြေအနေများ၊ မဲစာရင်းမှန်ကန်ရေးနှင့် ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေး နိုင်ရေး ဆောင်ရွက်နေမှုများနှင့်လုပ်ငန်းဆိုင်ရာလိုအပ်ချက်များကို အသီးသီးရှင်းလင်းဆွေးနွေးတင်ပြ ကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးပြီး နောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကြသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် မင်္ဂလာဒုံ မြို့နယ် အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ မြတ်ရတနာခန်းမ၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မင်္ဂလာဒုံမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက အသက်ပြည့်မီသည့် ကျောင်းသား၊ ကျောင်းသူများအား ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြား စိစစ်ဆောင်ရွက်ပေးနေမှုအခြေအနေများကို လှည့်လည်ကြည့်ရှု အားပေးကြ သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် နိုင်ငံသားကတ်ပြား ရရှိပြီးသည့် ကျောင်းသားကျောင်းသူများအား e-ID စနစ်ဖြင့် ကိုယ်ရေးအချက်အလက် (Biographic) နှင့် ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူ၍ ဂဏန်း(၁၀)လုံးပါ Unique ID နံပါတ် ထုတ်ပေးဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးကာ ကျောင်းအုပ်ဆရာမကြီး ဒေါ်အောင်ကြော့ခင်နှင့် ဆရာ၊ ဆရာများအား လုပ်ငန်း လိုအပ်ချက်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး ရင်းရင်းနှီးနှီး နှုတ်ဆက် အားပေးသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် မင်္ဂလာဒုံမြို့နယ်၊ တောတိုက်ရပ်ကွက်ရှိ တောတိုက်ဓမ္မရိပ်သာ၌ ဝန်ထမ်းများက ဒေသခံပြည်သူများအား လုပ်ငန်းစဉ် အဆင့်အလိုက်(၅)ဦးကော်မတီဖြင့်စိစစ်၍ ဥပဒေနှင့်အညီ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြား စိစစ်ထုတ်ပေးဆောင်ရွက်နေမှုအခြေအနေများကိုလည်းကောင်း၊ နိုင်ငံသား ကတ်ပြား ရရှိပြီးသူများအား e-ID စနစ်ဖြင့် Biographic/Biometric ကောက်ယူကာ Unique ID နံပါတ်ထုတ်ပေးခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကိုလည်းကောင်း လှည့်လည်ကြည့်ရှု ကြပြီး ဒေသခံပြည်သူများအား လုပ်ငန်းဆိုင်ရာအခက်အခဲများကို မေးမြန်းဖြည့်ဆည်းဆောင်ရွက် ပေး၍ ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးခဲ့ကြောင်းနှင့် အဆိုပါဆောင်ရွက်မှုများတွင် မင်္ဂလာဒုံမြို့နယ် အမှတ် (၅) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၁၉၁) ဦးနှင့် တောတိုက်ရပ်ကွက်မှ ဒေသခံ ပြည်သူ (၁၀၅) ဦးတို့အား ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ထုတ်ပေးပြီးနောက် e-ID စနစ်ဖြင့် Unique ID နံပါတ်ထုတ်ပေးခြင်းကို One Stop Service ဖြင့် တစ်ပါတည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
Sorry, the comment form is closed at this time.