တိကျမှန်ကန်သည့် လူဦးရေနှင့် လူမှုစီးပွားရေးအခြေအနေများကို အုပ်ချုပ်မှုဒေသ အသေးငယ်ဆုံး အဆင့်ထိရရှိနိုင်ရန် သန်းခေါင်စာရင်းကို မဖြစ်မနေ ကောက်ယူရမည်

တိကျမှန်ကန်သည့် လူဦးရေနှင့် လူမှုစီးပွားရေးအခြေအနေများကို အုပ်ချုပ်မှုဒေသ အသေးငယ်ဆုံး အဆင့်ထိရရှိနိုင်ရန် သန်းခေါင်စာရင်းကို မဖြစ်မနေကောက်ယူရမည်

နေပြည်တော်၊ ဇန်နဝါရီ ၂၀ ။

          ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း၊ ဗဟိုသန်းခေါင်စာရင်း ကော်မရှင်၏ ပထမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ဗဟိုသန်းခေါင်စာရင်းကော်မရှင်နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းတက်ရောက်အမှာစကား ပြောကြားသည်။

          အစည်းအဝေးသို့ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ကော်မရှင်အဖွဲ့ဝင် ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိ သူများ တက်ရောက်ကြသည်။

          ဦးစွာ ဗဟိုသန်းခေါင်စာရင်းကော်မရှင်နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အမှာစကားပြောကြားရာတွင် နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို လေ့လာကြည့်မည်ဆိုပါက အဆိုပါ နိုင်ငံ၏ လူမှုစီးပွား ဆိုင်ရာ စာရင်းအင်းအချက်အလက်များကိုဆန်းစစ်ခြင်းဖြင့် သိရှိနိုင်သည့်အတွက် စာရင်းအင်း ဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များ တိတိကျကျမှန်မှန်ကန်ကန်ရရှိနိုင်ရေးသည် အလွန် အရေးကြီးသည်ကို တွေ့ရှိရကြောင်း၊ စာရင်းအင်းအချက်အလက်များသည် နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်နေမှုအခြေအနေကို ထင်ဟပ်ဖော်ပြနေခြင်းဖြစ်၍ နိုင်ငံ၏ ကြေးမုံပြင်ဟုလည်း တင်စားညွှန်းဆိုလေ့ရှိကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေးကိစ္စရပ်များကို ကဏ္ဍအလိုက်အချိုးညီညီဖွံ့ဖြိုးတိုးတက်ရန် မူဝါဒများချမှတ်ခြင်း၊ စီမံကိန်းများရေးဆွဲ အကောင် အထည်ဖော်ခြင်းစသည့် လုပ်ငန်းများကို‌ဆောင်ရွက်ရာတွင် အခြေခံအဖြစ် အသုံးပြုရသည့် လူဦးရေဆိုင်ရာ ကိန်းဂဏန်းအိချ်ကအလက်များကို သန်းခေါင်စာရင်းများမှသာ ရရှိနိုင်မည်ဖြစ် ပါကြောင်း၊ သန်းခေါင်စာရင်း၏ ထူးခြားသည့် ဝိသေသလက္ခဏာတစ်ခုအနေဖြင့် အုပ်ချုပ်မှု ဧရိယာ အသေးငယ်ဆုံးအဆင့်အထိ အချက်အလက်များကို ပံ့ပိုးပေးနိုင်ခြင်းပင်ဖြစ်ကြောင်း၊ ကောက်ယူ ရရှိသည့် အချက်အလက်များသည် အုပ်ချုပ်မှုနယ်ပယ် အဆင့်တိုင်းအတွက် ထိရောက်သည့် ဖွံ့ဖြိုးရေးစီမံကိန်းများရေးဆွဲခြင်း၊ အထောက်အထားများအပေါ် အခြေခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ခြင်းစသည်များကို ဆောင်ရွက်ရာတွင် မရှိမဖြစ်လိုအပ်ကြောင်း၊ သန်းခေါင်စာရင်းမှရရှိလာသည့် အချက်အလက်များကို နိုင်ငံတော်၏ သယံဇာတအရင်းအမြစ် များ ခွဲဝေသတ်မှတ်ခြင်း၊ ဘဏ္ဍာငွေခွဲဝေချထားခြင်း၊နယ်မြေဧရိယာနယ်နိမိတ်များ ပြန်လည် ဆန်းစစ်ခြင်း၊ စာသင်ကျောင်း၊ ဆေးရုံနှင့် ကျန်းမာရေးဌာနများ၊ လမ်း၊ တံတားများစသည့် အခြေခံအဆောက်အအုံများ တည်ဆောက်ပေးခြင်းနှင့် သုတေသနလုပ်ငန်းများ အပါအဝင် လူတစ်ဦးချင်းမှသည် မိသားစု အလိုက်၊ ရပ်ကွက်နှင့် ကျေးရွာအလိုက်၊ မြို့ပြမှ ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် နောက်ဆုံး နိုင်ငံတော်အဆင့်အထိ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အစည်း တစ်ခုဖြစ်သည့် UNFPA မှ ချမှတ်ပေးထားသည့် အချက်အလက်အသေးစိတ်များ ရရှိစုဆောင်း နိုင်မည်ဖြစ်သည့်အတွက် နိုင်ငံတော်အတွက် မရှိမဖြစ်များစွာအသုံးဝင်ကြောင်း၊ မြန်မာနိုင်ငံ၏ သန်းခေါင်စာရင်းကောက်ယူမှု သမိုင်းကြောင်းအခြေအနေကို ပြန်လည်လေ့လာသုံးသပ်ကြည့် မည်ဆိုလျှင် လွတ်လပ်ရေးမရမီကာလ ၁၈၇၂ ခုနှစ်၊ ၁၈၈၁ ခုနှစ်၊ ၁၈၉၁ ခုနှစ်၊ ၁၉၀၁ ခုနှစ်၊ ၁၉၁၁ ခုနှစ်၊ ၁၉၂၁ ခုနှစ် ၊ ၁၉၃၁ ခုနှစ်နှင့် ၁၉၄၁ ခုနှစ်တို့တွင် ရှစ်ကြိမ် ကောက်ယူခဲ့သည်ကို တွေ့ရကြောင်း၊ သန်းခေါင်စာရင်းအချက်အလက်များကို ယနေ့အထိ အသုံးပြုနေရဆဲဖြစ် ကြောင်း၊ ယနေ့မိမိတို့နိုင်ငံအပေါ် မလိုလားသည့် ပြည်ပနိုင်ငံတချို့၏ စွပ်စွဲထိုးနှက်နေသည့် ရိုဟင်ဂျာကိစ္စနှင့်ပတ်သက်၍ မြန်မာနိုင်ငံတွင် ရိုဟင်ဂျာလူမျိုးလုံးဝမရှိခဲ့ကြောင်း၊ လွတ်လပ်ရေး ရပြီးနောက် ၁၉၅၃ ခုနှစ် မတ်လတွင် မြို့နယ်ပေါင်း ၂၅၂ မြို့နယ်နှင့် ချင်းပြည်နယ်ကို လည်းကောင်း၊ ၁၉၅၄ ခုနှစ်တွင် မြန်မာပြည် ပြည်မကျေးရွာအုပ်စု ၂၁၄၃ ခုနှင့် ကချင်ပြည်နယ်ရှိ ကျေးရွာအုပ်စု ၁၀၁၆ ခုတွင်လည်းကောင်း လူဦးရေသန်းခေါင်စာရင်း ကောက်ယူခဲ့ကြောင်း မှတ်တမ်းများအရ သိရကြောင်း၊ တစ်နိုင်ငံလုံး အတိုင်းအတာနှင့် ကောက်ယူနိုင်ခဲ့သည့် ၁၉၇၃ ခုနှစ်တွင် တစ်ကြိမ်၊ ၁၉၈၃ ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၁၄ ခုနှစ်တွင် တစ်ကြိမ် စုစုပေါင်း သုံးကြိမ်ကောက်ယူနိုင်ခဲ့ကြောင်း၊ ၁၉၈၃ ခုနှစ် သန်းခေါင်စာရင်းကောက်ယူ ပြီးနောက်ပိုင်း အကြောင်းအမျိုးမျိုးကြောင့် နှစ်ပေါင်း ၃၀ ကြာ သန်းခေါင်စာရင်းကောက်ယူနိုင်ခြင်းမရှိခဲ့သည့် ၁၉၈၃ ခုနှစ် စာရင်းပေါ်တွင် အခြေခံပြီး လူဦးရေအပါအဝင် လူမှုစီးပွားဆိုင်ရာ အချက်အလက် များရရှိမှုနှင့် အသုံးပြုမှုများကြောင့်လည်း အားနည်းချက်များ အနည်းနှင့်အများ ဖြစ်ခဲ့သည်ကို အားလုံးအသိပင်ဖြစ်ကြောင်း၊ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၄ ခုနှစ် ရောက်မှသာ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို တစ်နိုင်ငံလုံးအတိုင်းအတာ နှင့် အောင်မြင်စွာကောက်ယူနိုင်ခဲ့ပြီး နိုင်ငံတော်အတွက် လိုအပ်နေသည့် စာရင်းအင်းဆိုင်ရာ အချက်အလက် တော်တော်များများရရှိခဲ့ကြောင်း၊ ထို့အပြင် နိုင်ငံအတွင်း လူဦးရေဆိုင်ရာ ပြောင်းလဲမှုများ လျင်မြန်စွာ ဖြစ်ပေါ်နေချိန်တွင် စာရင်းအင်းအချက်အလက်လိုအပ်နေမှုကို