ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မွန်ပြည်နယ်အတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ် မြေပြင် ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဝင်များအား တွေ့ဆုံ၍
မဲဆန္ဒရှင်စာရင်း ပြည့်စုံ မှန်ကန်ရေးနှင့် ပန်းခင်းစီမံချက်လျာထားချက် ပြီးမြောက်အောင်မြင်ရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ရန် ရှင်းလင်းပြောကြား
နေပြည်တော်၊ ဇွန် ၁၉ ။
မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် မွန်ပြည်နယ် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့်အတူ ဇွန်လ (၁၉) ရက်၊ ယနေ့နံနက်(၉)နာရီခွဲက မော်လမြိုင်မြို့၊ ပြည်နယ် အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ကျင်းပသည့် ပြည်နယ်အစိုးရအဖွဲ့ အဖွဲ့ဝင်များ၊ မွန်ပြည်နယ်အတွင်းရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဝင်များနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးသို့တက်ရောက်သည်။
အစီအစဉ်အရ ရှေးဦးစွာ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က အမှာစကားပြောကြားရာတွင် လာမည့်ဒီဇင်ဘာလ အတွင်း ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်း မှန်ကန်ပြည့်စုံစေရန် အခြေခံအကျဆုံးဖြစ်သည့် လူဦးရေစာရင်းပြည့်စုံမှန်ကန်ရေး ကြိုးပမ်းဆောင်ရွက် လျက်ရှိပါကြောင်း၊ ယင်းသို့ လူဦးရေစာရင်း ပိုမိုပြည့်စုံမှန်ကန်စေရန် ယခင်ပြုစုပြီး ဖြစ်သည့် လူဦးရေစာရင်းများ၌တွေ့ရှိရသည့် ကွဲလွဲချက်များ၊ လိုအပ်ချက်များကို ဝိုင်းဝန်းပူးပေါင်းညှိနှိုင်း ဖြေရှင်းဆောင်ရွက်နိုင်ရေးအတွက် ယခုအစည်းအဝေးကို ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း၊ ပြည့်စုံမှန်ကန်သည့် မဲဆန္ဒရှင်စာရင်းဆိုသည်မှာ မဲစာရင်းပြုစုရာ၌ မဲပေးပိုင်ခွင့်ရှိသူတိုင်း မဲစာရင်းတွင်ပါရှိပြီး မဲပေးပိုင်ခွင့်မရှိသူများ မဲစာရင်းတွင်မပါရှိစေရေးအတွက် စနစ်တကျ ပြုစုထားသည့် မဲစာရင်းပင်ဖြစ်ရာ သို့မှသာ လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲ တစ်ရပ်ဖြစ်မည်ဖြစ်ပါကြောင်း၊ ယင်းသို့ ဆောင်ရွက်နိုင်ရန်အတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ပြီး မွန်ပြည်နယ်အနေဖြင့်လည်း ရာနှုန်းပြည့်ကောက်ယူဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း၊ ယင်းစာရင်း များကို ပြည်နယ်၊ ခရိုင်၊ မြို့နယ် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကော်မတီအဆင့်ဆင့်က စိစစ်အတည်ပြုကာ ဗဟိုကော်မတီ မှတစ်ဆင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသို့ တင်ပြခွင့်ပြုချက်ဖြင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ မဲစာရင်းပြုစုနိုင်ရေးပေးပို့ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းသို့ ပေးပို့ရာတွင် အချက်အလက်ကွဲလွဲမှုနှင့် မပြည့်စုံမှု၊ အချက်အလက် ထပ်နေမှုနှင့် မပါရှိမှုများ မဖြစ်စေရေးအတွက် အောက်ခြေမြို့နယ်အဆင့်မှ စနစ်တကျ တိုက်ဆိုင် စိစစ်၍ ခရိုင်၊ တိုင်းဒေသကြီး၊ ပြည်နယ် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဝင်များက အဆင့်ဆင့်စနစ်တကျ ပြန်လည်စိစစ် အတည်ပြုစာရင်းချုပ်ကာ သတ်မှတ်ရက်အရောက် ပေးပို့ကြရန် လိုအပ်ပါကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် ထုတ်ပြန်ပြီးဖြစ်သည့် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း၏ ရှေ့ပြေးလူဦးရေစာရင်းများနှင့် မြေပြင်ကွင်းဆင်းကောက်ယူခဲ့သည့် လူဦးရေ စာရင်း အချက်အလက်များကို နှိုင်းယှဉ်သုံးသပ်ဆောင်ရွက်ကြရန်လည်း လိုအပ်ပါကြောင်း၊ ထို့ပြင် မဲပေးပိုင်ခွင့်ရှိသူနိုင်ငံသားတိုင်း ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုးကိုင်ဆောင် မဲပေးနိုင်ရေးအတွက် လည်း မိမိတို့ဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်များဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား ကတ်ပြားထုတ်ပေးခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ၊ မွန်ပြည်နယ်အနေဖြင့် ပန်းခင်းစီမံချက် အားလုံးတွင် လျာထားချက် ရာနှုန်းပြည့်ဆောင်ရွက်နိုင်ခဲ့ပြီး ဖြစ်သော်လည်း ထပ်မံ၍ အသက်(၁၈)နှစ် ပြည့်လာမည့်သူများအတွက် ယခုပန်းခင်းစီမံချက် အဆင့်(၃)ဖြင့် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၃၁)ရက်အထိ နိုင်ငံသားစိစစ်ရေးကတ်ပြား စုစုပေါင်း (၁)သောင်း (၉)ထောင်ကျော် ထုတ်ပေးရန် လျာထားဆောင်ရွက် လျက်ရှိပါကြောင်း၊ ယခုအခါ ဒေသအချို့၌ ဖြစ်ပွားခဲ့သည့် အကြမ်းဖက်ဖြစ်စဉ်များ၊ အခြားသောအကြောင်းရင်းများကြောင့် ယာယီနေရပ်စွန့်ခွာ ရွှေ့ပြောင်းသွားလာနေထိုင်မှုများရှိနေကြပြီး ယင်းတို့၏စာရင်း အချက်အလက်များ တိကျမှန်ကန်စွာ ရရှိထားရန်လိုအပ်ပါကြောင်း၊ ယင်းသို့ရွှေ့ပြောင်းနေထိုင်သူများအတွက် ဥပဒေနှင့်အညီ ကိုင်ဆောင် ကတ်ပြားတစ်မျိုးမျိုးရရှိ ကိုင်ဆောင်နိုင်ရေး၊ ဥပဒေနှင့် ကိုက်ညီသူများ မဲစာရင်းတွင်ပါဝင်စေရေး၊ မဲစာရင်းတစ်နေရာထက် ပိုမိုပါဝင်မှုမရှိစေရေးတို့အတွက် တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် အပြန်အလှန် ဆက်စပ်ချိတ်ဆက် ညှိနှိုင်းဆောင်ရွက်ရန်လည်း လိုအပ်ပါကြောင်း၊ ယင်းလုပ်ငန်းစဉ် များသည် နိုင်ငံတော်၏ အန္တိမရည်မှန်းချက်ဖြစ်သည့် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် မဖြစ်မနေဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များဖြစ်သည်နှင့်အညီ ကြီးကြပ်မှုကော်မတီ အဆင့်ဆင့်က တက်ညီလက်ညီဝိုင်းဝန်းပူးပေါင်း ကြိုးပမ်းဆောင်ရွက်ပေးကြရန် တိုက်တွန်း ပါကြောင်းဖြင့် အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။
ထို့နောက် မွန်ပြည်နယ် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက မွန်ပြည်နယ်အတွင်း မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရရှိသည့် လူဦးရေအချက်အလက်များ ကွဲလွဲမှုမရှိစေရေးနှင့် ပြည့်စုံမှန်ကန်ရေးတို့အတွက် စိစစ်ပြင်ဆင်ဆောင်ရွက်နေမှု၊ ပန်းခင်းစီမံချက်အဆင့်(၃) လျာထားသတ်မှတ်ချက်အပေါ် အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ အတည်ပြုလူဦးရေစာရင်းများ သတ်မှတ်ရက်အရောက် ပေးပို့နိုင်ရေး ဆောင်ရွက်နေမှုအခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် တာဝန်ရှိသူများက လုပ်ငန်းများအောင်မြင်ရေးအတွက် ကဏ္ဍအလိုက် ဆောင်ရွက်နေမှုအခြေအနေများ၊ မဲစာရင်းမှန်ကန်ရေးနှင့် ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေး ဆောင်ရွက်နေမှုများနှင့် လုပ်ငန်းဆိုင်ရာလိုအပ်ချက်များကို အသီးသီး ရှင်းလင်းဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေး၍ နိဂုံးချုပ်အမှာစကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်ပြီး နောက် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည် တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။ (-)
Sorry, the comment form is closed at this time.