ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ e-ID စနစ် လုပ်ငန်းကော်မတီ စတုတ္ထအကြိမ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်၊ လုပ်ငန်းများဆောင်ရွက်ရာတွင် နိုင်ငံတော်လုံခြုံရေးနှင့် အမျိုးသား အကျိုးစီးပွားကိုရှေ့ရှု၍ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်း၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်နိုင်ရေး ဆွေးနွေးပြောကြား။

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ e-ID စနစ် လုပ်ငန်းကော်မတီ စတုတ္ထအကြိမ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်၊ လုပ်ငန်းများဆောင်ရွက်ရာတွင် နိုင်ငံတော်လုံခြုံရေးနှင့်အမျိုးသားအကျိုးစီးပွားကိုရှေ့ရှု၍လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်း၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်နိုင်ရေး ဆွေးနွေးပြောကြား။

နေပြည်တော်၊ စက်တင်ဘာ ၁၃။

          မြန်မာနိုင်ငံ၏ e-Government စနစ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် အခြေခံအကျဆုံးလုပ်ငန်းဖြစ်သည် e-ID စနစ် ဆောင်ရွက်နိုင်ရန် e-ID စနစ်လုပ်ငန်းကော်မတီ ကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းလုပ်ငန်းစဉ်သည် ကြီးများကျယ်ပြန့်ပြီး e-Government စနစ်၏ အခြေခံအုတ်မြစ်ဖြစ်သည်နှင့်အညီ စနစ်တကျနှင့် ခိုင်ခိုင်မာမာ တည်ဆောက်ဆောင်ရွက်ရမည့် လုပ်ငန်းတစ်ခုဖြစ်ပါကြောင်း၊ ယခုနိုင်ငံတော်အစိုးရ တာဝန်ယူ စဉ်ကာလအတွင်း e-ID စနစ်လုပ်ငန်းကို တတ်နိုင်သမျှ ရုပ်လုံးပေါ်အောင် ပြီးစီးနိုင်သမျှ လုပ်နိုင် သမျှဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ e-ID စနစ်လုပ်ငန်းကော်မတီအနေဖြင့်  လုပ်ငန်းများ အရှိန်အဟုန်မပြတ်ဆောင်ရွက်နိုင်ရန် အစည်းအဝေးများ ကျင်းပဆောင်ရွက်နေသကဲ့သို့ ပြည်တွင်း နည်းပညာအကြံပေးအဖွဲ့ အစည်းအဝေးများကိုလည်း ကျင်းပဆောင်ရွက်ကာ လုပ်ငန်းစဉ်များ သတ်မှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်းဖြင့် စက်တင်ဘာလ (၁၃) ရက်၊ ယနေ့ နံနက် (၁၀) နာရီက နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပသည့် e-ID စနစ် လုပ်ငန်းကော်မတီ စတုတ္ထအကြိမ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် e-ID စနစ် လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က အမှာစကားပြောကြားရာတွင် ယင်းကဲ့သို့ ထည့်သွင်းပြောကြားသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက e-ID စနစ် လုပ်ငန်းစဉ်အဖြစ် အသက်(၁၀)နှစ်နှင့် အထက် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူစသည့် နိုင်ငံသားအသိအမှတ်ပြုကတ်ပြား တစ်မျိုးမျိုးကိုင်ဆောင်ထားသူ၊ ပြည်တွင်း၌ အခွန်ဆောင်နေထိုင်သည့် နိုင်ငံခြားသား FRC ကိုင်ဆောင်ထားသူ၊ နိုင်ငံခြားသားအမြဲနေထိုင်ခွင့် (PR) လက်မှတ်ရရှိထားသူစသည်တို့အား ကိုယ်ရေးဆိုင်ရာအချက်အလက် Biographic (၆) ချက်နှင့် ဇီဝဆိုင်ရာအချက်အလက် Biometric (၃) ချက်ကောက်ယူကာ လူတစ်ဦးချင်းစီအတွက် Unique ID နံပါတ်တစ်ခုစီထုတ်ပေးသွားမည် ဖြစ်ပါကြောင်း၊ လက်ရှိအခြေအနေတွင် မိမိတို့ဌာန၏ ရုံးအသီးသီးရှိ နိုင်၊ ဧည့်၊ ပြု လက်မှတ်များ ထုတ်ပေးမှုမှတ်တမ်း နှင့် PR ရရှိထားသူနှင့် FRC ကိုင်ဆောင်ထားသူများ၏ မှတ်တမ်းများပါ ကိုယ်ရေးအချက်အလက် များ၊ အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆) ပါ အချက်အလက်များ အား နည်းပညာအသုံးပြု၍ ရုံးချုပ် Database Server သို့ ပေးပို့ဆောင်ရွက်လျက်ရှိရာ မကြာမီ ပြီးစီးတော့မည်ဖြစ်ပါကြောင်း၊ ယင်းအချက်အလက်များသည် e-ID စနစ်အတွက် Biographic Data(၆)ချက်ရယူရာတွင် အသုံးပြုသွားမည်ဖြစ်ပြီး ယင်းအချက်အလက်များအား မိမိတို့ဝန်ကြီး ဌာန၏ အီလက်ထရောနစ်မှတ်ပုံတင်စနစ်ဦးစီးဌာနမှ တာဝန်ယူ၍ ပြည်တွင်းနည်းပညာ အကြံပေးအဖွဲ့နှင့် ပညာရှင်များ၏ သုံးသပ်အကြံပြုချက်များနှင့်အညီ စနစ်တကျထိန်းသိမ်း ဆောင်ရွက်ထားရှိပါကြောင်း၊ ထို့ပြင် e-ID စနစ်အတွက် ဆောင်ရွက်မည့်စနစ်တည်ဆောက်ပုံ ဒီဇိုင်း၊ ပြည်ပနည်းပညာအကြံပေး ငှားရမ်းခေါ်ယူရေးနှင့် Biometric ကောက်ယူရေးအတွက် အသုံးပြုမည့် နည်းပညာဆိုင်ရာပစ္စည်းနှင့်ပတ်သက်၍ ပညာရှင်များ၏ သုံးသပ်အကြံပြုချက် များရရှိပြီးဖြစ်ပါကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် နိုင်ငံတော်လုံခြုံရေးနှင့် အမျိုးသား အကျိုးစီးပွားကိုရှေးရှု၍ ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ တင်ဒါစည်းမျဉ်းစည်းကမ်း များ၊ အထက်ဌာနညွှန်ကြားချက်နှင့်အညီ ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်းစဉ်များဆောင်ရွက်ပြီးပါက Biometric  (၃) ချက်ကောက်ယူရေးဆောင်ရွက်ရမည် ဖြစ်ပြီး မကြာမီကာလအတွင်း စမ်းသပ်ကောက်ယူမှုများဆောင်ရွက်သွားရန် စီစဉ်လျက်ရှိပါ ကြောင်း၊ လူတစ်ဦးချင်းစီအတွက် Biometric (၃) ချက်ကောက်ယူရာတွင်လည်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဦးတည်အုပ်စုများသတ်မှတ်ကာ အဆင့်ဆင့်ဆောင်ရွက်သွားရန် လျာထားပါ ကြောင်း၊ ယခုအစည်းအဝေးတွင် ဦးတည်အုပ်စု လျာထားချက်အခြေအနေနှင့် e-ID စနစ်အတွက် လိုအပ်သောပစ္စည်းများ ဝယ်ယူနိုင်ရေးနှင့်စပ်လျဉ်း၍ ဆောင်ရွက်ရမည့်လုပ်ငန်းအခြေအနေများ ကို ပွင့်ပွင့်လင်းလင်းအကြံပြုဆွေးနွေးပေးကြရန် တိုက်တွန်းပါကြောင်းဖြင့် အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။