အချိန်နှင့်တစ်ပြေးညီ ဖြည့်ဆည်းနိုင်ရန် ကြားဖြတ်လူဦးရေသန်းခေါင်စာရင်းကို ၂၀၁၉ ခုနှစ်တွင် အောင်မြင်စွာ ကောက်ယူနိုင်ခဲ့ကြောင်း၊ လူဦးရေနှင့် လူမှုစီးပွားဆိုင်ရာ အချက်အလက်များစွာကို ပံ့ပိုးပေးနိုင်ခဲ့ပြီး စာရင်းအင်းအချက်အလက်အသုံးပြုမှု ပိုမိုအားကောင်းလာသည်ကိုတွေ့ရ ကြောင်း၊ နိုင်ငံ့တကာနှင့် မြန်မာနိုင်ငံတွင် ဆောင်ရွက်ခဲ့သည့် သန်းခေါင်စာရင်းကောက်ယူခြင်း အတွေ့အကြုံများအရ လူဦးရေသန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းသည် လုပ်ငန်းပမာဏ ကြီးမားကျယ်ပြန့်ပြီး ကုန်ကျစရိတ်များပြားခြင်းကြောင့် ကမ္ဘာ့နိုင်ငံအများစုတွင် ၁၀ နှစ်လျှင် တစ်ကြိမ်သာ လူဦးရေသန်းခေါင်စာရင်းများကို ကောက်ယူလေ့ရှိသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ လူဦးရေစာရင်းကောက်ယူနိုင်သည့်အတွက်လည်း တစ်ကမ္ဘာလုံးနှင့်ယှဉ်ပြီး နိုင်ငံအချို့၏ လူဦးရေစာရင်း အတိအကျမကောက်ယူနိုင်သော်လည်း ပျမ်းမျှလူဦးရေတိုးပွားနှုန်းနှင့် လျော့ကျမှု နှုန်းကို မူတည်၍ ကမ္ဘာ့လူဦးရေကို နှစ်အလိုက် လိုအပ်သလို ထုတ်ပြန်နိုင်ခြင်းဖြင့် နောက်ဆက်တွဲ နိုင်ငံရေး၊ စီးပွားရေး၊ ကာကွယ်ရေးနှင့် လူမှုရေးဆိုင်ရာအချက်အလက် ကိန်းဂဏန်းများကို ရရှိစေခဲ့ကြောင်း၊ ထို့ကြောင့် ၁၉၉၉ ခုနှစ်တွင် တစ်ကမ္ဘာလုံးလူဦးရေသည် ၆ ဘီလီယံခန့်ရှိရာမှ ၂၀၁၁ ခုနှစ်တွင် ခန့်မှန်း ၇ ဘီလီယံခန့်၊ ၂၀၂၂-၂၀၂၃ တွင် ၈ ဘီလီယံခန့် ရှိမည်ဟု ခန့်မှန်းချက်များ တွက်ချက်ထွက်ပေါ်လာခဲ့ပြီးဖြစ်ကြောင်း၊ထို့ကြောင့် သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းသည် မဖြစ်မနေဆောင်ရွက်ရန် လိုအပ်သည့်အတွက် မှတ်ပုံတင် စာရင်းအင်းအချက်အလက်များ အပြည့်အစုံရှိသည့် ဖွံ့ဖြိုးပြီးနိုင်ငံများတွင် သန်းခေါင်စာရင်းကို ပုံမှန်ကောက်ယူနေဆဲဖြစ်၍ မြန်မာနိုင်ငံတွင်လည်း ၂၀၁၄ သန်းခေါင်စာရင်းအပြီး (၁၀) နှစ် အကြာ ၂၀၂၄ ခုနှစ်တွင် နောက်တစ်ကြိမ် သန်းခေါင်စာရင်းကောက်ယူရမည်ဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ်တွင် ကောက်ယူရန် လျာထားဆောင်ရွက်လျက်ရှိသည့် ပြည်လုံးကျွတ်လူဦးရေနှင့် အိမ် အကြောင်းအရာသန်ခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို လုပ်ငန်းအဆင့်တိုင်းတွင် အချိန်နှင့် တစ်ပြေးညီ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ၂၀၁၃ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းဥပဒေအရ ဗဟိုသန်းခေါင်စာရင်းကော်မရှင်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၂၇-၆-၂၀၂၂ ရက်စွဲပါအမိန့်ကြော်ငြာစာအမှတ် ၁၁၅/၂၀၂၂ ဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ကြောင်း၊ အဆိုပါအမိန့်ကြော်ငြာစာအရ မိမိအနေဖြင့် ဗဟို