ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ National Database စနစ် တည်ဆောက်နိုင်ရေးအတွက် ဝန်ကြီးဌာနအလိုက် ဒီဂျစ်တယ်စနစ် အောင်မြင်စွာကူးပြောင်းဆောင်ရွက်နိုင်ရေး ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ပေးကြရန် ရှင်းလင်းပြောကြား။

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ National Database စနစ် တည်ဆောက်နိုင်ရေးအတွက် ဝန်ကြီးဌာနအလိုက် ဒီဂျစ်တယ်စနစ် အောင်မြင်စွာကူးပြောင်းဆောင်ရွက်နိုင်ရေး ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ပေးကြရန် ရှင်းလင်းပြောကြား။

 နေပြည်တော်၊ အောက်တိုဘာ ၂၀  ။

          National Database စနစ် စတင်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ရှင်းလင်းဆွေးနွေးပွဲကို အောက်တိုဘာလ (၂၀) ရက်၊ ယနေ့မွန်းလွဲ (၁) နာရီခွဲက နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ အခမ်းအနား သို့ National Database စနစ် တည်ဆောက်ရေး ဦးဆောင်ကော်မတီအတွင်းရေးမှူး၊ e-ID စနစ် လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဦးဆောင်ကော်မတီအဖွဲ့ဝင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး များဖြစ်ကြသည့် ဦးဌေးလှိုင်နှင့် ဒေါက်တာမျိုးသန့်၊ ဦးဆောင်ကော်မတီအဖွဲ့ဝင် တပ်မတော် (ကြည်း၊ ရေ၊ လေ) သတင်းနှင့်နည်းပညာဌာန၊ ဌာနမှူး ဗိုလ်မှူးချုပ် မြတ်မင်းဦး၊ ဝန်ကြီးဌာန များနှင့် အစိုးရအဖွဲ့အစည်းအသီးသီးမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

IMG_8538

အစီအစဉ်အရ National Database တည်ဆောက်ရေး ဦးဆောင်ကော်မတီအတွင်းရေးမှူး  ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က အမှာစကားပြောကြားရာတွင် National Database စနစ် တည်ဆောက်ရေးဦးဆောင်ကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြီးခဲ့သည့် အောက်တိုဘာလ (၆) ရက်က ကျင်းပခဲ့ပြီး ယင်းအစည်းအဝေးတွင် National Database စနစ်တည်ဆောက်ရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၏ လမ်းညွှန်ချက်အရ ယခုရှင်းလင်းဆွေးနွေးပွဲကို ပြုလုပ်ရခြင်းဖြစ်ပါကြောင်း၊ e-ID စနစ် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းသည် နိုင်ငံတော်၏ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်တွင် အဓိကကျသည့်  လုပ်ငန်းစဉ်တစ်ခုဖြစ်ပြီး မိမိတို့ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတွင်းနေထိုင်သူ တစ်ဦးချင်းစီအား အီလက်ထရောနစ်နည်းပညာအသုံးပြု၍ ကိုယ်ရေးအချက်အလက်များနှင့် ဇီဝအချက်အလက်များ ကောက်ယူကာ UID နံပါတ်ထုတ်ပေး၍ မှတ်ပုံတင်ခြင်း၊ နိုင်ငံတော်မှ အကောင်အထည် ဖော်ဆောင်ရွက်နေသည့် e-Government စနစ်အား အထောက်အကူပြုမည့် National Database တည်ဆောက်၍ နိုင်ငံတော်လုံခြုံရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် စေရေးတို့အတွက် အရေးပါသည့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများအား Digital စနစ်ဖြင့် ဆောင်ရွက်ခြင်း၊ UID နံပါတ်ထုတ်ပေးပြီးသူများအား ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများစွာနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်သည့် Smart Card ထုတ်ပေးနိုင်ရေး ဆောင်ရွက်ခြင်းဆိုသည့် ရည်မှန်းချက် (၃) ရပ် ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ e-ID စနစ်ကို လုပ်ငန်းအဆင့် (၅) ဆင့်ဖြစ်သည့် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ၊ NV ကတ်ကိုင်ဆောင်ထားသူ၊ မြန်မာနိုင်ငံတွင် နိုင်ငံခြားသားအမြဲနေထိုင်ခွင့် (PR) ရရှိသူ၊ ပြည်တွင်း၌အခွန်ဆောင် နေထိုင်သည့်နိုင်ငံခြားသား (FRC) ရရှိထားသူများ၏ ကိုယ်ရေးအချက်အလက်များအား Database System အတွင်းသို့ ထည့်သွင်းသည့်လုပ်ငန်း၊ ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူခြင်း၊ စိစစ်ခြင်းနှင့် Unique ID ထုတ်ပေးခြင်းလုပ်ငန်း၊ နိုင်ငံတကာ စံချိန်စံညွှန်းနှင့် အညီ ကတ်အလွတ်များ ထုတ်လုပ်ခြင်းလုပ်ငန်း၊ ကတ်အလွတ်များတွင် အချက်အလက်များ ထည့်သွင်းခြင်းလုပ်ငန်း၊ e-ID စနစ်တစ်ခုလုံးအား ထိန်းချုပ်သည့်လုပ်ငန်း စသည့်အဆင့်များ အလိုက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ပထမအဆင့်တွင် လက်ရှိ အခြေအနေ၌ နိုင်-၂၊ နိုင်-၄ မှတ်တမ်းများရှိ နိုင်ငံသားကတ်ပြားထုတ်ပေးပြီးသူ များ၏ ကိုယ်ရေးအချက်အလက် (၅၂) သန်းကျော်နှင့် အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ (၆၆) (၁၃) သန်းကျော်ကို e-ID Database အတွင်း ထည့်သွင်းထားရှိပြီးဖြစ်သည့်အတွက် ယခုအခါ နိုင်ငံသားစိစစ်ရေးကတ်ပြားတွင် ပါရှိသည့် အချက်အလက်များကို Online စနစ်ဖြင့် အထောက်အထားစိစစ်နိုင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ပြီဖြစ်ပါကြောင်း၊ ယခုလက်ရှိ အနေဖြင့် SIM ကတ်မှတ်ပုံတင်အချက်အလက်များ တိုက်ဆိုင်စစ်ပေးခြင်းများ၊ မသန်စွမ်းသူများ စီမံခန့်ခွဲမှုစနစ်အတွက် အချက်အလက်တိုက်ဆိုင်စစ်ဆေး ပေးခြင်းလုပ်ငန်းများ၊ ဘဏ်များတွင် အကောင့်ဖွင့်ထားသူများ၏ ကိုယ်ရေးအချက်အလက်များ တိုက်ဆိုင်စစ်ဆေးပေးခြင်းလုပ်ငန်း များကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ချိတ်ဆက်စိစစ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထို့အပြင် မြန်မာ့စီးပွားရေးဘဏ်နှင့် ချိတ်ဆက်၍ ပင်စင်ထုတ်ယူရာတွင် မျက်နှာဖြင့် တိုက်ဆိုင်စစ်ဆေးနိုင်ရေးလုပ်ငန်းများ၊ Online အောင်ဘာလေထီရောင်းချမှုစနစ်တွင် အချက်အလက် တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဒုတိယ အဆင့်အနေဖြင့် ဇီဝဆိုင်ရာ အချက်အလက်များဖြစ်သည့် မျက်နှာသွင်ပြင်၊ မျက်စိသူငယ်အိမ် နှင့် လက် (၁၀) ချောင်းလက်ဗွေတို့ ကောက်ယူနိုင်ရေးအတွက် Software ရေးသား၍ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် Biometric အချက်အလက်ကောက်ယူခြင်းလုပ်ငန်းကို ၂၀၂၃ ခုနှစ်၊ ဇွန်လ (၁၂) ရက်မှ စတင်ကောက်ယူခဲ့ရာ ယနေ့အချိန်ထိ လူဦးရေ (၂၁) သိန်းကျော် ကောက်ယူ ပြီးစီးပြီဖြစ်ပါကြောင်း၊ e-ID စနစ်အတွက် နိုင်ငံသားများ၏ ကိုယ်ရေးအချက်အလက် များအား Digital စနစ်သို့ ကူးပြောင်းရာတွင် ခေတ်အဆက်ဆက်က Paper-based စနစ်ဖြင့်သာ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည့်အတွက် လူတစ်ဦးတည်းမှ နိုင်ငံသားစိစစ်ရေးကတ်ပြားတစ်ခုထက် ပိုမိုကိုင်ဆောင်ခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားနံပါတ်တစ်ခုအား လူနှစ်ဦး (သို့မဟုတ်) နှစ်ဦးထက် ပိုမိုထုတ်ပေးမိခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအတုများအား အလွယ်တကူ စစ်ဆေးသိရှိနိုင်မှုမရှိခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားတွင် ပါရှိသည့် အချက်အလက်များအား Online စနစ်ဖြင့် အထောက်အထားစိစစ်နိုင်မှုမရှိခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားတွင်ပါရှိသည့် အချက်အလက်များနှင့် ရုံးလက်ခံမှတ်တမ်းရှိအချက်အလက်များ ကွဲလွဲနေခြင်းစသည့် စိန်ခေါ်မှု များစွာ ကြုံတွေ့ခဲ့ရပါကြောင်း၊ e-ID စနစ်သည် လူတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက် များနှင့် ဇီဝဆိုင်ရာအချက်အလက်များကို တွဲဘက်၍ Unique ID နံပါတ်ကို Random အနေဖြင့် ထုတ်ပေးခြင်းဖြစ်ပါကြောင်း၊ Biographic နှင့် Biometric Data များပေါင်းစပ်၍ ထုတ်ပေး ခြင်းဖြစ်သည့်အတွက် နံပါတ်တစ်ခုတည်းကို လူနှစ်ယောက်ထုတ်ပေးမိခြင်း၊ လူတစ်ယောက်တည်း က ကတ်(၂)ကတ် ကိုင်ဆောင်ခြင်းများ ရှိနိုင်မည်မဟုတ်တော့ပါကြောင်း၊ e-ID နံပါတ်သည် နိုင်ငံအတွင်းနှင့် နိုင်ငံပြင်ပရှိ အမျိုးမျိုးသောအထောက်အထား စိစစ်ခြင်းလုပ်ငန်းများတွင် အချိန်နေရာမရွေး အထောက်အထားခိုင်လုံစွာဖြင့် သက်သေခံနိုင်သည့်စနစ်ဖြစ်ပြီး ယာဉ်မောင်း လိုင်စင်၊ နိုင်ငံကူးလက်မှတ်၊ မဲလက်မှတ်၊ ဝန်ထမ်းကတ်၊ ဘဏ်ကတ် စသည့်အမျိုးမျိုးသော Functional ID များအတွက် Foundational ID အဖြစ် အသုံးပြုနိုင်မည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအသီးသီးရှိ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို e-ID စနစ်နှင့် ချိတ်ဆက်ဆောင်ရွက် နိုင်ရေး ပြင်ဆင်ထားကြရန် National Database စနစ် တည်ဆောက်ရေးဦးဆောင်ကော်မတီ၏ ပထမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဆွေးနွေးခဲ့ပြီးဖြစ်ပါကြောင်း၊ ယင်းအစည်းအဝေး ၏ ဆုံးဖြတ်ချက်များကို ဝန်ကြီးဌာနအသီးသီးက သက်ဆိုင်ရာကဏ္ဍအလိုက် သတ်မှတ်ချက် များနှင့်အညီ အောင်မြင်အောင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန်ဖြစ်ပါကြောင်း၊ သို့မှသာ e-ID  စနစ်ကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည်ဖြစ်ပြီး National Database စနစ်ကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်မည်ဖြစ်သည့်အတွက် ဝန်ကြီးဌာနအလိုက် ဒီဂျစ်တယ်စနစ်အောင်မြင်စွာ ကူးပြောင်းဆောင်ရွက်နိုင်ရေး ဝိုင်းဝန်းပူးပေါင်းကြိုးပမ်း ဆောင်ရွက်ပေးကြစေလိုပါကြောင်းဖြင့်  အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။

