ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ရှမ်းပြည်နယ်အတွင်း ရွေးကောက်ပွဲမဲစာရင်းများ မှန်ကန်ရေး အတွက် မြေပြင်လူဦးရေ စာရင်းတိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်း ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးပွဲ တက်ရောက်၊ လိုအပ်ချက်များအပေါ် အကောင်းဆုံးအဖြေရှာဆောင်ရွက်သွားကြရန် မှာကြား။

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ရှမ်းပြည်နယ်အတွင်း ရွေးကောက်ပွဲမဲစာရင်းများ မှန်ကန်ရေး အတွက် မြေပြင်လူဦးရေ စာရင်းတိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်း

ပေါင်းစပ်ညှိနှိုင်းဆွေးနွေးပွဲ တက်ရောက်၊ လိုအပ်ချက်များအပေါ် အကောင်းဆုံးအဖြေရှာဆောင်ရွက်သွားကြရန် မှာကြား။

နေပြည်တော်၊ စက်တင်ဘာ ၂၈ ။

          ရှမ်းပြည်နယ်အတွင်း ရွေးကောက်ပွဲမဲစာရင်းများ မှန်ကန်ရေးအတွက် မြေပြင်လူဦးရေ စာရင်း တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်း ပေါင်းစပ်ညှိနှိုင်းဆွေးနွေးပွဲကို စက်တင်ဘာလ ၂၈ ရက်၊ ယနေ့နံနက် ၉ နာရီက ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့ရှိ ပြည်နယ်အစိုးရအဖွဲ့၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသိန်းစိုးနှင့် ဦးမြင့်ဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးရုံးဥက္ကဋ္ဌ ဦးခွန်ရဲထွေး၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးရုံးဥက္ကဋ္ဌ ဦးအာကာလင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးရုံးဥက္ကဋ္ဌ ဦးမြင့်ဆွေ၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးရုံးဥက္ကဋ္ဌ ဦးတာသိန်းဇော်၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဦးစီးရုံးဥက္ကဋ္ဌ ဦးညီနပ်၊ ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) တို့မှ စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ခွဲဥက္ကဋ္ဌများနှင့် ကော်မရှင်အတွင်းရေးမှူးများ၊ ရှမ်းပြည်နယ်အတွင်းရှိ ခရိုင်အုပ်ချုပ်မှူးများ၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူများတက်ရောက်ကြသည်။