သန်းခေါင်စာရင်းကော်မရှင်နာယကအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ယနေ့ကျင်းပသည့် အစည်းအဝေးသည် ဗဟိုသန်းခေါင်စာရင်းကော်မရှင်အဖွဲ့ဝင်များနှင့် ပထမဆုံးအကြိမ်တွေ့ဆုံသည့် အစည်းအဝေးဖြစ်ကြောင်း၊ အထူးအားဖြင့် စစ်မှန်၍ စည်းကမ်း ပြည့်ဝသည့် ပါတီစုံဒီမိုကရေစီဖြစ်ပေါ်လာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံ သည့် ပြည်ထောင်စုဖြစ်ပေါ်လာစေရေးအတွက် အခြေခံအကျဆုံးဖြစ်သည့် တိကျမှန်ကန်သည့် လူဦးရေနှင့် လူမှုစီးပွားရေးအခြေအနေများကို အုပ်ချုပ်မှုဒေသ အသေးငယ်ဆုံးအဆင့်ထိ ရရှိနိုင် ရန် သန်းခေါင်စာရင်းကို မဖြစ်မေနကောက်ယူရမည်ဖြစ်ကြောင်း၊ ထို့အပြင် ကိုဗစ်-၁၉ ကမ္ဘာ့ ကပ်ရောဂါ အန္တရာယ်ဆိုးကြီး၏ အကျိုးဆက်များကို ဆန်းစစ်လေ့လာသုံးသပ်ရန်နှင့် ပြန်လည် ကုစားရေးအစီအစဉ်များကို စနစ်တကျရေးဆွဲနိုင်ရန် တိကျမှန်ကန်သည့် စာရင်းအင်အချက် အလက်များလည်းလိုအပ်ကြောင်း၊ ထို့ကြောင့် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက လမ်းညွှန်ခွင့်ပြုခဲ့ပြီး၍ နိုင်ငံတော်၏ အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် အလေးထားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရသည့် ရည်ရွယ်ချက် မျာအးနေဖြင့် မြန်မာနိုင်ငံ၏ တိကျမှန်ကန်သည့် လူဦးရေနှင့် လူမှုစီးပွားရေးဆိုင်ရာ စာရင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ စဉ်ဆက်မပြတ်ရရှိရန်၊ ၂၀၁၄ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်ကြား မြန်မာနိုင်ငံ၏ လူဦးရေနှင့်လူမှုစီးပွားရေးဆိုင်ရာ ပြောင်းလဲမှုများကို နှိုင်းယှဉ်လေ့လာ သုတေသနပြုလုပ်ပြီး လိုအပ်သည့်မူဝါဒများ၊ မဟာဗျူဟာနှင့် နည်းဗျူဟာများကို ချမှန်နိုင်ရန်၊ ကဏ္ဍအလိုက် ချမှတ်ဆောင်ရွက်မည့် စီမံကိန်းများကို အထောက်အကူပြုနိုင်ရန်၊ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသည့် ဖွံဖြိုးတိုးတက်မှုစီမံကိန်းများနှင့် အမျိုးသားဘက်စုံ ဖွံဖြိုးတိုးတက်မှုစီမံကိန်းတို့ကို အကောင်အထည်ဖော်ရာတွင် လိုအပ်သည့်အညွှန်းကိန်းများကို နောက်ဆုံးအခြေအနေနှင့်အညီ ပံ့ပိုးပေးနိုင်ရန်နှင့် အမျိုးသားစာရင်းအင်းစနစ်၏ စာရင်းအင်း ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အမျိုးသားအဆင့်မဟာဗျူဟာကို အထောက်အပံ့ပြုနိုင်ရန်ဖြစ်ကြောင်း၊ သန်းခေါင်စာရင်းကရရှိလာသည့် အချက်အလက်များသည် နိုင်ငံတော်အစိုးရ၊ ဝန်ကြီးဌာနများ အားလုံး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၊ ပြည်သူပြည်သားအားလုံးနှင့် သက်ဆိုင် ကြောင်း၊ သန်းခေါင်စာရင်းကသာလျှင် နိုင်ငံအတွင်း နေထိုင်သူများ၏ လူတစ်ဦးချင်းစီမှ အဖွဲ့အစည်းအုပ်စုလိုက်၊ တစ်နိုင်ငံလုံးအတိုင်းအတာအရ နိုင်ငံရေး၊ စီးပွားရေး၊ ကာကွယ်ရေး၊ လူမှုရေးနှင့် စီမံခန့်ခွဲရေးများအပါအဝင် သဘာဝဘေးအန္တရာယ်ကျရောက်သူများ ကယ်ဆယ်ရေး စသည့် အခြားသော ဘက်စုံကဏ္ဍများအတွက်ပါ လိုအပ်သည့် အချက်အလက်များ ရရှိစေမည် ဖြစ်ကြောင်း၊ ထို့ကြောင့် သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနက အဓိကဆောင်ရွက်ရ မည်ဖြစ်ပြီး ဆက်စပ်ပတ်သက်သည့် ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် နိုင်ငံသူ နိုင်ငံသားအားလုံး အနေဖြင့်လည်း ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြစေလိုကြောင်း၊ သန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းစဉ်များကို အဆင့်ဆင့်အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် သက်ဆိုင်ရာဝန်ကြီးဌာန တစ်ခုတည်းက ဆောင်ရွက်ခြင်းမျိုးမဟုတ်ဘဲ ဆက်စပ်ဝန်ကြီးဌာနများနှင့် မြေပြင်တွင် ပူးပေါင်း ဆောင်ရွက်ရမည့်လုပ်ငန်းများ များပြားသည့်အတွက် ဗဟိုသန်းခေါင်စာရင်းကော်မရှင်အောက် တွင် လုပ်ငန်းများအချိန်နှင့်တစ်ပြေးညီ ပြီးစီးအောင် တိုက်ရိုက်ညွှန်ကြားကွပ်ကဲနိုင်မည့် ဗဟို သန်းခေါင်စာရင်းကော်မတီကို ဖွဲ့စည်းရန် လိုအပ်ကြောင်း၊ ထို့ပြင် တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်၊ ပြည်ထောင်စုနယ်မြေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း (သို့မဟုတ်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စုအဆင့်အထိ သန်းခေါင်စာရင်း ကော်မရှင်များကိုလည်း ဆက်လက်ဖွဲ့စည်းပေးရန်လိုအပ်ကြောင်း၊ ထို့ကြောင့် ယခုအစည်းအဝေး တွင် ဗဟိုသန်းခေါင်စာရင်းကော်မတီဖွဲ့စည်းနိုင်ရေးနှင့် လုပ်ငန်းတာဝန်များ သတ်မှတ်နိုင်ရေး၊ သန်ခေါင်စာရင်းကော်မတီအဆင့်ဆင့် ဖွဲ့စည်းနိုင်ရေး ဝိုင်းဝန်းဆွေးနွေးကြရန်ဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ်တွင် ကောက်ယူမည့် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရာတွင် နိုင်ငံတကာစံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်နိုင်ရေးကို အလေးထားဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ အလားတူ တစ်နိုင်ငံလုံးနှင့်သက်ဆိုင်သည့် အမျိုးသားရေးတာဝန်တစ်ရပ်ဖြစ်ခြင်း ကြောင့် သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် နည်းပညာအပါအဝင်ရှိနှင့်ပြီးဖြစ်သည့် ရင်းမြစ်များကို မျှဝေသုံးစွဲကြရန်နှင့် ဝိုင်းဝန်းကူညီပံ့ပိုးကြရန် အလေးအနက်မှာကြားလိုကြောင်း၊ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းသည် အချိန်နှင့်ငွေကြေးများစွာ ရင်းနှီးစိုက်ထုတ်ရ သည့်အပြင် သန်းခေါင်စာရင်းရလဒ်များသည် နိုင်ငံအဆင့်အရေးကြီးပြီး အသုံးဝင်သည့် အချက်အလက်များဖြစ်သည့်အတွက် သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းစဉ်ကို နိုင်ငံတော် ၏ အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူကာ အောင်မြင်အောင် ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ် အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးအစီအမံများကို ရှင်းလင်းတင်ပြသည်။

