ဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ သန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာ ဗဟိုအဆင့်နည်းပြသင်တန်း ဆင်းပွဲတက်ရောက်၊
မိမိတို့၏အတွေ့အကြုံများနှင့် သင်ခန်းစာပို့ချချက်များ ပေါင်းစပ်ကာ ဆင့်ပွား သင်တန်းများ အောင်မြင်စွာဖွင့်လှစ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန်မှာကြား
နေပြည်တော်၊ဩဂုတ် ၁၂ ။
၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာ ဗဟိုအဆင့် နည်းပြသင်တန်းဆင်းပွဲကို ဩဂုတ်လ ၁၂ ရက်၊ ယနေ့မွန်းလွဲ(၃)နာရီက နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ အခမ်းအနား သို့ ဗဟိုသန်းခေါင်စာရင်းကော်မရှင်အတွင်းရေးမှူး (၁) လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ် များ၊ ညွှန်ကြားရေးမှူးများ၊ သင်တန်းနည်းပြများနှင့်သင်တန်းသား အရာရှိများတက်ရောက်ကြ သည်။
အစီအစဉ်အရ ဗဟိုသန်းခေါင်စာရင်းကော်မရှင်အတွင်းရေးမှူး(၁) ဒုတိယဝန်ကြီး ဦးဌေးလှိုင် က အမှာစကားပြောကြားရာတွင် ယခုသင်တန်းကာလ (၁၀) ရက်တာအတွင်း သန်းခေါင်စာရင်း မေးခွန်းတွင်ပါဝင်သည့် လူဦးရေဆိုင်ရာအကြောင်းအရာ၊ ပြည်တွင်းရွှေ့ပြောင်းသွားလာမှု၊ပညာရေး၊ လုပ်သားအင်အား၊ မွေးဖွားမှု၊ မသန်စွမ်းမှု၊ ပြည်ပရွှေ့ပြောင်းသွားလာမှု၊ အိမ်အကြောင်းအရာ၊ သေဆုံးမှုနှင့် ကိုယ်ဝန်ဆောင်မိခင်သေဆုံးမှုများနှင့်ပတ်သက်သည့် ဘာသာရပ်အလိုက် သင်တန်းစာ အားလုံးကို ကျေကျေညက်ညက် သိရှိနားလည်ပြီဟု ယုံကြည်ပါကြောင်း၊ ထို့ပြင် အဖွဲ့အစည်းများ တွင် မေးမြန်းရမည့် အချက်အလက်များ၊ CAPI စနစ်ကိုအသုံးပြု ၍ စာရင်းကောက်ယူရရှိသည့် အချက်အလက်များကို နေပြည်တော်ရုံးချုပ် Server သို့ ပေးပို့ရမည့်စနစ်များကိုလည်း သိရှိ နားလည်ကြပြီဖြစ်ပါကြောင်း၊ သင်တန်းသားအရာရှိများအနေဖြင့် တိုင်းဒေသကြီး/ပြည်နယ်/ခရိုင် အဆင့် နည်းပြသင်တန်းများနှင့် မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက် သင်တန်းများဖွင့်လှစ် ပို့ချရာတွင် သင်တန်းမှပို့ချချက်များနှင့် အတွေ့အကြုံများကိုမျှဝေ၍ အဆင့်ဆင့်ကြီးကြပ် ကြပ်မတ်ဆောင်ရွက်ကြရန်လိုကြောင်း၊ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင် စာရင်းကောက်ယူရန်(၁)လကျော်သာလိုတော့သည့်အတွက် ဆင့်ပွားသင်တန်းများနှင့် စီမံချက်ပါ လုပ်ငန်းစဉ်များအား သတ်မှတ်ကာလအတွင်း ပြီးစီးအောင်မြင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ သင်တန်းနည်းပြများအနေဖြင့် လက်အောက်သင်တန်းသား များနှင့် အမြဲမပြတ်ထိတွေ့ဆက်သွယ်ဆောင်ရွက်ထားရှိရန် လိုအပ်သကဲ့သို့ နည်းပြအဆင့်ဆင့် နှင့် စာရင်းစစ်၊ စာရင်းကောက်များ၏ လိုအပ်ချက်၊ မေးမြန်းချက်များကို မှန်မှန်ကန်ကန်ဆွေးနွေး ဖြေရှင်းပေးကြရမည်ဖြစ်ပါကြောင်း၊ ထို့ပြင် ပြည်သူ့အင်အားဦးစီးဌာနမှ ဘာသာရပ်ဆိုင်ရာ အရာထမ်းများနှင့်လည်း အချိန်မရွေးဆက်သွယ်ကာ လိုအပ်ချက်များကို မေးမြန်းဖြေရှင်း ဆောင်ရွက်ကြရန်လိုကြောင်း၊ သန်းခေါင်စာရင်းကောက်ယူခြင်းမှ ရရှိလာသည့် အချက်အလက် များမှန်ကန်မှသာ နိုင်ငံ၏ကဏ္ဍအလိုက် ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများကို ထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည်ဖြစ်ပြီး မဲစာရင်းပြုစုရာတွင်လည်း အထောက်အကူပြု မည့် တိကျသည့် အချက်အလက်များဖြစ်မည်ဖြစ်ပါကြောင်း၊ ယခုသင်တန်းသားများသည် နည်းပြ တာဝန်များကို မိမိတို့၏ အတွေ့အကြုံများနှင့် သင်ခန်းစာပို့ချချက်များပေါင်းစပ်ကာ လုပ်ငန်းများ အောင်မြင်ရေးအတွက် တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်းဖြင့် ရှင်းလင်းမှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးက သင်တန်းသားအရာရှိများအား တိုင်းဒေသကြီး/ပြည်နယ် အဆင့် နည်းပြခန့်အပ်လွှာများကို အသီးသီးပေးအပ်ပြီး သင်တန်းဆင်းပွဲအခမ်းအနားကို ရုပ်သိမ်း လိုက်သည်။
အဆိုပါ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ဗဟိုအဆင့် နည်းပြသင်တန်းကို ဩဂုတ်လ (၁) ရက်မှစ၍ သင်တန်းကာလ (၁၀) ရက်ကြာ သင်တန်းသား အရာရှိ(၅၅)ဦးဖြင့် ဖွင့်လှစ်ပို့ချခဲ့ပြီး သင်တန်းနည်းပြအရာရှိများက သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ဆင့်ပွားသင်တန်းများကို စီမံချက်အတိုင်း ဆက်လက်ဖွင့်လှစ် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။ (-)
Sorry, the comment form is closed at this time.