အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊
ငလျင်ဒဏ်ခံရသည့်ဝန်ထမ်းများ အမိုးအကာအောက် အမြန်ဆုံးရောက်ရှိရေး အလေးထားဆောင်ရွက်ရန်မှာကြား၊
ဌာနမှဝန်ထမ်းများ ယာယီရွှေ့ပြောင်းနေရာချထားသည့် နေရာ အသီးသီးသို့လိုက်လံကြည့်ရှုအားပေးကာ ထောက်ပံ့ပစ္စည်းများပေးအပ်
နေပြည်တော်၊ ဧပြီ ၄။
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ဧပြီလ (၄) ရက်၊ ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနရုံး၌ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများအား တွေ့ဆုံကာ မြေငလျင်ဒဏ်ခံရသည့်ဝန်ထမ်းများ အမိုးအကာအောက် အမြန်ဆုံးရောက်ရှိစေရေး အတွက် ဝန်ကြီးရုံး၊ ဦးစီးဌာနအလိုက် အလေးထားဆောင်ရွက်ကြရေး၊ ဌာနအလိုက် ဖြန့်ခွဲနေရာ ချထားရာတွင် အင်အားစာရင်းအတိအကျရရှိရေးနှင့် ကယ်ဆယ်ရေးဆိုင်ရာ ထောက်ပံ့ပစ္စည်း များကို ဝန်ထမ်းများလက်ဝယ်ရောက်ရှိစေရေးအတွက် တာဝန်ရှိသူအဆင့်ဆင့်က ကွပ်ကဲ ကြပ်မတ်ဆောင်ရွက်ရေး၊ ပုံမှန်ရုံးလုပ်ငန်းများ ပြန်လည်ဆောင်ရွက်နိုင်ရေးအတွက် ဝန်ထမ်း အင်အားအချိုးအစားအလိုက် ရုံးပြန်လည်တက်ရောက်စေရေးအတွက် စီစဉ်ဆောင်ရွက်ပေးရေး၊ ဝန်ထမ်းများနေထိုင်ရာနေရာများတွင် သောက်သုံးရေနှင့်လျှပ်စစ်မီးရရှိရေးအတွက် သက်ဆိုင်ရာ ဌာနများနှင့် ညှိနှိုင်းစီစဉ်ဆောင်ရွက်ပေးရေး၊ e-ID Server များနှင့် ပြည်သူ့ အင်အားဆိုင်ရာ Serverများရှိ အချက်အလက်များ ပျက်စီးပျောက်ဆုံးမှုမရှိစေရေးအတွက် ပြန်လည်စစ်ဆေး ဆောင်ရွက်ရေး၊ရန်ကုန်လေဆိပ်တွင် ဆိုက်ရောက်/ထွက်ခွာလျက်ရှိသည့် ကယ်ဆယ်ရေး လေယာဉ်များနှင့်ပတ်သက်၍ လိုအပ်သည့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာလုပ်ငန်းများ အဆင်ပြေ စေရေးအတွက် စီစဉ်ဆောင်ရွက်ပေးရေး၊ လုပ်ငန်းဆောင်ရွက်မှုနှင့်လိုအပ်ချက်များကို တာဝန်ရှိသူအဆင့်ဆင့်က ဝန်ထမ်းများနှင့်အမြဲမပြတ် ထိတွေ့ဖြေရှင်းဆောင်ရွက်ပေးရေး မှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက ဝန်ထမ်းများ ပြန်လည်နေရာချထား ရေးအတွက် စီစဉ်ဆောင်ရွက်ပြီးစီးမှုနှင့် သောက်သုံးရေနှင့် လျှပ်စစ်မီးရရှိမှုအခြေအနေ၊ Server များရှိ အချက်အလက်များ ပြန်လည်စိစစ်ထားရှိမှုအခြေအနေ၊ ကယ်ဆယ်ရေးလေယာဉ်များ ဆိုက်ရောက် ထွက်ခွာမှုနှင့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေ၊ ပုံမှန်ရုံးလုပ်ငန်းများဆောင်ရွက်နိုင်ရေးအတွက် စီစဉ်ထားရှိမှုအခြေအနေများနှင့်စပ်လျဉ်း ၍ အသီးသီးရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဝန်ကြီးဌာနရုံးအတွင်း ဌာနအလိုက်ရုံးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည့်အခန်းဖွဲ့စည်းမှုများနှင့် နေရာချထားနိုင်ရေးအခြေအနေ၊ ငလျှင်ဒဏ်သင့်ဝန်ထမ်းများ ပြန်လည်နေရာချထားနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးမည့် နေရာများအခြေအနေ၊ သောက်သုံးရေနှင့်လျှပ်စစ်မီးစီစဉ်ဆောင်ရွက်ပေးမည့်အခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများ၏ လိုက်လံရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြားညှိနှိုင်းဆောင်ရွက်ပေးသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဝန်ကြီးဌာနရုံးဝန်းအတွင်း ယာယီရွှေ့ပြောင်း နေထိုင်သည့်ဝန်ထမ်းများအား ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာပစ္စည်းများ၊ တစ်ကိုယ်ရည်သုံး ပစ္စည်းများကို တာဝန်ခံများထံပေးအပ်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ ပုဗ္ပသီရိမြို့နယ်၊ မဟာဓမ္မပါရမီမိုးကုတ်ရိပ်သာသို့သွားရောက်၍ ကျောင်းထိုင်ဆရာတော်အားဖူးမြော်ကာ လှူဖွယ် ဝတ္ထုပစ္စည်းများဆက်ကပ်၍ ဝန်ထမ်းများယာယီနေထိုင်ခွင့်ပြုနိုင်ရေးနှင့် သာသနာရေးဆိုင်ရာ များလျှောက်ထားပြီးနောက် အဆိုပါရိပ်သာဗိမ္မာန်တော်ကြီး၌ ငလျင်ဒဏ်ခံစားရသည့် ဌာနမှ ဝန်ထမ်းများယာယီရွှေ့ပြောင်းနေရာချထားမှုများကိုကြည့်ရှုကာ ဝန်ထမ်းများအား ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများကို အသီးသီးထောက်ပံ့ပေးအပ်ပြီး ဝန်ထမ်းအချင်းချင်း စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နေထိုင်ကြရေးမှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဥတ္တရသီရိမြို့နယ် လက်လုပ်တောင်အနီးရှိ နှင်းသဇင်ဦးခြံတွင် ယာယီရွှေ့ပြောင်းရောက်ရှိနေသည့်ဝန်ထမ်းများအား သွားရောက်တွေ့ဆုံ၍ ထောက်ပံ့ငွေနှင့်ပစ္စည်းများပေးအပ်ပြီးနောက် ဝန်ထမ်းများနေရာချထားမှုနှင့် သောက်သုံးရေ ရရှိရေး ဆောင်ရွက်ထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုကာ လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဇမ္ဗူသီရိမြို့နယ်ရှိ ဗုဒ္ဓရတနာပရဟိတပညာဒါန ကျောင်းတိုက်သို့လည်းကောင်း၊ကိုင်းကလေးသိဒ္ဓိရတနာကျောင်းတိုက်သို့လည်းကောင်း လှည့်လည် သွားရောက်၍ ကျောင်းတိုက်ဆရာတော်များအား ဖူးမြော်ကြည်ညိုကာ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီးနောက် ကျောင်းတိုက်အသီးသီး၌ ယာယီရွှေ့ပြောင်းရောက်ရှိနေကြသည့် ဌာနမှဝန်ထမ်းများအား ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာပစ္စည်းများအားပေးအပ်၍ လိုအပ်သည်များမှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဒက္ခိဏသီရိမြို့နယ်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားသင်တန်းကျောင်းသို့သွားရောက်၍ ငလျင်ဒဏ်ခံရသည့် ဌာနမှဝန်ထမ်းများအား သွားရောက်တွေ့ဆုံကာ အချင်းချင်းအပြန်အလှန်ရိုင်းပင်းကူညီစောင့်ရှောက်ကြရေး မှာကြားပြီး ထောက်ပံ့ငွေနှင့်စားသောက်ဖွယ်ရာများ၊ တစ်ကိုယ်ရည်သုံးပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ ကြောင်းနှင့် ဝန်ကြီးဌာနမှ ငလျင်ဒဏ်ခံစားရသည့် ဝန်ထမ်းအိမ်ရာအသီးသီးမှ ဝန်ထမ်းများနှင့် မိသားစုများအား ယခုအခါ အမိုးအကာရှိပြီးဖြစ်သည့် နေရာဒေသအသီးသီးသို့ စနစ်တကျယာယီ ရွှေ့ပြောင်းနေရာချထားပြီးဖြစ်ကြောင်း သတင်းရရှိသည်။ (-)
Sorry, the comment form is closed at this time.