          ထို့နောက် အီလက်ထရောနစ်မှတ်ပုံတင်စနစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းဟိန်း က e-ID စနစ်လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုနှင့် ဆက်စပ်ဆောင်ရွက်မည့် လုပ်ငန်းအခြေအနေများကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် ဝန်ကြီးဌာနအသီးသီး နှင့် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်၊ ကွန်ပျူတာပညာရှင်များအသင်းတို့မှ ကော်မတီအဖွဲ့ဝင် များက လုပ်ငန်းဆောင်ရွက်ချက်များအပေါ် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီဖြစ်စေရေးနှင့် e-ID နည်းပညာဆိုင်ရာပစ္စည်းများ ဝယ်ယူနိုင်ရေးအတွက် ဆောင်ရွက်သင့်သည့်အခြေအနေများ နှင့်စပ်လျဉ်း၍ အသီးသီးအကြံပြုဆွေးနွေးကြသည်။

          ဆက်လက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ e-ID စနစ်လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် လူမွန်၊ ကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီး ဒေါက်တာ မျိုးသန့်တို့က ဆွေးနွေးတင်ပြချက်များအပေါ် ထပ်မံသုံးသပ်အကြံပြုဆွေးနွေးကြပြီး လုပ်ငန်း ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်ကလိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေး၍ လုပ်ငန်းများအောင်မြင်ရေးအတွက် အရှိန်အဟုန်မပျက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရေးနှင့် ယခုအစည်းအဝေးဆွေးနွေးချက်များအပေါ် အထက်အဆင့်ဆင့်သို့ ဆက်လက်တင်ပြဆောင်ရွက် နိုင်ရေး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကိုရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိ သည်။(-)

 

 

Sorry, the comment form is closed at this time.