ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ သံအမတ်ကြီး H.E. Ms. Ma Jia နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ၊
မြန်မာ–တရုတ် နှစ်နိုင်ငံ လူဝင်မှုကြီးကြပ်ရေး ဆိုင်ရာလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေး အမြင်ချင်းဖလှယ်ဆွေးနွေး
နေပြည်တော်၊ ဇွန် ၉ ။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ သံအမတ်ကြီး H.E. Ms. Ma Jia နှင့် အဖွဲ့အား ဇွန်လ (၉) ရက်၊ ယနေ့မွန်းလွဲ (၂) နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့်အတူ ဒုတိယဝန်ကြီး ဒေါက်တာ မျိုးသန့်၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲထွန်းဦးနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး မြန်မာ-တရုတ် နှစ်နိုင်ငံအကြား နှစ်ပေါင်းရှည်ကြာစွာ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှုရှိခဲ့သည့်အခြေအနေ၊ နှစ်နိုင်ငံသံတမန်ဆက်ဆံရေး (၇၅) နှစ်ပြည့်မြောက်ခဲ့မှု နှင့် နှစ်နိုင်ငံပြည်သူများအကြား အေးအတူပူအမျှ အသိုက်အဝန်းတည်ထောင်ဆောင်ရွက်ခဲ့မှု၊ နိုင်ငံအတွင်းဖြစ်ပွားခဲ့သည့် အင်အားပြင်းမြေငလျင်ဒဏ်ခံရချိန်တွင် တရုတ်နိုင်ငံမှကယ်ဆယ်ရေး အဖွဲ့များနှင့် လူသားချင်းစာနာထောက်ထားမှုအကူအညီများ အမြန်ဆုံးရောက်ရှိ ဆောင်ရွက်ပေး မှုအပေါ် ကျေးဇူးတင်ရှိမှု၊ နှစ်နိုင်ငံပြည်သူများ တရားဝင်နယ်စပ်ဂိတ်များမှ ဝင်/ထွက်သွားလာမှု အပေါ် ညှိနှိုင်းဆောင်ရွက်ပေးရန်လိုအပ်မှု၊ မြန်မာနိုင်ငံသို့ ရင်းနှီးမြှုပ်နှံမှု လာရောက်ဆောင်ရွက် ကြသည့် တရုတ်နိုင်ငံသားများ၏ ပြည်ဝင်ဗီဇာနှင့် နေခွင့်ဆိုင်ရာလုပ်ငန်းများ အဆင်ပြေစေရေး အတွက် လိုအပ်သည်များ စီစဉ်ဆောင်ရွက်ပေးနိုင်ရေးအခြေအနေ၊ တရားမဝင် ဝင်ရောက်လာ သည့် တရုတ်နိုင်ငံသားများအား နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုအရ ပြန်လည် ပြည်နှင်လွှဲပြောင်းပေးမှု နှင့်နှစ်နိုင်ငံပြည်သူများ တရားဝင် ဝင်/ထွက်မှုရှိစေရေးအတွက် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စိစစ် ကြပ်မတ်ဆောင်ရွက်ပေးနိုင်ရေးအခြေအနေ၊ ဝန်ကြီးဌာနနှင့်တရုတ်နိုင်ငံပြည်သူ့လုံခြုံရေးဝန်ကြီး ဌာနတို့အကြား လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်နိုင်ရေးအခြေအနေများနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာအမြင်ချင်းဖလှယ် ဆွေးနွေး ခဲ့ကြကြောင်း သတင်းရရှိသည်။ (-)
Sorry, the comment form is closed at this time.