          အစီအစဉ်အရ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က အမှာစကားပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသည့် မွေးရာပါနိုင်ငံသားဖြစ်သည့် တိုင်းရင်းသားများနှင့် ဥပဒေအရဖြစ်သော နိုင်ငံသားများအားလုံး ၎င်းတို့၏ နိုင်ငံသားဖြစ်မှု အရည်အချင်းအရ ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုးကိုင်ဆောင်နိုင်ရေးအတွက် ခေတ် အဆက်ဆက်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယခင်ရွေးကောက်ပွဲများတွင်လည်း ဆန္ဒမဲပေးပိုင် ခွင့်ရှိသူများ နိုင်ငံသားကတ်ရရှိရေးအတွက် စီမံချက်များရေးဆွဲဆောင်ရွက်ခဲ့ရာ မိုးပွင့် စီမံချက်ဖြင့် လူဦးရေ (၈ ဒသမ ၃) သန်းကျော်၊ သစ္စာစီမံချက်ဖြင့် (၆ ဒသမ ၄) သန်းကျော်ကို နိုင်ငံသား ကတ်ပြားများ ထုတ်ပေးနိုင်ခဲ့ပါကြောင်း၊ ယခုနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ လက်ထက်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေး အတွက် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားကတ်ပြားထုတ်ပေးခြင်းလုပ်ငန်းကို (၃-၅-၂၀၂၁) ရက်မှ   (၃-၁၁-၂၀၂၂)ရက်ထိ (၁၈) လတာကာလအတွင်း လူဦးရေ (၃ ဒသမ ၄) သန်းကျော်ကို ကိုင်ဆောင် ကတ်ပြား ထုတ်ပေးရန် သတ်မှတ်ဆောင်ရွက်ခဲ့ရာ ယခုအခါ လူဦးရေ (၃ ဒသမ ၃) သန်းကျော်ကို ကိုင်ဆောင်ကတ်ပြားများ ထုတ်ပေးပြီးဖြစ်ပြီး လုံခြုံရေးအခြေအနေအရ မြို့နယ်အနည်းငယ်သာ ဆောင်ရွက်ပေးရန် ကျန်ရှိနေခြင်းဖြစ်ပါကြောင်း၊ ယခုထပ်မံ၍ အသက်ပြည့်လာမည့်သူများနှင့် မဲပေးပိုင်ခွင့်ရှိသူများ ကျန်ရှိနေခြင်းမရှိစေရေးရည်ရွယ်၍ ကောက်သင်းကောက်စနစ်ဖြင့် နိုင်ငံသား ကတ် ထုတ်ပေးခြင်းလုပ်ငန်းကို ပန်းခင်းစီမံချက် အဆင့် (၂) ဖြင့် ဆက်လက်ဆောင်ရွက်လျက် ရှိပါကြောင်း၊ မိမိတို့ဌာနမှ ယခုကဲ့သို့ဆောင်ရွက်ပေးနေသကဲ့သို့ မဲဆန္ဒရှင်စာရင်းမှန်ကန်ရေး အတွက်လည်း သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ မြေပြင် ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးမှု  ကနဦးစာရင်းများအရ မိမိတို့ဝန်ကြီးဌာန၏ အခြေခံစာရင်းဖြစ်သည့် အိမ်ထောင်စုလူဦးရေ စာရင်းပုံစံ (၆၆/၆)ပါ စာရင်းများနှင့် အနည်းငယ်ကွာဟမှုများရှိနေသည့် အတွက် ပြန်လည် တိုက်ဆိုင်စစ်ဆေးကာ ပြင်ဆင်/ ဖြည့်စွက်/ ပယ်ဖျက်ကာ စာရင်းအမှန်ရရှိရေး ဆောင်ရွက်ကြ ရမည်ဖြစ်ပါကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင်လည်း မိမိတို့ဌာနအနေဖြင့် မြို့နယ်အဆင့်ရုံးများ သာရှိပြီး ရပ်ကွက်/ ကျေးရွာအဆင့်ထိ ဖွဲ့စည်းထားသည့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးများရှိ ၎င်းတို့၏ လက်ရှိမြေပြင်စာရင်းများဖြင့် တိုက်ဆိုင်ကာ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ မိမိတို့ဌာနအနေဖြင့် လူဦးရေ တိုးခြင်း၊ လျော့ခြင်း၊ အိမ်ထောင်စုပြောင်းရွှေ့ပေးခြင်းသည် ကာယကံရှင်မှ အထောက်အထားများ ဖြင့် လာရောက်လျှောက်ထားမှသာ ဆောင်ရွက်ပေးရခြင်းဖြစ်ပါကြောင်း၊ ယခုအခါတွင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဖွား/ သေစာရင်းများအား စစ်ဆေးအတည်ပြုပြီးဖြစ်၍ ယင်းစာရင်းများ ပေးအပ်ညှိနှိုင်းမှုအရ စာရင်းသွင်းသွားမည်ဖြစ်ပါကြောင်း၊ ယခုကာလတွင် မိမိတို့ဌာနမှ နိုင်ငံသား ကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ပတ်သက်၍ မိဘပြည်သူများသို့ အသိပေး ထုတ်ပြန်ချက် ထုတ်ပြန်ထားပြီးဖြစ်ရာ ယင်းထုတ်ပြန်ချက်အား လာမည့် နိုဝင်ဘာလ (၁) ရက်နေ့ အထိ သတ်မှတ်ဆောင်ရွက်မည်ဖြစ်၍  ပြည်သူများ သိရှိနားလည် လိုက်ပါ ပူးပေါင်း ဆောင်ရွက်ရေး အတွက် ကျယ်ကျယ်ပြန့်ပြန့် အသိပေးဆောင်ရွက်ရန်လိုကြောင်း၊ မှန်ကန်သည့် မဲစာရင်းဖြစ်စေရေး အတွက် ပြည်နယ်၊ တိုင်း၊ ခရိုင်၊ မြို့နယ်အလိုက် အဆင့်ဆင့် ဆောင်ရွက်ရမည့်နည်းလမ်းများကို သက်ဆိုင်ရာ ဝန်ကြီးချုပ်များထံတင်ပြပြီး ဆက်စပ် အဖွဲ့အစည်းများနှင့် ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ကြရန် မိမိတို့ဌာန၏ တိုင်းဒေသကြီး/ ပြည်နယ်ဦစီးမှူးများအား ညွှန်ကြားထားပြီးဖြစ် ပါကြောင်း၊ ယခုရှမ်းပြည်နယ်အတွင်း ရွေးကောက်ပွဲ မဲစာရင်းမှန်ကန်ရေးအတွက် မြေပြင် လူဦးရေ စာရင်း တိုက်ဆိုင်စစ်ဆေးဆောင်ရွက်ရာတွင် လိုအပ်ချက်များကို  မိမိတို့ဝန်ကြီးဌာနအနေဖြင့်  ထပ်မံ ပေါင်းစပ်ကာ လုပ်ငန်းများလစ်ဟင်းမှုမရှိစေရေး ညှိနှိုင်းကူညီဆောင်ရွက်ပေးရန် ယခုကဲ့သို့ ညှိနှိုင်းဆွေးနွေးခြင်းဖြစ်ပြီး လိုအပ်ချက်များအပေါ် အကောင်းဆုံးအဖြေရှာ ဆောင်ရွက် သွားကြရန် ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်၏ နောက်ဆုံးလုပ်ငန်းစဉ်ကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် မှန်ကန်သောမဲစာရင်းများပြုစုပြီး မဲပေးပိုင်ခွင့်ရှိသူတိုင်း ဆန္ဒမဲပေးခြင်းဖြင့် လွတ်လပ်ပြီး တရားမျှတစစ်မှန်အောင်မြင်သော ရွေးကောက်ပွဲ ဖြစ်စေရေး အားလုံးက တက်ညီလက်ညီ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်းဖြင့် အကျယ်တဝင့်ရှင်းလင်းပြောကြားသည်။

