ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဝန်ကြီးဌာန၏ နှစ်(၃၀) ပြည့် ပုလဲရတု နှစ်ပတ်လည်နေ့ အခမ်းအနားတက်ရောက်၊
ဌာန၏ ကောင်းမြတ်သော အစဉ်အလာများကို လက်ဆင့်ကမ်း သယ်ဆောင်ရင်း နိုင်ငံနှင့်ပြည်သူကို
သစ္စာရှိရှိအလုပ်အကျွေးပြု ဝန်ဆောင်မှုပေးနိုင်ရေး ကြိုးပမ်း ထမ်းဆောင်ကြရန်တိုက်တွန်း။
နေပြည်တော်၊ ဇွန် ၁၅ ။
၂၀၂၅ ခုနှစ်၊ ဇွန်လ (၁၅) ရက်တွင်ကျရောက်သည့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၏ နှစ်(၃၀)ပြည့် ပုလဲရတု နှစ်ပတ်လည်နေ့အခမ်းအနားကို ဇွန်လ (၁၅) ရက်၊ ယနေ့ နံနက်(၉)နာရီက နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ အခမ်းအနား သို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့်ဇနီး၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးဌေးလှိုင်နှင့် ဒေါက်တာမျိုးသန့်၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဝန်ထမ်းများနှင့် မိသားစုဝင်များ တက်ရောက်ကြသည်။
အစီအစဉ်အရ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ဂုဏ်ပြုအမှာစကား ပြောကြားရာတွင် နိုင်ငံ၏သမိုင်းကြောင်း လိုအပ်ချက်အရ ဖြစ်တည်ခဲ့သည့် မိမိတို့ဝန်ကြီးဌာန သည် နိုင်ငံလွတ်လပ်ရေးမရခင်ကပင် နိုင်ငံ့သမိုင်းကြောင်းနှင့်ယှဉ်၍ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ၊ နိုင်ငံသားမှတ်ပုံတင်ရေးဆိုင်ရာနှင့် သန်းခေါင်စာရင်းဆိုင်ရာဌာနများကို အမျိုးမျိုးပြောင်းလဲ ဖွဲ့စည်းခဲ့ရာမှ ၁၉၉၅ ခုနှစ်၊ ဇွန်လ (၁၅) ရက်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနအဖြစ် သတ်မှတ်ဖွဲ့စည်းခဲ့ခြင်းကြောင့် ယင်းနေ့ကို မိမိတို့ဝန်ကြီးဌာန၏ မွေးနေ့အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ယခုဆိုလျှင် မိမိတို့ ဝန်ကြီးဌာနသည် နှစ်ပေါင်း (၃၀) ပြည့်မြောက် ခဲ့ပြီဖြစ်ပြီး ယခုအခါ ဝန်ကြီးရုံးနှင့် ဦးစီးဌာန(၄)ခု၊ တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်/ မြို့နယ်ဦးစီးမှူး ရုံးများနှင့် သင်တန်းကျောင်း စသည်ဖြင့်ဖွဲ့စည်း၍ ဌာန၏အဓိကလုပ်ငန်းတာဝန်ကြီး(၄)ရပ်ချမှတ်ကာ နိုင်ငံတော်အစိုးရ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင် ပြောင်းလဲတိုးတက်လာသည့် ခေတ်စနစ်နှင့်အညီဖြစ်စေရေး၊ နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်ရေးတို့အတွက် စက်ကိရိယာ၊ နည်းပညာနှင့် လူ့စွမ်းအား အရင်းအမြစ်တို့ကို အဖက်ဖက်က ပြင်ဆင်ဖြည့်ဆည်း ဆောင်ရွက်နေကြရပါကြောင်း၊ ဝန်ကြီးဌာန အနေဖြင့် နိုင်ငံအတွင်း နိုင်ငံသားများ၊ နိုင်ငံခြားသားများ ဝင်/ထွက် သွားလာမှုကို ဥပဒေနှင့်အညီ စနစ်တကျ ဖြစ်စေရေးအတွက် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စိစစ်ကြပ်မတ်ဆောင်ရွက်မှုများ၊ နိုင်ငံခြားသားထိန်းသိမ်းရေးလုပ်ငန်းများကို ဆက်စပ်ဌာနအဖွဲ့အစည်းများနှင့် ပေါင်းစပ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ပြင် နိုင်ငံတော်၏ လက်ငင်းဦးစားပေးလုပ်ငန်းအဖြစ် မဲစာရင်း တိကျမှန်ကန်စေရေးအတွက် ဆောင်ရွက်ခဲ့သည့် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးလုပ်ငန်းမှ ရရှိလာသည့် လူဦးရေအချက်အလက်များ စိစစ်အတည်ပြုခြင်းနှင့် မဲပေးပိုင်ခွင့်ရှိသူ နိုင်ငံသားတိုင်း ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသည့် ပန်းခင်းစီမံချက်များ အောင်မြင်ရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကိုလည်း အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပြီး ရှေ့ပြေးလူဦးရေစာရင်း ကိုလည်း ထုတ်ပြန်ခဲ့ပြီးဖြစ်ရာ ယခုအခါ ပင်မအစီရင်ခံစာ ထုတ်ပြန်နိုင်ရေးကြိုးပမ်း ဆောင်ရွက် လျက်ရှိပါကြောင်း၊ ထို့ပြင် e-Government စနစ်၏ အခြေခံအကျဆုံးဖြစ်သည့် e-ID စနစ်လုပ်ငန်းကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ကိုင်ဆောင်ကတ်ပြားရရှိပြီးသူတိုင်း Unique ID နံပါတ်ထုတ်ပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ လူဦးရေစာရင်းအချက်အလက်များနှင့် e-ID စနစ် အချက်အလက်များကိုလည်း မဲစာရင်းတိကျမှန်ကန်ရေးအတွက် တိုက်ဆိုင်စိစစ်ဆောင်ရွက်ရာတွင် ပေါင်းစပ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းလုပ်ငန်းစဉ်များသည် အချိန်ကာလသတ်မှတ်ချက် အတွင်း လျာထားချက်များ ပြည့်မီပြီးစီးအောင် မဖြစ်မနေ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ ဖြစ်ပါကြောင်း၊ ထို့ပြင် နိုင်ငံနှင့်ပြည်သူအတွက် ဝန်ဆောင်မှုပေးရသည့် လုပ်ငန်းများဖြစ်ပြီး ဝန်ထမ်းတိုင်း၏ ဆောင်ရွက်ချက်တိုင်းသည် ဌာနနှင့်နိုင်ငံတော်၏ ပုံရိပ်များဖြစ်သည့်အတွက် ကောင်းမွန်သော ပုံရိပ်များဖြစ်ရန်လိုကြောင်း၊ ဌာန၏ အဓိကလုပ်ငန်းတာဝန်များ၊ လက်ငင်း ဦးစားပေးဆောင်ရွက်နေရသည့်လုပ်ငန်းများကို ဝန်ထမ်းများ သိရှိနားလည်ပြီး မိမိထမ်းဆောင်ရ သည့် လုပ်ငန်းများအပေါ် ဂုဏ်ယူဝံ့ကြွားစွာ တာဝန်ကျေကျေ ထမ်းဆောင်နိုင်ရေး၊ ဌာန၏ ကောင်းမြတ်သော အစဉ်အလာများကို လက်ဆင့်ကမ်းသယ်ဆောင်ရင်း နိုင်ငံနှင့်ပြည်သူကို သစ္စာရှိရှိအလုပ်အကျွေးပြု ဝန်ဆောင်မှုပေးနိုင်ရေး၊ ဝန်ထမ်းအချင်းချင်း အထက်အောက် အပြန်အလှန် လေးစားပြီး ရင်းနှီးချစ်ကြည်စွာ အဖွဲ့အစည်းစိတ်ဓာတ်ဖြင့် စည်းလုံးညီညွတ်မှုရှိစေရေး၊ တစ်နှစ်တာ ကာလ တာဝန်ထမ်းဆောင်ရာတွင် ပင်ပန်းမှုများပြေပျောက်၍ ရှေ့ဆက်မည့်အနာဂတ်အတွက် တက်တက်ကြွကြွ ထမ်းဆောင်နိုင်ရေး စသည့်ရည်ရွယ်ချက်များဖြင့် ယခုနှစ်ပတ်လည်နေ့ကို ဂုဏ်ယူစွာကျင်းပရခြင်းဖြစ်သည့်အတွက် ပုလဲရတုနှစ်ပတ်လည်နေ့မှသည် ရတုအဆက်ဆက် ရှင်သန်ဖြတ်သန်းနိုင်သည့် ဌာနအဖြစ် ရပ်တည်နိုင်ရေး ဝန်ထမ်းအားလုံးကကြိုးပမ်း ဆောင်ရွက် ကြရန် တိုက်တွန်းပါကြောင်းဖြင့် အကျယ်တဝင့်ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချီးမြှင့်သည့် ဂုဏ်ထူးဆောင်တံဆိပ်ရရှိကြသူများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများလည်းကောင်း၊ ဝန်ကြီးဌာန စွမ်းဆောင်ရည်ဆု (ပထမအဆင့်)၊ (ဒုတိယအဆင့်)၊ (တတိယအဆင့်) ရရှိကြသည့် အရာထမ်း၊ အမှုထမ်းများအတွက် ကိုယ်စားလှယ်များအား ဂုဏ်ပြုမှတ်တမ်းလွှာများကို လည်းကောင်း၊ ၂၀၂၄-၂၀၂၅ ခုနှစ်အတွင်း နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် အရာထမ်းလောင်းသင်တန်း အမှတ်စဉ် (၁၂) တွင် သင်တန်းသား/သင်တန်းသူစံပြဆု ရရှိသူ (၂)ဦးအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြု ဆုငွေများကိုလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ ၂၀၂၄ – ၂၀၂၅ ခုနှစ်အတွင်း နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်များ၌ ဖွင့်လှစ်ခဲ့သည့် သင်တန်းများတွင် စံပြထူးချွန်ဆုရရှိခဲ့ကြသည့် လက်ထောက်လူဝင်မှုကြီးကြပ်ရေးမှူး ဦးသော်ဦးကောင်း၊ ဦးပြည့်ဖြိုးဟိန်းနှင့် ဒေါ်ချယ်ရီအောင်တို့(၃)ဦးအား ဒုတိယဝန်ကြီး ဦးဌေးလှိုင်နှင့် ဒေါက်တာမျိုးသန့် တို့က တစ်ဆင့်မြင့်ရာထူးဖြစ်သည့် ဒုတိယလူဝင်မှုကြီးကြပ်ရေးမှူးအဆင့်များကို အသီးသီးအပ်နှင်း တပ်ဆင်ပေး၍ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် ၂၀၂၄-၂၀၂၅ ခုနှစ်အတွင်း နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်များတွင် ဖွင့်လှစ်ခဲ့သည့် သင်တန်းများ၌ ထူးချွန်ဆုရရှိကြသူများကို အမြဲတမ်းအတွင်းဝန် ဦးမင်းဟိန်းက ဂုဏ်ပြုမှတ်တမ်း လွှာနှင့် ဂုဏ်ပြုဆုငွေများကို ပေးအပ်ချီးမြှင့်ပြီးနောက် ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှဝန်ထမ်းများ၏ သားသမီး၊ ကျောင်းသား၊ ကျောင်းသူများအတွက် ပညာသင်ထောက်ပံ့ငွေများနှင့် ကျောင်းသုံးစာရေး ကိရိယာများကို အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များက ဌာနအလိုက် ကိုယ်စားလှယ် ကျောင်းသား ကျောင်းသူများထံ အသီးသီးပေးအပ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တက်ရောက်လာကြသူများသည် ဝန်ကြီးဌာန၏ လုပ်ငန်း ဆောင်ရွက်မှုမှတ်တမ်း Video Clip ကို ကြည့်ရှုအားပေးကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဂုဏ်ပြုဆုရရှိကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြပြီးနောက် ဝန်ထမ်းများအား ကံစမ်းမဲဖောက်ပေးပြီး တက်ရောက် လာကြသူများအား နေ့လည်စာဖြင့် တည်ခင်းဧည့်ခံကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
ယနေ့နံနက်(၆)နာရီကလည်း ဝန်ကြီးဌာန၏ နှစ်(၃၀)ပြည့် ပုလဲရတု နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ဆရာတော်ကြီးများအား အာရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနား ကို ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ပျဉ်းမနားမြို့၊ ဝေဠုဝန်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တကေလာသ အမှူးပြုသော ပင့်သံဃာ ဆရာတော်(၅)ပါး ကြွရောက်တော်မူကြပြီး ဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ ဒေါက်တာမျိုးသန့်နှင့် ဧည့်ပရိတ်သတ်များက ဝေဠုဝန်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တကေလာသထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ပင့်သံဃာဆရာတော်များ ထံမှ မေတ္တာသုတ်ပရိတ်တရားတော်များ နာကြားကြသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးများနှင့်တာဝန်ရှိသူများက ဆရာတော်ကြီးများအား လှူဖွယ် ပစ္စည်းများဆက်ကပ်လှူဒါန်း၍ ဆရာတော်ကြီးထံမှ အနုမောဒနာ တရားနာယူကြကာ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှဝေကြပြီးနောက် ဆရာတော်ကြီးများအား အာရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။ (-)
Sorry, the comment form is closed at this time.