          ယင်းနောက် ဗဟိုသန်းခေါင်စာရင်းကော်မရှင် အတွင်းရေးမှူး(၁) လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဌေးလှိုင်က ဗဟိုသန်းခေါင်စာရင်းကော်မတီနှင့် ကော်မတီအဆင့်အဆင့်ဖွဲ့စည်းနိုင်ရေးနှင့် လုပ်ငန်းတာဝန်များသတ်မှတ်နိုင်ရေးတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

          ဆက်လက်၍ ဗဟိုသန်းခေါင်စာရင်းကော်မရှင် ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ကော်မရှင်အဖွဲ့ဝင် ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ က ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း အောင်မြင်စွာ ကောက်ယူရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြသည်။

          ထို့နောက် ပြည်သူ့အင်အားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ယဉ်ဉီးက အစည်းအဝေးဆုံးဖြတ်ချက်များအား ဖတ်ကြားတင်ပြပြီး အတည်ပြုချက်ရယူသည်။

          ယင်းနောက် ဗဟိုသန်းခေါင်စာရင်းကော်မရှင် နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က တင်ပြချက်များနှင့်ပတ်သက်၍ လိုအပ်သည်များဆွေးနွေးမှာကြားကာ နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

 

 

Sorry, the comment form is closed at this time.