4

ထို့နောက် ဦးဆောင်ကော်မတီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်က e-Government နှင့် National Database စနစ် အထောက်အကူပြုနိုင်ရေးအတွက် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်ရန်လိုအပ်မှုနှင့် ဝန်ကြီးဌာနမှ ပံ့ပိုးကူညီ ဆောင်ရွက်ပေးမည့်အစီအစဉ်များကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် ဦးဆောင်ကော်မတီအဖွဲ့ဝင် တပ်မတော် (ကြည်း၊ ရေ၊ လေ) သတင်းနှင့် နည်းပညာဌာန၊ ဌာနမှူး ဗိုလ်မှူးချုပ် မြတ်မင်းဦးက National Database စနစ် တည်ဆောက် ထားရှိမှု၊ ဝန်ကြီးဌာနများရှိ Database များနှင့် ချိတ်ဆက်ဆောင်ရွက်မည့်အစီအစဉ်၊ ဆက်လက် ဆောင်ရွက်မည့်လုပ်ငန်းအခြေအနေနှင့် ဝန်ကြီးဌာနများအလိုက် ဆောင်ရွက်ထားရှိရမည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးတင်ပြသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဒေါက်တာမျိုးသန့်နှင့် ညွှန်ကြားရေးမှူးချုပ် ဦးမင်းဟိန်း တို့က National Database စနစ် တည်ဆောက်ရေးလုပ်ငန်းကော်မတီ ဖွဲ့စည်းနိုင်ရေးအတွက် ကော်မတီ၏ တာဝန်ဝတ္တရားများ၊ အဆိုပြုဖွဲ့စည်းပုံနှင့် အကြံပြုလိုသည့်အချက်အလက်များနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြောကြားကြသည်။

          ယင်းနောက် ဦးဆောင်ကော်မတီအတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က National Database စနစ် တည်ဆောက်ရေးလုပ်ငန်းကော်မတီ ဖွဲ့စည်းနိုင်ရေးအတွက် အလေးထားဆောင်ရွက်ပေးနိုင်ရေး၊ ဝန်ကြီးဌာအလိုက် ကော်မတီများ ဖွဲ့စည်းထားရှိနိုင်ရေးနှင့် ယခုရှင်းလင်းဆွေးနွေးချက်များအပေါ် သိရှိလိုသည်များ၊ အကြံပြုချက်များရှိပါက အကြံပြုပေးပို့ နိုင်ရေးနှင့် National Database အဖြစ် တည်ဆောက်ပြီးစီးပါက ပြည်သူများ၏ လူမှုဘဝ လုံခြုံမှုနှင့် ထိရောက်သောဝန်ဆောင်မှုများ ပိုမိုဆောင်ရွက်ပေးနိုင်မည်ဖြစ်သည့်အတွက် အားလုံးက တတ်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရေး နိဂုံးချုပ်အမှာစကားပြောကြားကာ ဆွေးနွေးပွဲကို ရုတ်သိမ်းလိုက်ကြောင်းသတင်းရရှိသည်။ (-)

 

Sorry, the comment form is closed at this time.