ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ငလျင်ဒဏ်ခံရသည့် နေပြည်တော်ရှိ ဝန်ကြီးဌာနမှဝန်ထမ်းများ ယာယီနေရာချထားမှုနှင့်
Container House များ တပ်ဆင်ဆောင်ရွက်နေမှု လှည့်လည်ကြည့်ရှု၍ ထောက်ပံ့ပစ္စည်းများပေးအပ်၊
မိုးရာသီကာလအတွင်း နေထိုင်စားသောက်မှု ဂရုပြုဆောင်ရွက်ကြရေးမှာကြား
နေပြည်တော်၊ မေ ၃၀။
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ဒုတိယဝန်ကြီး ဒေါက်တာမျိုးသန့်နှင့် တာဝန်ရှိသူများလိုက်ပါလျက် မေလ ၃၀ ရက်၊ ယနေ့မွန်းလွဲပိုင်း က နေပြည်တော် ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ်၊ မဟာဓမ္မပါရမီမိုးကုတ်ရိပ်သာသို့သွားရောက်၍ ကျောင်းထိုင် ဆရာတော်အားဖူးမြော်ကာ လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်၍ ငလျင်ဒဏ်ခံရသည့် ဌာနမှ ဝန်ထမ်းများ ယာယီနေထိုင်ခွင့်ပြုမှုအပေါ် သာသနာရေးဆိုင်ရာများ လျှောက်ထားပြီးနောက် ဝန်ထမ်းများအား ထောက်ပံ့ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများကို အသီးသီးထောက်ပံ့ ပေးအပ် ကာ ဝန်ထမ်းအချင်းချင်း ရိုင်းပင်းကူညီကာ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နေထိုင်ကြရေး မှာကြားပြီး အဆိုပါရိပ်သာ ဗိမ္မာန်တော်ကြီး၌ ငလျင်ဒဏ်ခံစားရသည့်ဌာနမှ ဝန်ထမ်းများ ယာယီ ရွှေ့ပြောင်းနေရာချထားမှုများ၊ယာယီတဲများ ပြင်ဆင်ဆောက်လုပ်ပြီးစီးမှုအခြေအနေများကိုလှည့်လည် ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဥတ္တရသီရိမြို့နယ် လက်လုပ်တောင်အနီးရှိ နှင်းသဇင်ဦးခြံတွင် ယာယီရွှေ့ပြောင်းရောက်ရှိနေသည့် ဝန်ထမ်းများအား သွားရောက်တွေ့ဆုံ အားပေး စကားပြောကြားပြီး စားသောက်ဖွယ်ရာ ထောက်ပံ့ပစ္စည်းများပေးအပ်ပြီးနောက် ဝန်ထမ်းများ လက်ရှိနေရာချထားမှုနှင့် Container House များ တပ်ဆင်ဆောင်ရွက်နေမှု၊ သောက်သုံးရေရရှိရေး ဆောင်ရွက်ထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုပြီး လုပ်ငန်းလိုအပ်ချက်များကို တာဝန်ရှိသူ များအား မှာကြားညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဇမ္ဗူသီရိမြို့နယ်ရှိ ရွှေညောင်တစ်ပင်ကျောင်းတိုက်သို့ သွားရောက်၍ ကျောင်းတိုက်ဆရာတော်များအား ဖူးမြော်ကြည်ညိုကာ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီးနောက် ကျောင်းတိုက်အသီးသီး၌ ယာယီရွှေပြောင်းရောက်ရှိနေကြသည့် ဌာနမှ ဝန်ထမ်းများအားတွေ့ဆုံ အားပေးစကားပြောကြားကာ စားသောက်ဖွယ်ရာပစ္စည်းများကို ထောက်ပံ့ ပေးအပ်၍ ကျောင်းတိုက်အတွင်း နေရာချထားမှု၊ Container House ချထားတပ်ဆင်နိုင်ရေး မြေနေရာသတ်မှတ်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများ အား လုပ်ငန်းလိုအပ်ချက်များညှိနှိုင်ဆောင်ရွက်ပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဒက္ခိဏသီရိမြို့နယ်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အားသင်တန်းကျောင်းသို့သွားရောက်၍ ငလျင်ဒဏ်ခံရသည့် ဌာနမှဝန်ထမ်းများအား တွေ့ဆုံကာ မိုးရာသီကာလအတွင်း နေထိုင်စားသောက်မှု ဂရုပြုဆောင်ရွက်ရေး၊ အချင်းချင်း အပြန်အလှန်ရိုင်းပင်းကူညီစောင့်ရှောက်ကြရေးမှာကြားပြီး စားသောက်ဖွယ်ရာများ၊ ခြင်ထောင်နှင့် ဓာတ်ဆားထုတ်များကို ထောက်ပံ့ပေးအပ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် သင်တန်းကျောင်းအတွင်းဝန်ထမ်းများ နေရာချထားမှု၊ ရေ၊ မီး၊ မိလ္လာ အဆင်ပြေစွာဆောင်ရွက်ထားရှိမှုနှင့် စားသောက်ခန်းမအခြေအနေတို့ကိုလည်းကောင်း၊ Container House များရောက်ရှိပါက ချထားတပ်ဆင်ဆောင်ရွက်မည့်မြေနေရာ ပြင်ဆင်ထားရှိမှု အခြေအနေကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများ၏ လိုက်လံရှင်းလင်း တင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြားညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသတင်းရရှိသည်။ (-)
Sorry, the comment form is closed at this time.