          ထို့နောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ရှမ်းပြည်နယ်အတွင်း ပန်းခင်း စီမံချက်အောင်မြင်ရေးအတွက် ပံ့ပိုးကူညီဆောင်ရွက်နေမှု၊  ပြည်နယ်၏ အခြေခံလူဦးရေ စာရင်းနှင့် မဲစာရင်းမှန်ကန်ရေးအတွက် စီမံဆောင်ရွက်နေမှုနှင့် ဆက်စပ်ဌာနများ ပေါင်းစပ်ဆောင်ရွက် သွားမည့် အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်း ပြောကြားပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များဖြစ်ကြသည့် ဦးသန်းစိုး နှင့် ဦးမြင့်ဦးတို့က ကော်မရှင်အနေဖြင့် မဲစာရင်း မှန်ကန်ရေးအတွက် နယ်မြေဒေသအလိုက် မြေပြင်တိုက်ဆိုင် စစ်ဆေးဆောင်ရွက်မှုနှင့် ဆက်စပ် ဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးနိုင်ရေးအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

          ဆက်လက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူး ဦးအောင်မြင့်က ရှမ်းပြည်နယ်အတွင်း ပန်းခင်းစီမံချက် ဆောင်ရွက်မှုနှင့် မဲစာရင်းမှန်ကန်ရေး အတွက် ဆက်စပ်ဌာနများနှင့်ပေါင်းစပ် ဆောင်ရွက်သွားမည့် အစီအစဉ်များကိုလည်းကောင်း၊ ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးဇော်မြင့်ဝင်းက မြေပြင်လူဦးရေစာရင်း ကွင်းဆင်းကောက်ယူထားရှိမှုနှင့် မဲစာရင်း မှန်ကန်စွာ ပြုစုနိုင်ရေးအခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြပြီး တက်ရောက်လာကြသည့် သက်ဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် တိုင်းဦးစီးရုံးဥက္ကဋ္ဌများ၊ တာဝန်ရှိသူများက ဒေသအလိုက် မဲစာရင်းမှန်ကန်ရေးအတွက် ဆောင်ရွက်သွားမည့်အစီအစဉ်များ၊ လုပ်ငန်းလိုအပ်ချက်များကို အသီးသီး ရှင်းလင်းဆွေးနွေး တင်ပြကြသည်။

          ယင်းနောက် တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးပြီး ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်၏ အနာဂတ်အတွက် မဖြစ်မနေဆောင်ရွက်ရမည့် မဲစာရင်းမှန်ကန်စွာ ပြုစုရေးလုပ်ငန်းအား သတ်မှတ်ကာလအတွင်း အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် ဌာနဆိုင်ရာအချင်းချင်း  ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရေး နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေး ကိုရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။(-)

Sorry, the comment form is closed at this time.